သို့သော်လည်း ၎င်းတို့ အပေါ် တိုင်းပြည်၏ ယုံကြည်ကိုးစားမှုမှာ ပျက်သုဉ်းသွားခြင်း မရှိသေးကြောင်း ဘုရင်နှင့် အတိုင်ပင်ခံ ဝန်ကြီးများက သိရှိနားလည်ထားကြသည်။ ၎င်းတို့သည် အခြေအနေကို ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ မဟာဗန္ဓုလ ရခိုင်မှ ရောက်ရှိလာပါက အခြေအနေအားလုံး ပြန်လည်ကောင်းမွန်လာမည်ဟု သဘောတူညီခဲ့ကြသည်။
မဟာဗန္ဓုလ၏ ကျူးကျော်သူများကို အောင်နိုင်လိုစိတ်သည် စစ်သည်တော်များကို စိတ်ဓာတ်တက်ကြွစေမည်ဖြစ်ပြီး၊ မိမိတို့ဘက်မှ အဆိုးရွားဆုံး အထင်သေးခဲ့မိသည့် ရန်သူကို ထိရောက်စွာ ပြန်လည်ခုခံ တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။
ထိုအတောအတွင်း ပြည်သူလူထုအကြား ယုံကြည်မှု တိုးပွားစေရန်နှင့် စစ်ဗိုလ်ချုပ်များ၊ မြို့စားနယ်စားများက ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်စေရန်အတွက် ဘကြီးတော်မင်းတရားသည် မိမိ၏ ညီတော်နှစ်ပါးဖြစ်သော သာယာဝတီမင်းသားနှင့် တောင်ငူမင်းသားတို့ကို ရန်ကုန်စစ်မျက်နှာ၏ အထူးအာဏာကုန်လွှဲအပ်ခံ စစ်သေနာပတိများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
ယုဒသန် ၏ မှတ်တမ်းအရ— သာယာဝတီမင်းသားသည် စစ်မြေပြင်သို့ မထွက်ခွာမီ ခမည်းတော်ထံတွင် "အင်္ဂလိပ်တွေကို တိုင်းပြည်ထဲကနေ မောင်းထုတ်ပြီးရင် ရပ်မနေဘဲ ဘင်္ဂလား ထဲအထိ လိုက်လံတိုက်ခိုက်ခွင့်ပြုဖို့" လျှောက်တင်ခဲ့သည်ဟု လူအများက ယုံကြည်နေကြကြောင်း သိရသည်။ သို့သော်လည်း ချက်ချင်းအောင်ပွဲရမည်ဟူသော ကတိစကားများကို အနည်းငယ် ငြီးငွေ့နေပြီဖြစ်သော ဘုရင်မင်းမြတ်မှာမူ ပြုံးရုံသာ ပြုံးနေပြီး မည်သည့်စကားမျှ ပြန်လည်မိန့်ကြားခြင်း မရှိခဲ့ပေ။
သာယာဝတီ မင်းသားသည် ရန်ကုန်မြို့မှ မိုင် ၆၀ ခန့်အကွာ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ဓနုဖြူမြို့တွင် သူ၏ စစ်ဌာနချုပ်ကို တည်ဆောက်ခဲ့သည်။ ထိုနေရာသည် စစ်အင်အားဖြည့်တင်းရာ ရိက္ခာသိုလှောင်ရာနေရာဖြစ်ပြီး မြန်မာတို့ တတ်နိုင်သမျှ အခိုင်အခန့် ဝန်းရံတည်ဆောက်ထားသည် ခံတပ်များနှင့် သစ်တပ်များဖြစ်သည်။
