ဝိဘက်ကြမ္မာ ငင်လာ နေ သော မင်းအောင်လှိုင် နှင့် နောက်ဆက်တွဲများ

by Hla Soewai - Apr 13 2026

မင်းအောင်လှိုင်သည် သမ္မတ အဖြစ် အရေခွံ လဲနိုင်ရန် မည်မျှပင် စနစ်တကျ ဇာတ်ညွှန်း ရေးသားခဲ့သော် လည်း တတိုင်းပြည်လုံး မိုးမွှန်အောင် အဆဲခံနေရချိန် နှင့် တိုက်ဆိုင်နေသည့်အကုသိုလ် အကျိုးပေး နှင့် ကြုံတွေ့လာရပြီ ဖြစ်သည်။

 

ထိုသို့ ဆဲဆိုနေကြခြင်းမှာလည်း ၎င်း သမ္မတ ဖြစ်လာ၍ တော့ မဟုတ်၊ ထိုသို့ ဖြစ်လာရန် ကြံစည်နေသည်ကိုလည်း တတိုင်းပြည်လုံး ငါးတန်း ကျောင်းသား ပါမကျန် ကြို သိထားပြီး ဖြစ်၍ မထူးဆန်းတော့။

 

၎င်းတို့ မည်သို့မျှ မျှော်လင့်မထားသော အီရန် စစ်ပွဲ ကြီး ဖြစ်ပေါ်လာပြီး လောင်စာဆီများ အပါအဝင် အစစ အရာရာ ဈေးနှုန်း များ တဟုန်ထိုး မြင့်တက်သွားပြီး မည်သည့် နိုင်ငံမှ မကြုံဖူးသည့် စုံ-မ စနစ်ဆိုကာ ရွှေဉာဏ်တော် စူးရောက်လာမှု ကြောင့်ပင် ဖြစ်သည်။ ယင်းသည်က လက်ရှိ စီးပွားရေး အကျပ်အတည်း ကြီး ကို လောင်စာဆီ ပြင်းပြင်းထိုးပြီး မီးရှိန် မြှင့်လိုက်သလို ဖြစ်သွားခဲ့ရသည့် ကြမ္မာဆိုး နှင့် ကြုံကြိုက်ခဲ့ရခြင်းပင် ဖြစ်သည်။

 

နောက်ထပ် ရင်မအေးစရာ ထပ် ဖြစ်လာသည်က မြန်မာ နိုင်ငံတွင်းရှိ ကျားဖြန့် ဂိုဏ်းများကို နိုင်ငံတွင်း သို့ ဝင်ရောက် ချေမှုန်းရန် ဝန်မလေး ဟု အက်ဖ်ဘီအိုင် အကြီးအကဲ က အမေရိကန် လွှတ်တော် ထောက်လှန်းရေး ကော်မတီ ရှေ့မှောက်တွင် တရားဝင် ကြုံးဝါး ပြောဆိုသွားခြင်း ပင် ဖြစ်သည်။

 

ထိုသို့ ကြုံတွေ့ နေရချိန်တွင် နောက်ထပ် ကာလ ဝိဖက် နောက်ပိုးတက်လာရသည်က အိန္ဒိယ သမားတော်ကြီးများ ပင့်ဖိတ်၍ ခါးရိုး ခွဲစိတ်ကုသမှု ခံယူလိုက်ရခြင်းပင် ဖြစ်သည်၊ နိုင်ငံ ခေါင်းဆောင်၏ ကျန်းမာရေး သတင်းသည် ထိုသို့သော အထိမခံ ဖြစ်နေသည့် အချိန်မျိုးတွင် ပို၍ ပင် လူသိမခံ လျို့ဝှက်ထားရမည့် သတင်းမျိုး ဖြစ်သော်လည်း ကံမကောင်း အကြောင်းမလှစွာ သတင်း ထုတ်ပြန်လိုက်သည်အထိ အမှားမှား အယွင်းယွင်း ဖြစ်သွားခဲ့ရပြန်သည်။

 

ဤသည်က ဧရာဝတီ သတင်း မှ ဖေါ့်ပြထား‌ သော မင်းအောင်လှိုင် ၏ ကာလဝိပတ် နောက်ပိုးတက်လာရသည့် အကြောင်းများ ဖြစ်သည်။

