ချေ ၏ ပြောက်ကျားစစ် လက်စွဲ(33)

by Hla Soewai - Apr 13 2026

ကျန်းမာရေး

 

ပြောက်ကျားစစ်သည်တစ်ဦး ရင်ဆိုင်ရသည့် ကြီးမားသော အခက်အခဲများထဲမှ တခုမှာ စစ်ပွဲ၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော ဒဏ်ရာရရှိခြင်းနှင့် ဖျားနာခြင်းတို့ပင် ဖြစ်သည်။ ပြောက်ကျားစစ်ဆင်ရေးများတွင် ထိုသို့ဖြစ်ပွားခြင်းမှာ ထုံးစံလို ဖြစ်နေတတ်၏။

 

ပြောက်ကျားတပ်ဖွဲ့တစ်ခုအတွင်း ဆရာဝန်တစ်ဦး၏ အခန်းကဏ္ဍသည် အလွန်တရာမှ အရေးပါလှသည်။ အရင်းအမြစ်နှင့် ဆေးဝါးကိရိယာ အကန့်အသတ်ရှိသောကြောင့် ၎င်း၏ သိပ္ပံနည်းကျ ကုသမှုများမှာ အသက်ကယ်တင်ရန်အတွက် ထိရောက်မှု ရှိချင်မှ ရှိနိုင်မည် ဖြစ်သော်လည်း၊ ဆရာဝန် တဦး သည် လူနာအား စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားကိုတော့ မြှင့်တင်ပေးနိုင်သူ ဖြစ်သည်။ မိမိ၏ ဝေဒနာကို လျော့ပါးသက်သာစေရန် အစွမ်းကုန် ကြိုးစားပေးနေမည့်သူ တစ်ဦးသည် မိမိအနီးအနားတွင် အမြဲရှိနေသည်ဟူသော ခံစားချက်ကို ဆရာဝန်ကသာ ပေးစွမ်းနိုင်သည်။

 

ဖျားနာနေသူ သို့မဟုတ် ဒဏ်ရာရရှိထားသူအတွက် မိမိရောဂါ ပျောက်ကင်းသွားသည့်တိုင်အောင် သို့မဟုတ် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့်တိုင်အောင် တစုံတယောက်သည် မိမိအနားတွင် မခွဲမခွာ ရှိနေပေးလိမ့်မည်ဟူသော စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် နှစ်သိမ့်မှုကို ဆရာဝန်ကသာ ပေးစွမ်းနိုင်သည်။

 

ဆေးရုံများ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ပြောက်ကျားတပ်ဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ပေါ်တွင် များစွာမူတည်‌ နေသည်။ ဖွံ့ဖြိုးမှုအဆင့်များနှင့် ကိုက်ညီသော ဆေးရုံဖွဲ့စည်းပုံ အခြေခံအမျိုးအစား သုံးမျိုး ရှိသည်ဟု ဆို နိုင်သည်။

 

ပထမအဆင့်ဖြစ်သော လှည့်လည်သွားလာနေရသည့် ကာလတွင် ဆရာဝန်သည် (ရှိခဲ့ပါက) အဖွဲ့ဝင်တစ်ဦးကဲ့သို့ပင် ၎င်း၏ ရဲဘော်ရဲဘက်များနှင့်အတူ အမြဲတစေ အတူတူ သွားလာနေရသည်။ ထိုဆရာဝန်သည် တိုက်ခိုက်ရေးအပါအဝင် ပြောက်ကျားရဲဘော်တစ်ဦး၏ အခြားတာဝန်အားလုံးကိုလည်း ထမ်းဆောင်နိုင်ရမည် ဖြစ်ပြီး၊ အသက်ကယ်ဆယ်ရန် နည်းလမ်းများ မကျန်တော့သည့် အခြေအနေမျိုးတွင် လူနာများကို ကုသပေးရသည့် စိတ်ပျက်အားငယ်ဖွယ်ကောင်းလှသော အလုပ်ကိုလည်း တခါတရံ ကြုံတွေ့ရတတ်သည်။