ဗြိတိသျှတပ်များကို ဝိုင်းရံပိတ်ဆို့ပြီး အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု မင်းသားကြီးက ကြွေးကြော်ခဲ့ပြီး၊ ထိုရည်ရွယ်ချက်အတွက် ရန်သူတို့၏ နောက်ကျောဘက်ရှိ မြစ်ကြောင်းကို ပိတ်ဆို့ရန် အမိန့်ပေးခဲ့သည်။ ထိုအလုပ်မှာ အလွန်ခက်ခဲလှသော်လည်း "နေ့ညမပြတ် လုံ့လစိုက်ထုတ် ကြိုးပမ်းအားထုတ်မှုဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ရမည်" ဟု ညွှန်ကြားခဲ့သည်။ သို့သော်လည်း အင်အားကောင်းပြီး ဝီရိယရှိလှသော မြန်မာတို့ပင်လျှင် ဧရာဝတီမြစ်ကြီး၏ မြစ်ကြောင်းကို ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ပေ။
သို့ရာတွင် သာယာဝတီမင်းသားသည် စိတ်ပျက်အားလျော့သွားခြင်း မရှိဘဲ ပိုမိုတင်းကျပ်သော စစ်မှုထမ်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေးသူများနှင့် စစ်စည်းကမ်း ဖောက်ဖျက်သူများကို အပြင်းထန်ဆုံး အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့သလို၊ တိုက်ပွဲတွင် ထူးချွန်စွာ တိုက်ခိုက်သူများကိုလည်း ဆုလာဘ်များနှင့် ဘွဲ့ထူးဂုဏ်ထူးများ ရက်ရက်ရောရော ချီးမြှင့်မည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် သူနှင့်အတူ ဗေဒင်နက္ခတ်ကျွမ်းကျင်သူ အဖွဲ့ငယ် တဖွဲ့ ကိုလည်း ခေါ်ဆောင်လာခဲ့သည်။
ထို ပရောဟိတ်များ၏ နိမိတ်ဖတ်ကြားချက်များကို အထူးသဖြင့် ရာထူး အဆင့်အတန်းမြင့်သော မြန်မာတို့က အလွန်အမင်း ရိုသေကိုးစားကြကြောင်း မေဂျာ စနော့ဒ်ဂရပ်စ်က သတိပြုမိခဲ့သည်။ စစ်ဆင်ရေးအားလုံးတွင် ၎င်းတို့ကို တိုင်ပင်ဆွေးနွေးရပြီး အကြံ ပေး ချက်များကိုလည်း တိကျစွာ လိုက်နာကြသည်။
လူသားတို့၏ အရေးကိစ္စများအပေါ် လမင်းက သြဇာသက်ရောက်မှု ရှိသည် ဆိုသည်ကိုလည်း မည်သူကမျှ သံသယမရှိ ဖြစ်နေသည်။ တိုက်ခိုက်မည့် အချိန်အခါကောင်း သတ်မှတ်ခြင်းမှသည် သာမန်နေ့စဉ်ကိစ္စရပ်များအထိ ဗေဒင်ဆရာနှင့် မတိုင်ပင်ဘဲ မည်သည့်အရာမျှ အောင်မြင်မည်မဟုတ််ဟု ယူဆထားကြသည်။
ထို့ကြောင့် မင်းသားများသည် စစ်တပ်အား ကွပ်ကဲရာ တွင် ဗေဒင်ဆရာတို့၏ စုပေါင်း စပ်ပေါင်းအတတ်ပညာ အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။ ထိုမျှမက ကြောက်မက်ဖွယ်ရာ စစ်သည်များ ဖြင့် အင်အားဖြည့်တင်း နိုင်မည်ဆိုက အောင်ပွဲရမည်မှာ ဧကန်မလွဲဟု ယုံကြည်ခဲ့ကြသည်။