 

ယခု အခါ ၎င်းအတွက် စတုတ္ထ မြောက် ကြမ္မာဆိုးကြီးက အင်ဒိုနီရှား မှ ထွက်ပေါ်လာခဲ့ပြန်ပေပြီ၊ ယင်း မှာ ၎င်းအား တရားစွဲဆိုရန် တင်သွင်းလာမှု ကို အင်ဒိုနီရှား ရှေ့နေချုပ် ရုံးက လက်ခံ လိုက်ပြီ ဖြစ်သည်ဟု ဧပြီ ၆ ရက် နေ့တွင် တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာအမျိုးသမီး မစ္စက် ယာစမင်အူလာ မှ တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်၊ သူမအား ပံ့ပိုး ပေးလာသူများထဲတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းတစ်ဦးနှင့် အကြီးဆုံး မူစလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မူဟာမ္မဒီယာ ဥက္ကဋ္ဌတို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ် အများ အပြား ပါဝင်လာသည်။ 

 

အင်ဒိုနီးရှားနိုင်ငံ၏ Universal Jurisdiction (နယ်နမိတ် မရွေး တရားစီရင်ပိုင်ခွင့်) ကို အသုံးချပြီး အရေးယူပေးရန် တင်သွင်းလာခြင်း ဖြစ်သည်။ ရှေ့နေချုပ်ရုံးက အမှုကို စီစစ်ပြီး အထောက်အထား ခိုင်လုံကြောင်း ဆုံးဖြတ်ပြီး နောက်တွင်တော့ တရားရုံးမှ အမှုကို စတင် ကြားနာ စစ်ဆေးသွားမည် ဖြစ်သည်။

 

ထူးခြားသည်က အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းကိုယ်တိုင် ပါဝင်နေတာကြောင့် ဥပဒေကြောင်းအရ ပိုမိုလေးနက်သည့် ဖိအားတရပ် ဖြစ်လာပေတော့မည်။

 

ကမ္ဘာတွင် မူဆလင် လူဦးရေ အများဆုံး ဖြစ်ပြီး G-20 အဖွဲ့ဝင်လည်း ဖြစ်သော အင်ဒိုနီရှားသည် အာဆီယံ တွင်သာမက ကမ္ဘာတွင် ဩဇာသက်ရောက်မှု အရှိဆုံး ဖြစ်၍ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

ထိုသတင်းသည် အစောကြီး ကတည်းက ထွက်နေပြီ ဖြစ်သော်လည်း မြန်မာသည် အရှေ့တီမောလို သံတမန် နှင်ထုတ်ခြင်း မလုပ်သည့်အပြင် အင်ဒို သံအမတ်ကိုပင် ခေါ်ယူ သတိပေးခြင်း မျိုး မရှိသည်က အံ့ဩစရာပင် ဖြစ်သည်။

 

နောက်ထပ် နိုင်ငံတကာ က အာရုံစိုက်လာသည်က ယခုလ အတွင်း ရောက်ရှိလာမည့် ထိုင်း နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် ပင် ဖြစ်သည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတက် သည် ၎င်း၏ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားကြောင်း လူမှုကွန်ရက် မက်ဆေ့ဂျ်များမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်ဟု ဆောင်းပါးရှင် လာရီ ဂျေဂင်က ဧရာဝတီ တွင် ရေးသားခဲ့သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နေပြည်တော်သို့ ရောက်လာမည်ဟု သတင်းများ ထွက်နေသည်။

 

ပြီးခဲ့သည့် ငါးနှစ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ လာရောက်သည့်အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသော်လည်း အမြဲလို ငြင်းပယ်ခြင်း ခံခဲ့ရသည်။ လက်ရှိတွင် သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး (သို့မဟုတ်) ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံခွင့် ပေးကောင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်ဟု ဆိုသည်။

 

လာရီ ဂျေဂင်က သံတမန် သတင်းရပ်ကွက် များအား ကိုးကား ဖေါ်ပြရာတွင် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေသည် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ် နှင့် တွေ့ဆုံစဉ်အတွင်း အတိုက်အခံခေါင်းဆောင်နှင့် ပတ်သက်သည့် "လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ" အပေါ် ၎င်းတို့နိုင်ငံ၏ သဘောထားကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ကို နိုင်ငံတော် ခေါင်းဆောင်များက နားလည်ထားကြကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