 

ဤအဆင့်သည် ဆရာဝန်အနေဖြင့် စစ်သည်များအပေါ် သြဇာအရှိဆုံးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ် ရိုက်ခတ်မှုအရှိဆုံး အချိန်ဖြစ်သည်။ ပြောက်ကျားတပ်ဖွဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို ဖေါ်ဆောင် နေ သော ကာလအတွင်း၌ ဆရာဝန်သည် တကယ့် ဓမ္မဆရာတစ်ဦးကဲ့သို့ စွမ်းဆောင် နိုင်သူ ဖြစ်ပြီး၊ပြောက်ကျားရဲဘော်များ လိုအပ်နေသည့် နှစ်သိမ့်မှုများ ကို သူ၏ ပစ္စည်း ကိရိယာ မစုံလင်သော ကျောပိုးအိတ်ထဲ ထည့်ကာ သယ်ဆောင် ပေးလာနိုင်သူလည်း ဖြစ်သည်။

 

ဝေဒနာကို အပြင်းအထန် ခံစားနေရသူတစ်ဦးအဖို့ တတ်ကျွမ်း နားလည်သူ တစ်ဦးက ကိုယ်တိုင် ခံစားနေရသကဲ့သို့ စာနာနားလည်ပေးပြီး တိုက်ကျွေးလိုက်သည့် အက်စပရင် ဆေးပြားလေးတပြား၏ တန်ဖိုးမှာ တွက်ချက်၍မရနိုင်အောင်ပင် ကြီးမားလှပေသည်။ 

 

ထို့ကြောင့် ပထမအဆင့်တွင် ဆရာဝန်တစ်ဦးသည် တော်လှန်ရေး၏ အယူအဆများကို အပြည့်အဝ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ရမည်။ အကြောင်းမှာ ဆရာဝန်၏ ပြောစကားများသည် အခြားသော အဖွဲ့ဝင်များ၏ စကားထက် စစ်သည်များ၏ စိတ်နှလုံးကို ပိုမိုနက်ရှိုင်းစွာ သက်ရောက်မှု ရှိနိုင်သောကြောင့် ဖြစ်သည်။

 

ပုံမှန်အားဖြင့် ပြောက်ကျားစစ်ပွဲများအတွင်း "တပိုင်းတစ ခြေသလုံးအိမ်တိုင်" ဟု ခေါ်ဆိုနိုင်သော နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိလာတတ်သည်။ ထိုအဆင့်တွင် ပြောက်ကျားတပ်ဖွဲ့များ ရံဖန်ရံခါ လာရောက်နားခိုနိုင်သည့် စခန်းများ၊ ပစ္စည်းကိရိယာများ သိုလှောင်နိုင်ပြီး ဒဏ်ရာရစစ်သည်များကိုပါ ထားရစ်ခဲ့နိုင်သည့် ယုံကြည် စိတ်ချရသော နေအိမ်များ ရှိလာမည် ဖြစ်သည်။ ထို့အပြင် ပြောက်ကျားတပ်ဖွဲ့များသည် တနေရာတည်းတွင် အခြေချလိုသည့် ဘက်သို့ ပိုမိုဦးတည်လာတတ်ကြသည်။

 

ထိုအဆင့်တွင် ဆရာဝန်တဦး၏ တာဝန်မှာ စိတ်ပျက်အားငယ်စရာ သိပ်မကောင်းတော့ပေ။ ၎င်း၏ ကျောပိုးအိတ်ထဲတွင် အရေးပေါ် ခွဲစိတ်ကိရိယာများ ပါရှိနိုင်သလို၊ အရေးမကြီးလှသော ခွဲစိတ်မှုများအတွက် ဆေးပစ္စည်းကိရိယာ အစုံအလင်ကိုလည်း ရင်းနှီးကျွမ်းဝင်သည့် အိမ်တစ်အိမ်တွင် အသင့်ထားရှိနိုင်သည်။ ဖျားနာသူနှင့် ဒဏ်ရာရသူများကိုလည်း စေတနာထက်သန်စွာ ကူညီကြမည့် တောင်သူလယ်သမားများ၏ လက်ထဲတွင် စိတ်ချလက်ချ အပ်နှံထားခဲ့နိုင်သည်။