၎င်းတို့မှာ ရန်သူ့လက်ချက်ဖြင့် မသေနိုင် သေနတ်ပြီး သည်ဟု ယုံယုံကြည်ကြည် ရွေးချယ် ထားသော ရှင်ဘုရင်၏ "ဗြဟ္မာစိုရ်တပ်သားများ"ပင် ဖြစ်သည်။ ၎င်းတို့သည် ကတုံး တုံးထားခြင်း၊ လက်မောင်းနှင့် ခြေထောက်များတွင် ဆင်၊ ကျား၊ ခြင်္သေ နှင့် အခြားသော တိရစ္ဆာန်ရုပ်များကို လှပဆန်းကြယ်သော ဆေးမင်ကြောင်များ ရေးထိုးကြ၍ အလွယ်တကူ ခွဲခြားသိနိုင်သည်။
အင်္ဂလိပ်များကမူ ၎င်းတို့၏ လက်မောင်းအရေပြားအောက်တွင် ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန် ကျောက်မျက်ရတနာလေးများအား အဆောင်လက်ဖွဲ့ အဖြစ် မြှုပ်နှံထားသူများအဖြစ် သိထားကြသည်။
ဗြဟ္မာစိုရ် ရဲမက်များ ၏ အဓိကတာဝန်မှာ သာမန်စစ်သည်တော်များအား ရဲစွမ်းသတ္တိနှင့် ကြောက်ရွံ့မှုကင်းမဲ့စေရန် စိတ်ဓာတ်မြှင့်တင်ပေးရန်နှင့် ရန်သူကို အသေခံတိုက်ခိုက်ရန် ဖြစ်သည်။ ဗြိတိသျှစစ်ဗိုလ်ချုပ် စနော့ဂရပ်စ် က "ရန်သူ့ခံတပ်တွေနဲ့ ကာကွယ်ရေးစခန်းတိုင်းမှာ ဒီလိုသူရဲကောင်း တစ်ဦး ဒါမှမဟုတ် နှစ်ဦးကို အမြဲတွေ့ရတတ်တယ်။ သူတို့ရဲ့တာဝန်ကတော့ ခံတပ်ရဲ့ အန္တရာယ်အရှိဆုံးနေရာတွေမှာ ရန်သူကိုစိန်ခေါ်တဲ့ စစ်ရေးပြအကတွေကို ကပြဖို့ပဲ..." ဟု မှတ်တမ်းတင်ခဲ့သည်။
စစ်ဘက်ဆိုင်ရာ အတွင်းဝန်အတွက်မူ ၎င်းတို့၏ လုပ်ရပ်မှာ အဓိပ္ပာယ်မရှိဟု ထင်မြင်ခဲ့သည်။ "ဘိန်းရှိန်ကြောင့် စိတ်ကြွနေတဲ့ အဲဒီလူမိုက်တွေဟာ သူတို့ရဲ့ ယုံကြည်ချက်တွေဘယ်လောက် အသုံးမကျဘူးဆိုတာ သက်သေမပြနိုင်ခင်အထိ ဒီလိုရယ်စရာကောင်းတဲ့ ကကွက်တွေကို တောက်လျှောက် ကပြနေခဲ့ကြတာပဲ..." ဟု သူက ဆိုသည်။
ထိုစဉ်က အလွန်ထူးခြားသော စစ်ပွဲအဆင့်တစ်ခု စတင်ခဲ့သည်။ သုံးပတ် သို့မဟုတ် လေးပတ်ခန့်အတွင်း ဗြိတိသျှစစ်သည်အများစုမှာ ငှက်ဖျားရောဂါကြောင့် အားအင်ချည့်နဲ့နေပြီး ပြင်းထန်သော တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းမရှိသလောက် ဖြစ်နေသော်လည်း ငြိမ်းချမ်းစွာ နေခဲ့ကြရသည်။ အစောပိုင်းက ဖမ်းမိထားသော သုံ့ပန်းများထံမှ သိရသည့်အကြောင်းရင်းမှာ ဗေဒင်ဆရာများက လက်နက်ပြီးသူများ ဆိုသော ဗြဟ္မာစိုရ်အဖွဲ့ကို အခါတော် ပေးထားသောည မရောက်မချင်း တိုက်ခိုက်ခြင်းမပြုရန် တားဆီးထားသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ဗေဒင်ဆရာများက ဩဂုတ်လ ၃၀ နှင့် ၃၁ ရက်ညကို သတ်မှတ်ပေးလိုက်ကြသည်။ ထိုညတွင် ဗြဟ္မာစိုရ်တပ်သားများ အဖွဲ့သည် ရိုင်းစိုင်းသော နိုင်ငံခြားသားများကို ရွှေတိဂုံစေတီတော်ပေါ်မှ မောင်းထုတ်ပေးမည်ဟု ကတိပြုခဲ့ကြပြီး၊ နောက်တစ်နေ့တွင် မင်းသားနှင့် သံဃာတော်များက စေတီတော် ပရဝဏ် တွင် နှစ်ပတ်လည် ပွဲတော်ကို ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
