မော်စီတုံးက နိုင်ငံသားများကို လူဦးရေ တိုးပွားအောင် လုပ်ကြပြီး တိုင်းပြည်အတွက် အလုပ်သမား အင်အားစုတွေ ဖြစ်အောင် ဖန်တီးကြဖို့ တိုက်တွန်းလာခဲ့ပြန်ပါတယ်၊ တိုးပွားလာတဲ့ လူဦးရေ ဒဏ်ကို စီးပွားရေးက အမှီ မလိုက် နိုင်တော့ပဲ ၁၉၅၉-၆၁ အတွင်း ဖြစ်ပွားခဲ့တဲ့ ငတ်မွတ်ခေါင်းပါးမှု ကပ်ကြီး အတွင်း တရုတ်ပြည်သူ သန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
၁၉၇၉ မှာတော့ မိသားစု တစုအတွက် ကလေး တယောက်နှုန်းသာ ယူရမယ် ဆိုတဲ့ မူကို ချမှတ် ကျင့်သုံးလာခဲ့ကြပါတယ်၊ ၂၀၁၇ မှာတော့ အဆိုပါ မူဝါဒ ကို ဖြေလျော့ပေးခဲ့ကြပြီး နှစ်ယောက်အထိ ယူဖို့ ခွင့်ပြုခဲ့ကြပါတယ်၊ ထိုသို့ ဖြေလျော့ပေးခဲ့ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်၊ သူတို့ ရဲ့ မူဝါဒ က အလုပ်မဖြစ်ဘူး ဆိုတာ သိလာလို့ပါပဲ။
(၁) သက်ကြီးရွယ်အို များပြားလာတာနဲ့ အမျှ သူတို့ကို ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးမယ့်လူတွေ နည်းသထက် နည်းပါးလာနေတဲ့ အဖြစ် ကို ရင်ဆိုင်လာရခြင်း၊
(၂) အလုပ်သမား အင်အား လျော့နည်းကျဆင်းလာနေပြီး အစားထိုး စရာ လုံလောက်အောင် မရှိတော့ခြင်း
(၃) အခြားဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေမှာ သူတို့လို မလုပ်ပဲနဲ့လည်း မွေးဖွားနှုန်း ကျဆင်းနေတယ် ဆိုတာ သိမြင်လာခြင်း တို့ကြောင့် ဖြစ်ပါတယ်။
၂၁ ရာစု အကူးအပြောင်းမှာတော့ နိုင်ငံ အနောက်ခြမ်းတွင် ခေတ်မှီ နည်းပညာ အသီးအပွင့်များ ခံစားနိုင့်မယ့် မြို့ကြီးများ ပေါ်ထွန်းလာအောင် အခြေခံ အဆောက်အအုံပိုင်းကို ငွေတွေ ဒလဟော ပုံအော်ပြီး ရင်နှီးမြုပ်နှံလာခဲ့ကြပါတယ်။ ဒီအတွက် တောင်များကို ဖြိုဖျက်၊ ကျေးရွာများကို ဖယ်ရှားပြစ်ခဲ့ကြပြီး ခေတ်မှီ လူနေတိုက်ခန်းများ၊ ရုံးအဆောက်အဦးများ၊ လမ်းများ အစရှိတာတွေကို တည်ဆောက်ခဲ့ကြပါတယ်။
သို့သော်လည်း စီမံကိန်း ဟာ ထွက်ငွေနဲ့ ဝင်ငွေ မမျှတယုံမက မျှော်မှန်းသလို ဖြစ်မလာခဲ့တာ တွေ့ရပါတယ်၊ နိုင်ငံသား အများစု အဖို့ သူတို့ အတွက် ဆောက်ပေးထားတဲ့ လူနေတိုက်ခန်း တွေမှာ နေဖို့ မတတ်နိုင်ကြပါဘူး။ နောက်တချက်က ထွက်ပေါ်လာတဲ့ မြို့ကြီးတွေမှာ လူနေထူထပ်လာအောင် လုပ်ဖို့ အချိန် သိပ်မလိုပဲ တခဏ အတွင်း စည်ကားလာမယ်ဆိုတဲ့ မှန်းချက်က နှမ်းထွက် နဲ့ မကိုက်ဖူး ဆိုသလို ဖြစ်သွားခဲ့ပါတယ်။ မြို့တမြို့ကို အသစ်တည်ဆောက်ဖို့ ၁၀ နှစ် အချိန်ယူခဲ့ရတယ် ဆိုရင် နောက် ၁၀ နှစ် အတွင်း စည်ကားလာလိမ့်မယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။