 

ထို့ပြင် ဆရာဝန်အနေဖြင့် အဆင်ပြေမည့် နေရာအနှံ့အပြားတွင် သိုလှောင်ထားသော ဆေးဝါးအမြောက်အမြားကိုလည်း အားကိုးအားထား ပြုနိုင်သည်။ ထိုဆေးဝါးများကို အခြေအနေပေးသရွေ့ စနစ်တကျ စာရင်းပြုစုထားသင့်သည်။ ဤကဲ့သို့သော တစ်ပိုင်းတစ်စ ခြေသလုံးအိမ်တိုင် အခြေအနေတွင်ပင်၊ အကယ်၍ ပြောက်ကျားတပ်ဖွဲ့သည် ရန်သူ လုံးဝ မလာရောက်နိုင်သော နေရာများ၌ လှုပ်ရှားနေပါက ဖျားနာသူနှင့် ဒဏ်ရာရသူများ သွားရောက် အနားယူကုသနိုင်မည့် ဆေးရုံများကို တည်ဆောက်ထားနိုင်သည်။

 

တတိယအဆင့်ဖြစ်သော ရန်သူ လုံးဝ မကျူးကျော်နိုင်သည့် နယ်မြေများ ရရှိလာချိန်တွင်မူ စနစ်ကျသော ဆေးရုံများကို ကွန်ရက်သဖွယ် တည်ဆောက်နိုင်သည်။ ထိုဆေးရုံကွန်ရက်သည် အပြည့်စုံဆုံး ပုံစံဖြင့် တည်ဆောက် နိုင်မည် ဆိုလျှင် ကွဲပြားခြားနားသော ဆေးကုသရေးဌာန သုံးမျိုးဖြင့် ဖွဲ့စည်းထားနိုင်ပေသည်။

 

တိုက်ခိုက်ရေးကဏ္ဍတွင် ဆရာဝန်တစ်ဦး ပါဝင်ရမည်ဖြစ်ပြီး၊ ထိုသူသည် စစ်သည်များ၏ အားထား ချစ်ခင်ရဆုံးသော ရဲဘော်တဦးလည်း ဖြစ်ရပေမည်။ ထိုဆရာဝန်သည် အလွန်တရာ ကျယ်ပြန့်လှသော ဆေးပညာဗဟုသုတများ ရှိနေရန် မလိုအပ်ဟု ကျွန်ုပ်ဆိုချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဓိကတာဝန်မှာ လူနာ သို့မဟုတ် ဒဏ်ရာရသူများကို သက်သာရာရစေရန်နှင့် ပြုစုပေးရန်သာဖြစ်ပြီး၊ အစစ်အမှန် ကုသမှုလုပ်ငန်းစဉ်များကိုမူ ပိုမိုလုံခြုံစိတ်ချရသော ဆေးရုံများတွင်သာ လုပ်ဆောင်ရသောကြောင့် ဖြစ်ပါသည်။

 

ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်တဦး ရှိပါက ရှေ့တန်းစစ်မျက်နှာတွင် အဆုံးရှုံးမခံသင့်ပေ။ ရှေ့တန်းတွင် စစ်သည်တစ်ဦး ဒဏ်ရာ ရေ သွားသောအခါ (ပြောက်ကျားတပ်ဖွဲ့၏ စနစ်တကျ ဖွဲ့စည်းထားမှုအပေါ် မူတည်၍) ထမ်းစင်များရှိလျှင် ၎င်းတို့ကို ပထမ ကုသရေးစခန်းသို့ သယ်ဆောင်သွားရမည်ဖြစ်ပြီး၊ ထမ်းစင်များ မရှိပါက ရဲဘော်အချင်းချင်းကပင် တာဝန် ယူရမည် ဖြစ်သည်။ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်များတွင် ဒဏ်ရာရသူကို သယ်ယူပို့ဆောင်ခြင်းသည် အနုစိတ်ရဆုံးသော လုပ်ငန်းတစ်ခုဖြစ်သလို စစ်သည်တစ်ဦး၏ ဘဝတွင် စိတ်အထိခိုက်ရဆုံး အတွေ့အကြုံများထဲမှ တခုလည်း ဖြစ်ပေသည်။