ဗြိတိသျှတို့သည် တိုက်ခိုက်လာမည်ကို ကြိုတင် တွက်ဆပြီး ဖြစ်သည့်အတွက် စေတီတော်၏ ကျယ်ဝန်းသော စောင်းတန်းလှေကားထစ်များနှင့် ပတ်ပတ်လည်ရှိ တောအုပ်အကြားတွင် ကင်းစခန်းငယ်တခုကို ချထားခဲ့ကြသည်။ သန်းခေါင်ယံ မတိုင်မီ လေးတွင် လမင်းသည် ကွယ်ပျောက်သွားခဲ့ပြီး တောတွင်းမှ တိရစ္ဆာန်များ၏ အော်ဟစ်သံများမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ည ၁၂ နာရီ တိတိတွင်မူ အမှောင်ထုထဲ၌ မှိတ်တုတ်မှိတ်တုတ် တောက်လောင်နေသည့် မီးအိမ်များကို ကိုင်ဆောင်ထားသော “ဗြဟ္မာစိုရ်တပ်သားများ” အုပ်စုသည် အော်ဟစ်ကြွေးကြော်သံကြီးနှင့်အတူ ဗြိတိသျှကင်းစခန်းကို အတင်းဝင်ရောက်စီးနင်းကြတော့သည်။ ဗြိတိသျှကင်းစခန်းမှ စုပြုံတိုးဝင်လာသော ထိုလူအုပ်ကြီးအတွင်းသို့ သေနတ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ပြီးနောက် စေတီတော်လှေကားထစ်များ၏ အထက်တွင် အသင့်စောင့်နေသော အင်အားတောင့်တင်းသည့် စစ်ကြောင်းဆီသို့ စနစ်တကျ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
စနော့ဂရပ်စ် က ဤသို့ မှတ်တမ်းတင်ထားသည် - “နောက်ဆုံးတွင်တော့ တိတ်ဆိတ်ငြိမ်သက်နေသော ဗြိတိသျှတို့၏ ခံတပ်တံတိုင်းများမှ ပြင်းထန်သော မီးတောက်မီးလျှံများနှင့်အတူ အမြောက်သံကြီးများ ဟိန်းထွက်လာခဲ့သည်။ ထိုအသံများသည် တိုးဝင်လာနေသော လူအုပ်ကြီး၏ ဆူညံသံများကို လွှမ်းမိုးသွားစေခဲ့သည်။ စုပြုံတိုးဝှေ့နေသော ရန်သူ့တပ်များကြားသို့ အမြောက်ဆံများနှင့် သေနတ်ကျည်ဆန်များ မိုးစက်မိုးပေါက်ပမာ ကျရောက်ခဲ့ရာ ကြောက်မက်ဖွယ်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တော့သည်။ မိမိကိုယ်ကိုယ် သေနတ်ပြီး သည်ဟု ယုံကြည်ထားသော ‘မှော်အစွမ်း’ များမှာလည်း မည်သို့မျှ အသုံးမဝင်တော့ဘဲ ကံဆိုးမိုးမှောင်ကျလှသော ထိုဗြဟ္မာစိုရ်တပ်သားများမှာ အသေခံမည်လော သို့မဟုတ် ဂုဏ်သိက္ခာမဲ့စွာ ထွက်ပြေးမည်လော ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန် ပေတော့သည်။”
