စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် အရပ်သားအသွင် ပြောင်းကာ ၎င်း ဦးဆောင်မည့် အဖွဲ့အား ဝန်ကြီးဌာန ၃၁ ခု ဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းတို့ကို ဦးဆောင်ရန် လူ ၃၀ ကို စစ်အုပ်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့သည်။
၎င်းတို့အနက် ၂၀ ဦးခန့်မှာ စစ်တပ်မှ ဖြစ်ပြီး အမည်စာရင်း တင်သွင်းခံရသူများထဲမှ ၁၆ ဦးမှာ လက်ရှိ စစ်အုပ်စု ၏ ဝန်ကြီးများ ဖြစ် နေသည်။ အများစုမှာ အနောက်အုပ်စု၏ အမည်ပျက် စာရင်း တင်သွင်း ခံနေရသူ များ ဖြစ်သည်၊ အာဏာရ ကြံ့ဖွတ် ပါတီ ဒု ခေါင်းဆောင် မျိုးဇော်သိန်းသည် သမဝါယမ ဝန်ကြီး ရာထူး နှင့် ကျေနပ်လိုက်ရပြီ ဖြစ်သည်။
၎င်း တင်သွင်းသူ များသည် ခွေးပဲ ဖြစ်ဖြစ် ပွေးပဲ ဖြစ်ဖြစ် အတည်ပြုခံရဖို့က ကြိမ်းသေ နေပြီ ဖြစ်သည်၊ ထို့အတွက် ၎င်း၏ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်သူ များ အား အဘယ်ကြောင့် အရေးတယူ လုပ် အချိန်ကုန်ခံ ရှင်းပြနေလို့ လိုပေဦးမည်နည်း။ ထိုထက်မက အရေးကြိး သည် က သားဖြစ်သူ ၏ ရှော့ပင်း စင်တာ ဖွင့်ပွဲ တက်နိုင်ဖို့ပင် ဖြစ်သည်။
ထိုသို့ အနှစ်သာရ မဲ့ သူ တဦးက ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မည်မျှကြာအောင် အုပ်ချုပ်နိုင်မည်နည်း ဟု အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးက ဧရာဝတီ အင်္ဂလိပ် ပိုင်း တွင် ယခုလို ရေးသားလာခဲ့သည်။
ပြီးခဲ့သည့် စနေနေ့က အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ငြိမ်းချမ်းစွာ ကျင်းပခဲ့ကြသည့် “No Kings” ဆန္ဒပြပွဲများကို ကျွန်ုပ် ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ထောက်ခံမှုရရှိရန် ကြိုးပမ်းနေသည့် သံတမန်တစ်ဦး အနေဖြင့် အခြားနိုင်ငံတနိုင်ငံ ၏ ပြည်တွင်းရေးကို တိုက်ရိုက်မှတ်ချက်မပေးလိုသော်လည်း တစ်ခုတော့ ပြောနိုင်ပါသည်။
ယနေ့ကဲ့သို့ အပြန်အလှန် ဆက်နွှယ်နေသော ကမ္ဘာကြီးတွင် တဦးတယောက်ချင်းစီ၏ လုပ်ရပ်သည် နိုင်ငံတနိုင်ငံကိုသာမက တကမ္ဘာလုံးကို သက်ရောက်မှု ပေးနိုင်ပြီး လူသန်းပေါင်းများစွာ (သို့မဟုတ်) ဘီလီယံနှင့်ချီသော ဘဝများကို ကောင်းကျိုး၊ ဆိုးကျိုး တစ်ခုခု ဖြစ်ပေါ်စေရန် ဖန်တီး နိုင်ကြောင်း သတိပြုမိသည်။
ကျွန်ုပ်၏နိုင်ငံတွင် အာဏာမက်မောမှုနှင့် သမ္မတဖြစ်လိုသည့် ပုဂ္ဂိုလ် ရေး ရည်မှန်းချက်နှင့် မိသားစု ကြီးပွား ရေး နောက်သို့ သာ တစိုက်မတ်မတ် လိုက်နေသော အာဏာရှင်တဦးကြောင့် တစ်နိုင်ငံလုံး အဖတ်ဆယ် မရအောင် ပျက်စီးယိုယွင်းနေရသည်။
