ရေနံဈေး ဒေါ်လာ ၁၀၀ ကျော်လာချိန်တွင်တော့ ရုရှား တို့ ကမ္ဘာ ဘူမိ နိုင်ငံရေး နှင့် စီးပွားရေး တွင် စွာ ကျယ် စွာ ကျယ် ဖြစ်လာနေပြီ ဖြစ်သည်။ ထိုအချက်ကို အာရှတွင် သိသာ ထင်ရှားစွာ တွေ့မြင်လာရသည်။ အီရန် စစ်ပွဲ ကြောင့် အာရှ နိုင်ငံ အများအပြားသည် ၎င်းတို့ အတွက် မရှိမဖြစ် လိုအပ်နေသော ရေနံ နှင့် ဓါတ်မြေဩဇာများကို အလုအယက် ရှာဖွေလာနေကြသည်။ ထိုသို့ မျက်ကလဲဆန်ပြာ ဖြစ်လာနေသည်ကို ရုရှား တို့ အသုံးမချ ပဲ မည်သို့မျှ လျစ်လျူ ရှု နေမည် မဟုတ်။
ဖိလစ်ပိုင်သည် ရုရှားတို့ ယူကရိန်း ကို ကျုးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ပထမ ဆုံး အကြိမ် အဖြစ် ရုရှားထံမှ ရေနံစိမ်း စည် ၂.၄၈ သန်း ဝယ်ယူခဲ့ကြောင်း မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရေနံဈေးနှုန်းထက် ၎င်းတို့ အတွက် ပို၍ စိုးရိမ်တကြီး ဖြစ်လာရသည်က ရေနံဆက်လက်ရရှိနိုင်မှု ရှိ၊ မရှိ မရေရာတော့ခြင်းပင် ဖြစ်သည်။ အမေရိကန်၏ အကြီးမားဆုံး ပြိုင်ဘက်များဖြစ်ကြသော တရုတ်နှင့် ရုရှားတို့ကမူ ဤအကျပ်အတည်းကို အခွင့်ကောင်းယူရန် လက်လွှတ်မခံဘဲ စောင့်ကြည့်နေကြသည်။
အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အာရှတစ်လွှားရှိ နိုင်ငံပေါင်း တဒါဇင်နီးပါးခန့်သည် ရုရှားရေနံစိမ်းကို ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြပြီ ဖြစ်သည်၊ ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော အမေရိကန်၏ အရင်းအခြာ မဟာမိတ်များပင်လျှင် ၎င်းတို့နည်းတူ လိုက်ပါလုပ်ဆောင်ရန် စဉ်းစားနေကြသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် ထိုနိုင်ငံများ နှင့် သီးခြား သဘောတူညီချက်များ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ဤကဲ့သို့ အားကောင်းလာသည့် စွမ်းအင်ဆိုင်ရာ သံတမန်လှိုင်းလုံးများကြားတွင် အာရှဒေသအတွင်း နိုင်ငံရေးအခင်းအကျင်းသည် မရည်ရွယ်ဘဲ ပုံစံအသစ် သို့ ကူးပြောင်းသွားနိုင်သည့် အလားအလာများ ထွက်ပေါ်လာခဲ့ရသည်။
ပါကစ္စတန်မှ သည် သီရိလင်္ကာအထိ ဒေသတွင်းရှိ ရုရှားသံတမန်များသည် လောင်စာဆီပြတ်လပ်မှု အကျပ်အတည်းကို ပြေလည်စေရန်အတွက် ပွဲစား လုပ်လာကြသည်။ ရုရှား ဒုတိယဝန်ကြီးချုပ်ကလည်း ၎င်းတို့နိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများကို ဥရောပဘက်သို့ မပို့တော့ဘဲ လမ်းကြောင်းလွှဲပြောင်းနေပြီဖြစ်ကြောင်း မတ်လအတွင်းက ပြောကြားခဲ့ပြီး၊ ရုရှားနိုင်ငံနှင့် "ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်သည့် ဆက်ဆံရေး တည်ဆောက်ရန် စီစဉ်ထားသော" နိုင်ငံများကိုသာ ဦးစားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။
ထိုသို့ ဖြစ်လာရခြင်း မှာလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြောင့်ပင် ဖြစ်သည်။ အမေရိကန်သည် ရေနံရရှိမှုကို မြှင့်တင်ရန်နှင့် ဈေးနှုန်းမြင့်တက်မှုကို လျှော့ချရန်အတွက် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးသား ရုရှားရေနံစိမ်းများအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ခေတ္တရပ်ဆိုင်းပေးခဲ့သည်။