၎င်းတို့သည်လည်း ရွေးချယ်စရာ နှစ်ခုအကြားတွင် အချိန်အကြာကြီး တွေဝေမနေခဲ့ကြပေ။ စိတ်ဓာတ် အနည်းငယ် ပြင်းထန်သူများကမူ ထွက်ပြေးရန် ဝန်လေးနေနိုင်သော်လည်း၊ သူတို့အားလုံးမှာ ဂုဏ်ရည်တူ အသိုက်အဝန်းထဲကဖြစ်ကြ၍ ၎င်းတို့ အရှက်ရမှုကို မြင်တွေ့မည့် အခြားသူများလည်း ပါမလာသောကြောင့် လူအုပ်ကြီးမှာ ဘေးကင်းရာ တောအုပ်အတွင်းသို့ အမြန်ဆုံး ထွက်ပြေးတိမ်းရှောင်သွားကြတော့သည်။ ထိုတောအုပ်ထဲတွင်တော့ ၎င်းတို့ ထိုညက စွန့်စားခန်းအကြောင်းကို အကြောင်းပြချက် ကောင်းကောင်းဖြင့် လုပ်ကြံ ဖန်တီး ပြောဆိုကြပေလိမ့်မည်။
စက်တင်ဘာလအတွင်း၌ တိုက်ပွဲငယ်အချို့ ဆက်လက်ဖြစ်ပွားခဲ့သည်။ သံတပင် တိုက်ပွဲကဲ့သို့သော အချို့တိုက်ပွဲများတွင် ဗြိတိသျှတို့ အသာစီးရခဲ့သော်လည်း ကျိုက်ကလို တိုက်ပွဲကဲ့သို့သော အချို့တိုက်ပွဲများတွင်မူ အကျအဆုံးများစွာဖြင့် လုံးဝအရေးနိမ့်ခဲ့ရသည်။
ထိုအတောအတွင်း သာယာဝတီမင်းသားကြီး၏ တပ်မတော်မှ ရှေ့ပြေးတပ်မသည် လှိုင်မြစ်ပေါ်ရှိ သံတပင်ရွာတွင် တပ်စွဲထားခဲ့သည်။ အောက်တိုဘာလ ၅ ရက်နေ့တွင် ဗြိတိသျှစစ်သေနာပတိ ကမ်းဘဲလ်သည် မေဂျာ အီဗန်အား အင်အား ၄၀၀ ခန့် (ဗြိတိသျှ ခြေလျင်တပ်ရင်း ၃၈ မှ ၃၀၀ နှင့် မဒရပ်ခြေလျင်တပ်ရင်း ၁၈ မှ ၁၀၀)၊ ဘင်္ဂလားအမြောက်တပ်စိတ်တစ်စုနှင့်အတူ သံတပင်ကို တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။
၎င်းစစ်ကြောင်းတွင် အနာရောဂါများပြားလှသဖြင့် လာ့န် သင်္ဘောအစား လဲလှယ်တာဝန်ယူထားသော အိပ်ခ်ျအမ်အက်စ် အာရက်ခ်နေး သင်္ဘောမှ ကပ္ပတိန်ချက်ဒ် ဦးစီးသည့် အမြောက်တင်လှေတပ်ခွဲလည်း ပါဝင်သည်။ ထိုစစ်ကြောင်းသည် လမ်းခရီးတွင် မြန်မာ့တိုက်လှေများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် သံတပင်ရွာတစ်ဖက်ကမ်းသို့ ရောက်ရှိလာခဲ့သည်။
သံတပင်ရွာကို အမြောက်များတပ်ဆင်ထားသော မြန်မာ့တိုက်လှေအုပ်စုဖြင့် ခုခံထားပြီး ရွာကိုလည်း သစ်လုံးကြီးများဖြင့် အခိုင်အမာပြုလုပ်ထားသော ရင်တားခံတပ် သုံးခုဖြင့် ခံစစ်ပြင်ဆင်ထားခဲ့သည်။
