အာ့ ကျကျ -- ကျသွားရှာပြီ

by Hla Soewai - Apr 13 2026

၂၀၂၆ ခုနှစ် မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများအရ ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ၎င်း၏ အဓိက တာဝန်ကြီး (၂) ခုဖြစ်သော တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ဖဆရ) ညွှန်ကြားရေးမှူး ရာထူးနှင့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ရာထူးတို့မှ ဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်သည်။

 

၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက် (သို့မဟုတ် ၂၇ ရက်) ခန့်တွင် တရားဝင် ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်ဟု ယူဆရသည်။ ၎င်း၏နေရာတွင် ယခင် ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ရဲရင့်အောင် ကို အစားထိုး ခန့်အပ်ခဲ့သည်။

 

မင်းအောင်လှိုင် သမ္မတအတု အဖြစ် ကျမ်းသစ္စာဆိုပြီးနောက် ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာန ၃၁ ခုနှင့် အစိုးရအဖွဲ့ဝင် ၃၀ ဦးစာရင်းတွင် ဗိုလ်ချုပ် ဇော်မင်းထွန်း ပါဝင်ခြင်းမရှိတော့ပေ။ ၎င်းသည် ၂၀၂၁ ခုနှစ်မှစ၍ စစ်အုပ်စု၏ အဓိက မျက်နှာစာဖြစ်ခဲ့သော်လည်း ယခု "အရပ်သားအသွင်ကူးပြောင်းရေး" တွင် "ဒီပုပ်ထဲက ဒီပဲများ" သာ ပြန်ပါလာသော်လည်း ဇော်မင်းထွန်း ကိုတော့ ပြန်ကြားရေးဒုဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ ရာထူးများမှ ဖယ်ရှားကာ အနားပေးလိုက်ပြီ ဖြစ်သည်။

 

အချို့ သော သတင်းရပ်ကွက် များ၏ အဆိုအရ မင်းအောင်လှိုင်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ၎င်း၏ ထုတ်ဖော်ပြောဆိုမှုများ သို့မဟုတ် သတင်းအမှား/အမှန် ကိုင်တွယ်ပုံ လွဲချော်မှုများကြောင့်ဟု ယူဆကြသည်။

 

ဧပြီလ ၃ ရက်နေ့တွင် မင်းအောင်လှိုင် သမ္မတအတု အဖြစ် တက်လာသည့် "အရပ်သားဝတ် အာဏာရှင် စနစ် တွင် ယခင်က လူမုန်းများခဲ့သော ပုံရိပ်ဟောင်းများကို ဖယ်ရှားလိုခြင်း ကြောင့်လည်း ဖြစ်နိုင်ပေသည်။

 

မင်းအောင်လှိုင်အား President of Nothing" ဟု ဝေဖန်ခံနေရချိန်တွင် ကမ္ဘာ့အမြင်၌ အရပ်သားအစိုးရအသွင် ပိုဆောင်စေရန်အတွက် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ဟောင်းကို ဖယ်ရှားကာ မျက်နှာသစ်များဖြင့် အစားထိုးခြင်း ဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် အာဏာသိမ်း အဖွဲ့ ၏ ပြန်ကြားရေးဒုဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

 

၂၀၂၃ ခုနှစ်အတွင်းတွင် ၎င်းကို ဗိုလ်မှုးချုပ် အဆင့်မှ ဒဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်ခဲ့သည်။

 

နေပြည်တော်တွင် ပြုလုပ်လေ့ရှိသော သတင်းစာရှင်းလင်းပွဲများတွင် အဓိက ဦးဆောင်ဖြေကြားသူဖြစ်သည်။ စစ်အုပ်စု၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စစ်ရေးအခြေအနေများကို ငါးနှစ်လုံးလုံး ဒိုင်ခံ ကာကွယ် လိမ်ညာ ပြောဆိုပေးခဲ့သူ ဖြစ်၍ ပြည်သူ များ အကြားတွင် ဇော်မဲလုံး အဖြစ် ထင်ရှားလာခဲ့သူ ဖြစ်သည်။ အထူးသဖြင့် "တပ်မတော်သည် ဖွဲ့စည်းပုံနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်သည်" ဆိုသော အချက်ကို အစဉ်တစိုက် ပြောဆိုလေ့ရှိသူဖြစ်သည်။