ထို့ကြောင့် အာရှဝယ်ယူသူများသည် အဆိုပါ ကင်းလွတ်ခွင့်ကာလ ဧပြီလ ၁၁ ရက်နေ့ မကုန်ဆုံးမီ အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလာကြသည်။ အမေရိကန်ကလည်း လောင်စာဆီပြတ်လပ်မှုကို သက်သာစေရန် ၎င်း၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) များကို အာရှဘက်သို့ ပိုမိုပို့ဆောင်ပေးနေသော်လည်း၊ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်မူ လုံလောက်မှု ရှိလိမ့်မည်မဟုတ်ပေ။
အီရန်စစ်ပွဲသည် မော်စကိုအတွက် အခွင့်အလမ်းသစ်များကို ပွင့်သွားစေခဲ့သည်။ ရေနံ အကျပ်အတည်းကြောင့် ဒေသတွင်း နိုင်ငံများသည် နျူကလီးယားစွမ်းအင် အပေါ် မျက်စိကျလာကြသည်။
ဥပမာအားဖြင့် ထိုင်ဝမ်၏ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီသည် နျူကလီးယားဓာတ်အားပေးစက်ရုံတရုံအား ပြန်လည်ပတ်မည့် အစီအစဉ်ကို မတ်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။ အခြားနိုင်ငံများကလည်း ထိုနည်းတူ လိုက်ပါလုပ်ဆောင်လာဖွယ် ရှိသည်။ ရုရှားနိုင်ငံသည် ၎င်းတို့၏ နျူကလီးယား နည်းပညာများကို ဒေသတွင်းနိုင်ငံများထံ ရောင်းချရန် နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သော်လည်း အကန့်အသတ်ဖြင့်သာ အောင်မြင်မှုရရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ်တွင် နေပြည်တော်အနီး၌ အသေးစား မော်ဂျူလာ နျူကလီးယားဓာတ်ပေါင်းဖို (SMR) တခုအား မြန်မာ စစ်အုပ်စုအတွက် တည်ဆောက်ပေး ရန် သဘောတူခဲ့သည်။ ပိုမိုထူးခြားသည့်အချက်မှာ ဗီယက်နမ်ဝန်ကြီးချုပ် မော်စကိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် ရုရှားတို့သည် နှစ်ရှည်လများ မျှော်လင့်ထားသည့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်တစ်ခုကို ပြီးခဲ့သည့်အပတ်က လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
တရုတ် သည်လည်း အားကျမခံ ပါဝင်ပတ်သက်လာပြီဖြစ်သည်။ မတ်လအစောပိုင်းတွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ကြီးမားလှသော အရန်ရေနံပမာဏကို ထိန်းသိမ်း ထားနိုင်ရန် အတွက် သန့်စင်ပြီး ရေနံချောတင်ပို့မှုများကို ရပ်ဆိုင်းခဲ့၍ ဒေသတွင်း၌ စိုးရိမ်ပူပန်မှုများကို ပိုမိုနက်ရှိုင်းလာခဲ့သည်။ သို့သော်လည်း ယခုအခါ တရုတ်အရာရှိများသည် ၎င်းတို့၏ မူဝါဒကို ပြန်လည်ပြောင်းလဲရန် ပြင်ဆင်နေပုံရသည်။ 'ကမ္ဘာ့စွမ်းအင်လုံခြုံရေးကို ကာကွယ်ရန်' အတွက် တရုတ်နိုင်ငံက အဆင်သင့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က မတ်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
Bloomberg သတင်းဌာန၏ အဆိုအရ တရုတ်နိုင်ငံသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံသို့ လောင်စာဆီ စည်ပေါင်း ၃၆၀,၀၀၀ ခန့် ထုတ်ပေးခဲ့ကြောင်း သိရသည်။ ထိုပမာဏ သည် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မလာနိုင်သော်လည်း၊ အကျပ်အတည်း ပိုမိုဆိုးရွားလာပါက တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့ သိုလှောင်ထားသည်များကို ထုတ်ပေးရန် ဆန္ဒရှိနေသည့် အရိပ်အယောင် ပြသလာခြင်း ပင် ဖြစ်သည်။ ထို့ပြင် ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်တွင် ပေါင်းစည်းရန် သဘောတူမည်ဆိုပါက ထိုင်ဝမ်ကို စွမ်းအင်ထောက်ပံ့ပေးမည်ဟုပင် ကမ်းလှမ်းခဲ့သော်လည်း ထိုင်ဝမ်က ထိုကမ်းလှမ်းမှုကို ချက်ချင်းပင် ငြင်းပယ်ခဲ့သည်။