ရန်သူ့တိုက်လှေများ၏ တိုက်ခိုက်မှုကို ခုခံတွန်းလှန်ပြီးနောက် ဗြိတိသျှရေတပ် အုပ်စုသည် မြန်မာတို့၏ ခံတပ်များကို အမြောက်များဖြင့် ပစ်ခတ်ချေမှုန်းခဲ့သည်။ ထို့နောက် မေဂျာ အီဗန် သည် ၎င်း၏တပ်များကို ကုန်းပေါ်သို့ တက်စေပြီး ပထမဆုံးခံတပ်ကို အပြင်းအထန် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် ပင်မခံတပ်ကြီးကို ဆက်လက်တိုက်ခိုက်ရာ မြန်မာတို့ဘက်မှ ခုခံမှု အနည်းငယ်သာ ရှိတော့သဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ ခံတပ်ကြီးကို ကျွန်းသစ်တုံးကြီးများဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားပြီး အမြင့် ၁၅ ပေ၊ အလျား ကိုက် ၂၀၀ နှင့် အနံ ကိုက် ၅၀ ရှိသည်။ ခံတပ်အတွင်း၌ တပ်သားများ နားခိုရန် စင်မြင့်များ၊ သေနတ်ပစ်ပေါက်များ၊ အမြောက်ကြီး ၇ လက်နှင့် စစ်သည်အင်အား ၂,၀၀၀ ခန့် ဆံ့သော နေရာလွတ်များ ပါရှိသည်။ ခံတပ်၏ အလယ်ဗဟိုတွင် ကွပ်ကဲမှု တာဝန်ယူထားသည့် ဝန်ကြီးများ နေထိုင်ရန် ခမ်းနားထည်ဝါသော စံအိမ်တော် တစ်ခုရှိပြီး ရေတပ်စုမှ ပစ်ခတ်လိုက်သော အမြောက်ဆန်များကြောင့် ထိုအိမ်တော်၏ နံရံများမှာ ပေါက်ပြဲပျက်စီးသွား ခဲ့သည်။ ဗြိတိသျှတပ်များသည် စစ်သည်တစ်ဦးတစ်ယောက်မျှ အကျအဆုံးမရှိဘဲ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသလို သာယာဝတီမင်းသားကြီးအနေဖြင့်လည်း ဗြိတိသျှတို့၏ စစ်ရေးစွမ်းရည်ကို ကောင်းကောင်းသဘောပေါက်သွားစေခဲ့သည်။
ထိုအချိန်တွင် ဗိုလ်ချုပ်ကမ်းဘဲလ် ထံ၌ စစ်မြေပြင် ထွက်နိုင်သည့် ကျန်းမာသန်စွမ်းသော စစ်သည်အင်အား ၃,၀၀၀ ခန့်သာ ရှိတော့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ငှက်ဖျားရောဂါမှာ ကပ်ရောဂါသဖွယ် ပျံ့နှံ့နေပြီး ဝမ်းကိုက်ရောဂါများလည်း ဖြစ်ပွားနေခဲ့သည်။ လူမမာများမှာ နာလန်ထူလာသော်လည်း ကျန်းမာရေးမှာ သိသိသာသာ ပြန်လည်ကောင်းမွန်မလာသဖြင့် ဆရာဝန်များက လူမမာနားနေစခန်းများကို အခြားတစ်နေရာတွင် ဖွင့်လှစ်ရန် အကြံပြုခဲ့ကြသည်။
၎င်းတို့သည် တောင်ဘက်စွန်းရှိ မြိတ်နှင့် ထားဝယ်မြို့များကို သွားရောက်စစ်ဆေးခဲ့ရာ ရာသီဥတု ကောင်းမွန်ကြောင်း တွေ့ရှိရသဖြင့် ထိုမြို့နှစ်မြို့ကို နားနေစခန်းများအဖြစ် ရွေးချယ်ခဲ့ကြသည်။ ထိုမြို့နှစ်မြို့စလုံးသည် ရန်ကုန်ထက် ပိုမိုမြင့်မားပြီး ခြောက်သွေ့သောကြောင့် သွားရောက်အနားယူသည့် စစ်သည်များမှာ လျင်မြန်စွာ ကျန်းမာသန်စွမ်းလာခဲ့ကြသည်။