လွန်ခဲ့သော ငါးနှစ်ခန့်က COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှုများ ရှိနေသည့်ကြားမှ မြန်မာနိုင်ငံသည် လူမှုစီးပွားဘဝ တိုးတက်မှုများဆီသို့ ဦးတည်နေပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ အခြေခံအုတ်မြစ်များကို ချမှတ်နေပြီ ဖြစ်ပါသည်။ သို့သော် ထိုသို့ တိုးတက်မှုအားလုံးသည် လူတဦးတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော အတ္တဆန်သည့် အိပ်မက်တစ်ခုကြောင့် ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။
ထို အခြေအနေများ ကြားတွင် ကျွန်ုပ်တို့နိုင်ငံသည် လူလုပ် ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ တစ်ခုပြီးတစ်ခု ကျရောက်ကာ ဆုတ်ယုတ်ပျက်စီးခဲ့ရသည်။ ယခင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရလက်ထက်နှင့် မတူဘဲ ထိရောက်သော ဦးဆောင်မှုမရှိသည့်ကြားမှ COVID-19 ကပ်ရောဂါလှိုင်းများကို အလူးအလဲ ခံစားခဲ့ကြရပါသည်။
ထို့ပြင် မုန်တိုင်းများနှင့် ရေကြီးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ်တွင် လူပေါင်းသိန်းချီ သေဆုံးခြင်း (သို့မဟုတ်) အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းအား 7.7 အဆင့်ရှိ ပြင်းထန်သော ငလျင်ဒဏ်ကိုလည်း ပြည်သူများ ခံစားခဲ့ရသည်။ ယင်းသို့ ဖြစ်ပွားချိန်တွင် စစ်အုပ်စုသည် နိုင်ငံတကာနှင့် ပြည်တွင်းမှ အကူအညီများကို ငြင်းပယ်ခဲ့သည့်အပြင် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
အဆိုးရွားဆုံးမှာ ထိုသဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်တပ်သည် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုအကြိမ်ရေ ၅၅၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။
အာဏာရှင်စနစ်၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု ပျက်ကွက်ခြင်းထက် များစွာပို၍ ကျယ်ပြန့်သည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု၏ စီမံခန့်ခွဲမှု အမှားများနှင့် အုပ်ချုပ်ရေးယန္တရား ယိုယွင်းပျက်စီးမှုများကြောင့် စီးပွားရေးပြိုလဲမှု၊ လူမှုအဖွဲ့အစည်းများ ပြိုကွဲမှု၊ လက်နက်ကိုင်ပဋိပက္ခများ မြင့်တက်လာမှုနှင့် တိုင်းရင်းသားစုများအကြား ပိုမိုနက်ရှိုင်းစွာ သဘောထားကွဲလွဲလာမှုများ ဖြစ်ပေါ်လာခဲ့သည်။
နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကလည်း မြန်မာနိုင်ငံ၏ အခြေအနေသည် ဘော်လ်ကန်ဒေသ ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ကျဆုံးနိုင်ငံ Failed State တနိုင်ငံကဲ့သို့ ဖြစ်လာနေကြောင်း ကျယ်ကျယ် လောင် လောင်သတိပေး ပြောဆိုလာကြသည်။