သို့သော်လည်း နိုင်ငံအများအပြားမှာမူ ထိုအကူအညီများကို ကြိုဆိုကြပေလိမ့်မည်တောင်တရုတ်ပင်လယ်အတွင်း နယ်နိမိတ် အငြင်းပွားမှုများကြောင့် တရုတ်နိုင်ငံနှင့် အကြီးအကျယ် အခြေအတင် ဖြစ်ပွားခဲ့ဖူးသော ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ပင်လျှင် ယခုအခါ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာနေပြီဖြစ်သည်။ ပထဝီနိုင်ငံရေး မငြိမ်မသက်မှုများကြောင့် ဖိလစ်ပိုင်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို "ပုံစံသစ်" တခုအဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်နေကြောင်း မတ်လ ၂၄ ရက်နေ့က Bloomberg ရုပ်သံနှင့် အင်တာဗျူးတွင် မားကို့စ်က ပြောကြားခဲ့သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပူးတွဲရှာဖွေရေးလုပ်ငန်းများကို ပြန်လည်စတင်ရန် ဖိလစ်ပိုင်ဘက်က လမ်းဖွင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ နှစ်နိုင်ငံ သံတမန်များသည်လည်း သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မတ်လ ၂၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။
ပူတင်အနေဖြင့် ရေနံ အရောင်းအဝယ်များကို အသုံးချ၍ ရုရှားနိုင်ငံ၏ အားနည်းနေသော ဘတ်ဂျက်ကို ပြန်လည်ကုစားရန်နှင့် ၎င်း၏ ရေရှည်မူဝါဒဖြစ်သော 'အရှေ့ဘက်သို့ မျက်နှာမူခြင်း' ကို တိုး၍ အကောင်အထည်ဖော်ရန် မျှော်လင့်နေမည်ဖြစ်သည်။ ဤကဲ့သို့သော အရောင်းအဝယ် သဘောတူညီချက်များသည် ရုရှားကို အထီးကျန်ဖြစ်အောင် လုပ်ဆောင်ရာတွင် အနောက်အုပ်စု၏ ကျရှုံးမှုကို ပြသနေသည့် သက်သေအထောက်အထား တစ်ခုလည်း ဖြစ်သည်။ စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute အကြံပေးအဖွဲ့မှ အီယန် စတောရီ က 'ဒေသတွင်းရှိ နိုင်ငံအများစုသည် ယူကရိန်းစစ်ပွဲကိစ္စကို အလေးမထားတော့ဘဲ ရှေ့ဆက်သွားနေကြပြီဖြစ်သည်' ဟု ပြောကြားခဲ့သည်။ ထိုအချက်ကို ပိုမိုခိုင်မာစေရန်အတွက် ရုရှားသံတမန်များသည် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးတစ်ရပ်ကို လာမည့်ဇွန်လအတွင်း ကာဇန် မြို့၌ ကျင်းပရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။
သို့သော်လည်း နောက်ပိုင်း တွင်မူ ပူတင်အနေဖြင့် မက်လုံး ပေးချင်သလောက် မပေးနိုင် ဖြစ်လာ မည် ဟု အီယန် စတောရီ က ထောက်ပြသည်။ ရုရှားနိုင်ငံသည် ငွေကြေးကျပ်တည်းနေပြီး အာရှနိုင်ငံများ အလေးအနက်ထားသည့် နည်းပညာ ထောက်ပံ့ရေးကွင်းဆက်များတွင်လည်း ပါဝင်ပတ်သက်နိုင်မှု မရှိသလောက်ပင် ဖြစ်သည်။ ဒေသတွင်း၌ စွမ်းအင်ပံ့ပိုးသူအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကြိုးပမ်းမှုများသည်လည်း ၎င်းတို့၏ ရေနံတင်ပို့ရာ ဆိပ်ကမ်းများ ကို ယူကရိန်း၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် ပို၍ ခက်ခဲလာရသည်။ တဖက်တွင်မူ တရုတ်သည် စွမ်းအင်ရော ရင်းနှီးမြှုပ်နှံမှုများကိုပါ ကမ်းလှမ်းနိုင်စွမ်း ရှိနေသည်။ သို့သော် ထိုကဲ့သို့ ကမ်းလှမ်းမှုများအတွက် တရုတ်က အလဲအလှယ်အနေဖြင့် ဘာကို ပြန်လည်တောင်းဆိုလာမည်နည်းဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
(၂၀၂၆ ဧပြီ ၁ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "America’s foes see opportunity in Asia’s oil shock" ဆောင်းပါး ကို ပြန်လည် တင်ပြသည်။)