 

မင်းအောင်လှိုင်သည် ယခု ထိ ၎င်းအား အသိအမှတ်ပြု သဝဏ်လွှာဟူ၍ တရုတ်၊ ရုရှား၊ ဘဲလာရုစ်၊ နိုင်ကာရာဂွာ နှင့် ရုရှား ဖက်ဒရေးရှင်း ဝင် ဆိုက်ဘေးရီယား တောင်ပိုင်းရှိ ဗူယာတီယား သမ္မတ နိုင်ငံတို့ထံမှ သာလက်ခံရရှိခဲ့သည်။

 

ထို့အတွက် ၎င်း သမ္မတ အဖြစ် လူသား မျက်နှာ ပြောင်းလဲလာသည်ကို လက်ခံလာကြဖို့က ဒေါ်အောင်ဆန်းစုကြည် အရေး နှင့် စ မှ သာ ဖြစ်ပေတော့မည်။

 

သို့မဟုတ်က နိုင်ငံရေး ဖက်တွင်လည်း မည်သို့မျှ ထူးခြားမလာ၊ စီးပွားရေး ဖက်တွင်လည်း "မိသားစု နှင့် ဆက်နွယ်နေသော လုပ်ငန်းများ" တိုးတက်ရာ တိုးတက်ကြောင်းသာ ရှာကြံလုပ်ဆောင်တတ်သူ ဖြစ်ပြီး တနိုင်ငံလုံး၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်နိုင်မည့် အမျှော်အမြင်မျိုး က နကိုယ်ကတည်းက မရှိ၍ ယခုမှ အဘယ်သို့များ ရှိလာနိုင်မည်နည်း။ ၎င်း၏ စိတ်ကူးထဲတွင်က အရပ်သား အစိုးရဟု လုပ်ပြနိုင်က နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု များ ဒလဟော ဝင်လာတော့မည်၊ စီးပွားရေး ဦးမော့လာပေမည် ဟု စိတ်ကူးယဉ်နေခြင်းမျိုးသာ ရှိပေသည်။

 

ဆယ်ငါးနှစ်တာ စစ်ရှုံး ကာချုပ် အဖြစ် အုပ်ချုပ်ခဲ့သော စစ်တပ်ကိုလည်း ၎င်း၏ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ် ပေးနိုင်သည့် အရည်အချင်းမှ လွဲ၍ မည်သို့မျှ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေး နားမလည်၊ ၎င်း၏ ရန်သူများကို ဖမ်းဆီးရိုက်နှက် ဖို့သာ သိ‌သော ရဲဝင်းဦး လက်သို့ ‌ခွေးသေ ဝက်သေ အပ်သွားခဲ့သည်။

 

၎င်းသာ စစ်တပ် အပေါ် စိတ်ရင်းကောင်း ရှိမည် ဆိုက ယခုလို အချိန်မျိုးတွင် "ကိုစိုးဝင်းရေ ကျွန်တော် နေရာ မှာ နောက်ထပ် တနှစ်တန်သည်၊ နှစ် နှစ်တန်သည် ဆက် ထိန်းပေးပါဦးဗျာ" ဟု အပ်နှံသွားသင့် သည် မဟုတ်ပါလား။

 

ယခု တော့ ၎င်း အနေဖြင့် တလုံး တပါဒ မျှ နားထောင်မည် မဟုတ်၊ လိုက်နာမည်လည်း မဟုတ်သည့် အကြံပေး ကောင်စီ ဥက္ကဌ ဆိုကာ မကောင်းတတ်၍ နေရာပေး ချောင်ထိုး ပစ်ခဲ့ပေပြီ။

 

Violence is the last refuge of the incompetent.

 

Isaac Asimov

 

(အကြမ်းဖက်မှုဆိုသည်မှာ အရည်အချင်းမရှိသူတို့၏ နောက်ဆုံး ကိုင်စွဲစရာ လက်နက်သာ ဖြစ်သည်။)

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!