ယခု အခါ နောက်ထပ် အကျပ်အတည်း တခုကအရိပ်မိုးလာပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် အာရှတစ်ဝန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာနေပြီး ကျွန်ုပ် တို့ နိုင်ငံသည်လည်း ထိုအကျပ်အတည်း မှ လွတ်ငြိမ်း ချမ်းသာခွင့် ရမည် မဟုတ်၍ နောက်ထပ် လူလုပ်ဘေးအန္တရာယ်အသစ်တခုမှာ ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ဒီမိုကရေစီကင်းမဲ့မှုနှင့် အုပ်ချုပ်ရေးညံ့ဖျင်းမှုတို့ကြောင့် ကျွန်ုပ်တို့ ပြည်သူလူထုအပေါ် အကြီးမားဆုံးသော ထိခိုက်နစ်နာမှုများ တစ်ကျော့ပြန် ကြုံတွေ့ရဦး မည်လည်း ဖြစ်သည်။
ကျွန်ုပ်သည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း၌ သောမတ်စ် ဂျက်ဖာဆင် ရေးသားခဲ့သည့် အဆိုအမိန့်တစ်ခုကို သတိရမိလာခဲ့သည်။ ၎င်းမှာ “အစိုးရဟူသည် ပြည်သူတို့၏ အကြားတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ထိုအစိုးရ၏ တရားမျှတသော အာဏာသည် အုပ်ချုပ်ခံ ပြည်သူလူထု၏ သဘောတူညီချက်မှသာ ဆင်းသက်လာခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော ပြည်သူ့သဘောတူညီချက် မရှိဘဲ မည်သည့်အုပ်ချုပ်သူမျှ အာဏာကို အကန့်အသတ်မရှိ ဆက်လက်ဆုပ်ကိုင်ထားနိုင်မည် မဟုတ်ပါ။
ယင်းသည် စိတ်ကူးယဉ်ဆန်ခြင်း သို့မဟုတ် လက်တွေ့နှင့် ဝေးကွာနေခြင်းမျိုး မဟုတ်ဘဲ ယနေ့ ကျွန်ုပ် တို့ နိုင်ငံတွင် ဖြစ်ပျက်နေသော အရှိတရားကို တိုက်ရိုက်ရည်ညွှန်းနေခြင်း ဖြစ်သည်။ မည်သည့်အာဏာရှင်မျှ ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ထာဝရအုပ်ချုပ်၍ မရနိုင်ပါ။ ထို့အတူ ပြည်သူလူထု ဖက်ကလည်း အင်အားသုံး၍ အုပ်ချုပ်ရန် ကြိုးပမ်းသူများကို အသိအမှတ်မပြုဘဲ ငြင်းပယ်ပိုင်ခွင့် အပြည့်အဝ ရှိပါသည်။
အုပ်ချုပ်ခံ ပြည်သူများအနေဖြင့် လွတ်လပ်မှုအတွက် ကြိုးပမ်းရာတွင် ညီညွတ်စွာ၊ ကြံ့ကြံ့ခံကာ ပြတ်သားသော စိတ်ဓာတ်ဖြင့် ဆက်လက်ရှိနေသရွေ့ ပိုမိုတောက်ပပြီး တရားမျှတသော အနာဂတ်တခု ပြန်လည်ရောက်ရှိလာမည်ဟု ကျွန်ုပ် အခိုင်အမာ ယုံကြည်ပါသည်ဟု ရေးသားထားသည်။
"နှိပ်စက်ခံရမှာ ကြောက်လို့ဖြစ်ဖြစ်၊
အသတ်ခံရမှာ ကြောက်လို့ဖြစ်ဖြစ်၊
တိုးတက်မှုနဲ့ အမှန်တရားဘက်က
ရပ်တည်မယ့် လူတွေသာ၊
သမိုင်းတစ်လျှောက်မှာ
ပေါ်ပေါက်မလာခဲ့ဘူးဆိုရင်...။
လူ့လောကဟာ ..
တိရစ္ဆာန်လောက သာသာလောက်ပဲ
ရှိနေဦးတော့မှာပေါ့ မြိုင်ရယ်..."
#ဗန်းမော်တင်အောင် #
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!