 

အာဏာသိမ်းပြီး နှစ်လခန့်အကြာတွင် CNN အဖွဲ့ကို စစ်အုပ်စု က နိုင်ငံအတွင်း ဝင်ရောက်သတင်းယူခွင့် ပေးခဲ့သည်။ ၎င်းတို့သည် စစ်ကောင်စီ၏ အနီးကပ်စောင့်ကြည့်မှု အောက်တွင် သတင်းယူခဲ့ရသော်လည်း၊ Clarissa Ward သည် ဇော်မင်းထွန်းကို တိုက်ရိုက်ရင်ဆိုင် မေးမြန်းခွင့် ရရှိခဲ့သည်။

 

Clarissa Ward ၏ အလွန်ပြတ်သားပြီး ခက်ခဲသော မေးခွန်းများကို မျက်နှာ တချက်မျှ မပျက်ဘဲ မရရ အောင် လိမ်လည် ဖြေဆိုနိုင်ခဲ့သူ အဖြစ် စတင် လူသိများလာခဲ့သည်။

 

အသက် ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးများကို စစ်တပ်က ပစ်သတ်ခဲ့ခြင်းအပေါ် ၎င်းတို့၏ မိဘများကို ဘယ်လိုပြန်ပြောမလဲဟု မေးမြန်းခဲ့ရာ ဇော်မင်းထွန်းက "ကျွန်တော်တို့လည်း ကလေးတွေ သေဆုံးတဲ့အကြောင်း ကြားပါတယ်၊ ဒါပေမဲ့ စစ်တပ်က ကလေးတွေကို ပစ်စရာ အကြောင်းမရှိပါဘူး၊ ဒါဟာ ကျွန်တော်တို့ကို အထင်အမြင်လွဲအောင် လုပ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ပါ" ဟု ငြင်းဆိုခဲ့သည်။

 

ဤတွေ့ဆုံမှု၏ နောက်ပိုင်း စိတ်မကောင်းစရာ အဖြစ်ရဆုံးသည် Clarissa Ward နှင့် ရန်ကုန်မြို့ရှိ အင်းစိန် ဈေး တွင် စကားပြောခဲ့သော သာမန်ပြည်သူ (၁၁) ဦးခန့်ကို CNN အဖွဲ့ ထွက်ခွာသွားပြီးနောက်တွင် စစ်အုပ်စု က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 

ထို အကြောင်းကို Clarissa Ward က "ကျွန်မတို့နဲ့ စကားပြောရုံနဲ့ ဘာကြောင့် ဖမ်းတာလဲ၊ သူတို့ ဘာပြစ်မှု ကျူးလွန်လို့လဲ" ဟု မေးခဲ့သည်။

 

၎င်းက "သူတို့ ဘာပြစ်မှုမှ မကျူးလွန်ပါဘူး၊ ဒါပေမဲ့ သူတို့ စကားပြောတာကို တခြားသူတွေက မကျေနပ်ရင် ပြဿနာဖြစ်မှာ စိုးရိမ်လို့ လုံခြုံရေးအရ ခေါ်ယူထားတာပါ" ဟု မည်သူမှ မတွေးမိလောက်သော ထူးခြားဆန်းကြယ်သည့် အဖြေကို ပေးခဲ့သည်။

 

အထင်ရှားဆုံး မှ ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်ပြီး "ရှင်တို့ရဲ့ နောက်က နံရံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကျွန်မ မြင်နေရပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကိုသာ ဗိုလ်ချုပ်အောင်ဆန်း မြင်ရင် သူ့သင်္ချိုင်းထဲမှာ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ပြီး လူးလိမ့်နေမလဲဆိုတာ ရှင် စဉ်းစားမိပါသလား"

 

ဇော်မင်းထွန်း၏ က ထိုမေးခွန်းကို ရယ်မောလျက် ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေသေးလျှင် သမီး ဖြစ်သူကို ကြည့်ပြီး "မိုက်လိုက်တာ သမီးရယ်" ပြောလိမ့်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

 