 

ဒဏ်ရာရနေသော ရဲဘော်တဦးကို သယ်ယူပို့ဆောင်ရခြင်းသည် ဒဏ်ရာရ နေ သူထက်စာရင် သယ်ဆောင်ပေးနေရသည့် ကျန်ရဲဘော်များအတွက် ပို၍ပင် ခက်ခဲပင်ပန်းစေနိုင်သည်။ ပြောက်ကျားရဲဘော်များ၏ ကိုယ်ကျိုးစွန့်လိုစိတ်ကြောင့်လည်း မရရအောင် သယ်ထုတ်ခဲ့ကြခြင်းပင် ဖြစ်သည်။

 

သယ်ယူပို့ဆောင်ရေးအား မြေမျက်နှာသွင်ပြင် အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးနှင့် ဆောင်ရွက်နိုင်သည်။ ယခုလို စစ်ပွဲမျိုးတွင် အတွေ့ရများသည့် ကြမ်းတမ်းပြီး တောနက်သည့် နေရာများ တွင် တော့ တဦးချင်းစီ တန်းစီပြီး လျှောက်ဖို့ လိုအပ်သည်။ အကောင်းဆုံး နည်းသည်က ဝါးလုံး (သို့မဟုတ်) တိုင်ရှည်တစ်လုံးတွင် လူနာတင် ပုခက်ကို ချိတ်ဆွဲပြီး သယ်ဆောင်ခြင်း ဖြစ်သည်။

 

ပြောက်ကျားရဲဘော် များသည် ရှေ့တစ်ယောက်၊ နောက်တစ်ယောက်စီ အလှည့်ကျ ထမ်းပိုးရသည်။ ပခုံးများ ပြင်းပြင်းထန်ထန် နာကျင်ဒဏ်ရာရနိုင်ပြီး လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးကို ဂရုတစိုက် ထမ်းထားရသည့် အတွက် တဖြည်းဖြည်း အားအင်ကုန်ခမ်းလာတတ်၍ ကျန်သည့် ရဲဘော် နှစ်ယောက်နှင့် မကြာခဏ ဆိုသလို အလှည့်ကျ လဲလှယ်ပေးရမည်။ 

 

ပထမအဆင့် ဆေးရုံ (သို့မဟုတ်) ဆေးပေးခန်းတွင် စစ်ဆေးကုသပြီး နောက်တွင် ဒဏ်ရာရရဲဘော်အား ကနဦး ကုသ ပေးခဲ့သည့် မှတ်တမ်းများ နှင့် အတူ ဒုတိယအဆင့် ဆေးဘက်ဆိုင်ရာဌာနကို ဆက်လက်ပို့ဆောင်ရမည်။ ထိုနေရာတွင် တော့ ပြောက်ကျားတပ်ဖွဲ့၏ အင်အားအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ဆရာဝန်များ၊အထူးကု များ ရှိနေနိုင်၍၊ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ရန် အရေးကြီးသည့် ခွဲစိတ်မှု များကို လုပ်ဆောင်ပေးနိုင်သည်။ ဤသည်က ဒုတိယအဆင့်တွင် ဖြစ်သည်။

 