ထိုအဖြေသည် ထိုစဉ်က လူမှုကွန်ရက်တွင် အပြင်းအထန် ဝေဖန်ခံခဲ့ရပြီးဇော်မင်းထွန်း ကို အထင်ကရ ဖြစ်သွားစေခဲ့သည်။ ယခုထိလည်း ပြန်လည် ပြောစမှတ်ပြုခြင်း ခံနေရဆဲ ဖြစ်သည်။

 

ထို့အပြင် သေနတ်နဲ့ ပစ်ရင် သေမှာပေါ့" ၊ "ဘီယာသောက်ပြီး စစ်တိုက်နေတာ မဟုတ်ဘူး" ဟူ၍၎င်း၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆက်ဆံရေးကို ရှင်းပြရာတွင် "အဖေနဲ့ သား" သို့မဟုတ် "ညီအစ်ကို" ဆက်ဆံရေးမျိုး ဖြစ်သင့်ကြောင်း၊ အိမ်တွင်းရေးပြဿနာသာဖြစ်ကြောင်း ပြောခဲ့၍ တိုင်းရင်းသားအဖွဲ့များက ထိုအသုံးအနှုန်းကို လက်မခံဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။

 

ကိုးကန့်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်အုပ်စုက အကာအကွယ်ပေးထားသည်ဟု တရုတ်ဘက်က ဖိအားပေးလာချိန်တွင် ၎င်း၏ ထုံးစံ အတိုင်း ထိုလုပ်ငန်းများသည် စစ်အုပ်စု နှင့် မပတ်သက်ကြောင်း ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်၏ ဖိအားကြောင့် တရားခံများကို လွှဲပြောင်းပေးခဲ့ရသည်။ ဤဖြစ်ရပ်သည် ၎င်း၏ ပြန်ကြားရေးပိုင်းဆိုင်ရာ အားနည်းချက်ကို အသိသာဆုံး ပြသခဲ့မှု ပင် ဖြစ်သည်။

 

၎င်း၏ အဖြေများသည် မင်း အောင်လှိုင် အတွက် လိမ်ပေးဖို့သာ အာရုံ စိုက်ရင်းက လက်တွေ့မြေပြင် အခြေအနေနှင့် ကွာဟသည် ထက် ကွာဟ လာခဲ့သည်မှာ တဖြေးဖြေး နှင့် လူထု က ၎င်းက နိုး ဆိုလျင် ရက်စ် ဟု ပြောင်းပြန်ယူဆရမည်ဟု ပြောစမှတ် တွင်သည် အထိ ဖြစ်လာခဲ့သည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် မည်မျှပင် သစ္စာရှိရှိ အကာအကွယ်ပေးခဲ့စေကာမူ အာဏာရှင်တို့၏ သဘောသဘာဝအရ အသုံးမဝင်တော့သည့်အခါ သို့မဟုတ် အမှားတစ်ခုတွေ့သည့်အခါ "ဓားစာခံ" အဖြစ် စတေးခံရစမြဲ ဖြစ်သည်။

 

လက်ရှိတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ရာထူးမှဖယ်ရှားရုံသာမက အရေးယူနိုင်ရန်အတွက်လည်း တင်ဒါကိစ္စများ နှင့် ဆက်ဆံရေးတပ်ခွဲများ မှတစ်ဆင့် ရယူခဲ့သော မြေယာပါမစ် အရှုပ်တော်ပုံများ ကို မည်သူ့ကို မဆို အရေးယူချင် အ‌ ရေး ယူ နိုင်အောင် အဆင်သင့် စုဆောင်းထားသည့် ဖိုင်တွဲများထဲမှ ဆွဲထုတ်လာခြင်းဖြစ်သည်။ ဤသည်မှာ အာဏာရှင်တို့သည် မိမိတို့အာဏာတည်မြဲရေးအတွက် လက်အောက်ငယ်သားများကို အချိန်မရွေး အပြစ်ရှာ၍ ဖယ်ရှားတတ်သည့် သာဓကတခုပင် ဖြစ်သည်။

 

ထို့ပြင် အာဏာရှင် တို့မည်သည် ပြိုင်ဖက် များကို‌ ဘေးတွင် ထား‌ လေ့ မရှိစမြဲ ဖြစ်၍ အချိန်ကျလျင် စိုးဝင်းလည်း ဇော်မင်းထွန်း နောက် ကောက်ကောက်ပါအောင် လိုက်ရပေတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!