ပြောက်ကျား တပ်တော် အတွက် အထွေထွေခွဲစိတ်ဆရာဝန် ရှိနေခြင်းသည် အဖိုးမဖြတ်နိုင်သော ရတနာတပါး ပင် ဖြစ်သည်။ အကယ်၍ မေ့ဆေးဆရာဝန်တစ်ယောက်ပါ ရနိုင်မည်ဆိုက အတိုင်းထက် အလွန်ပင် ဖြစ်သည်။ 

 

သို့သော် ခွဲစိတ်မှုတော်တော်များများကို ဓာတ်ငွေ့သုံး မေ့ဆေးနှင့် မလုပ်ဘဲ စိတ်ငြိမ်ဆေး မျိုး ဖြစ်သည့် Largactil နှင့် Sodium Pentothal တို့ကိုသာ အသုံးများသည်။ ထိုဆေးများသည် သုံးရတာ လွယ်ကူသလို ရှာဖွေ သိမ်းဆည်းဖို့လည်း ပိုပြီးလွယ်ကူပေသည်။

 

အထွေထွေ ခွဲစိတ်ဆရာဝန်တွေ အပြင် အရိုးအထူးကုဆရာဝန်များသည်လည်း လွန်စွာမှ အသုံးဝင်လှသည်။ အဘယ့်ကြောင့်ဆိုသော စစ်မြေပြင်တွင် မတော်တဆမှု ကြောင့် အရိုးကျိုးခြင်းများ မကြာခဏဖြစ်တတ်သလို၊ ခြေလက်များသည်လည်း သေနတ်ကျည်ဆန် ထိမှန်ရာမှ အရိုးကျိုးတတ်၍ ဖြစ်သည်။ 

 

ထိုဆေးခန်းမျိုးသည် အဓိကအားဖြင့် လယ်သမားထုကြီးကို ဝန်ဆောင်မှု ပေးဖို့ ဖြစ်ပြီး ပြောက်ကျားတပ်သားတွေကြား ဖြစ်တတ်သည့် ဖျားနာမှုများ အတွက်က မည်သူမဆို အလွယ်တကူ ရောဂါရှာဖွေ နိုင်ပေသည်။ အခက်ခဲဆုံး အလုပ်သည်က အာဟာရချို့တဲ့မှုကြောင့်ဖြစ်သည့် ရောဂါများကို ကုသပေးရခြင်း ဖြစ်သည်။ 

 

စစ်ရေး အခြေအနေ ပိုပြီး တိုးတက်လာသည့်အဆင့် ရောက်လာလျင်တော့ ဆေးရုံကောင်းကောင်းများ ရှိလာမည်ဖြစ်၍ အထောက်အကူ ပြုပစ္စည်းများ အစုံအလင်ရှိဖို့ နှင့် ဓာတ်ခွဲခန်း ကျွမ်းကျင် ပညာရှင်များပင်လိုအပ်လာနိုင်သည်။ မိမိတို့ လိုအပ်နေသည့် ကျွမ်းကျင်မှုကဏ္ဍ အသီးသီး အတွက် ဆေးဘက်ဆိုင်ရာ ပညာရှင် များ ကို တိုက်တွန်းနှိုးဆော်မှုများ လုပ်ဆောင်သင့်သည်။ ထိုအခါ မျိုး တွင် ကူညီဖို့ ရောက်လာကြမည့် သူများ အများကြီးရှိလာနိုင်သည်။

 

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ များ၊ ခွဲစိတ်ဆရာဝန်များ တင်မက သွားဘက်ဆိုင်ရာ ဆရာဝန် များလည်း အလွန်အသုံးဝင်သည်။ သွားဘက်ဆိုင်ရာ ဆရာဝန်များကိုတော့ လိုအပ်တာမှန်သမျှ အကုန်နီးပါး လုပ်ဆောင်နိုင်သည့် ရိုးရှင်းသည့် ကွင်းဆင်းကိရိယာ များ နှင့် စစ်ဆင်ရေးသုံး လက်ကိုင်စက် များကို ယူဆောင်လာဖို့ တိုက်တွန်းထားသင့် ပေသည်။

 

**************