နောက်တချက် က စီမံကိန်းတွေသည် နိုင်ငံတော် အဆင့်က ဦးစီး အကောင်အထည် ဖေါ်နေတာမို့ မဖြစ်ဖြစ်အောင် လုပ်ရမယ်၊ မအောင်မြင်လို့ကို မဖြစ်ဖူး ဆိုတဲ့ too big to fail အယူအဆတွေ နဲ့ ကြိတ်မှိတ်ပြီး ဆက်လုပ်နေခဲ့တာမျိုးတွေ ရှိလာခဲ့ပါတယ်။
ရလဒ် အဖြစ် ယခုအခါမှာ တရုတ်နိုင်ငံ တဝှမ်းမှာ လူဦးရေး ကျိုးတိုးကျဲတဲ ပဲ ရှိတဲ့ တစ္ဆေမြို့ကြီးတွေ အနှံ့အပြား ရှိလာနေပါတယ်။ ခုထိတော့ ဒီမြို့ကြီးတွေ ကြောင့် ဘီလျံပေါင်း များစွာ ဆုံးရှုံးနေဆဲ ဖြစ်ပါတယ်။ ဘယ်လုပ်ငန်းမျိုး မဆို ငွေမဝင်ရင် အရှုံးပေါ်တာပဲလို့ ပြောရမည်သာပင်။
ဒီလို အကြောင်းကြောင်းတွေ ကြောင့်လည်း အနောက်အုပ်စု နဲ့ အမေရိကားကို အမှီလိုက်နိုင်ဖို့ အရေး မှာ တရုတ်က အမြဲလို ခြေတလှမ်း နောက်ကျန်နေခဲ့ရတာ ခြည်းပဲ ဖြစ်ပါတယ်။ သို့ပေသိ နှစ်ဆယ်ရာစုနှစ် အကုန်ပိုင်း လောက်က စပြီး အမေရိကန်က တရုတ် ကို အန္တရာယ် တခု လို့ စပြီး သဘောထား လာတာနဲ့ အမျှ တရုတ်ကို လှုပ်မရအောင် လုပ်ဖို့က မဖြစ်မနေ လိုအပ်လာပြီလို့ အမေရိကန်တို့ ယူဆလာခဲ့ကြပါတယ်။
အမေရိကန်သည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း တရုတ်နှင့် ခပ်ခွာခွာ နေလာခဲ့သည်ကလည်း ၎င်းတို့ ကျင့်သုံးခဲ့တဲ့ ကွန်မြူနစ် ဝါဒကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၅၀ မတိုင်မီ ကာလများမှာတော့ တရုတ်ကို ရန်သူအဖြစ် ယောင်လို့တောင် မသတ်မှတ်ခဲ့ပါဘူး၊ ဒုတိယ ကမ္ဘာစစ်အတွင်း မှာ တရုတ်က ဗြိတိန်၊ ပြင်သစ်၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဆိုဗီယက်တို့လို မဟာမိတ် နိုင်ငံတနိုင်ငံ အဖြစ် အမေရိကန်က သဘောထားခဲ့ပါတယ်၊ တရုတ်က အာရှ စစ်မျက်နှာမှာ ဝင်ရိုးတန်း နိုင်ငံများ အုပ်စုကို ပထမဆုံး အကြိမ် ခုခံ တွန်းလှန်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
၁၉၅၀ မှာ တော့ တရုတ်သည် ဆိုဗီယက် နဲ့ ပေါင်းပြီး ကုလသမဂ္ဂ တပ်တွေ မြောက်ကိုရီယားထဲ ဝင်မလာအောင် ဟန့်တားခဲ့ရာက အစ အမေရိကန် ရဲ့ ရန်သူ အဖြစ် ကျရောက်သွားခဲ့ရပါတယ်။ ဒါတင်မက ၁၉၆၄ အောက်တိုဘာ ၁၆ တွင် တရုတ်သည် အနုမြူ ဗုံးကို တကိုယ်တော် အောင်မြင်စွာ စမ်းသပ်ဖေါက်ခွဲနိုင်ခဲ့တာနဲ့ အတူ အာရှမှာ အင်အားကြီး နိုင်ငံ အဖြစ် ရောက်ရှိသွားခဲ့ပါတယ်။ တရုတ်သည် အနုမြူ ဗုံး ကို ၃၂ လ အတွင်း အောင်မြင်စွာ အကောင်အထည် ဖေါ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်၊ နျုကလီယား ဒုံးကျည်ကို ၁၉၆၅ အောက်တိုဘာ ၁၆ တွင်၎င်း၊ ဟိုက်ဒြိုဂျင်ဗုံးကို ၁၉၆၇ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ၎င်း အောင်မြင်စွာ စမ်းသပ် ပြစ်လွှတ်လာနိုင်ခဲ့ပါတယ်။ (ပုံတွင် တွေ့ရသည်က တရုတ်ပြည်၏ ပထမဆုံး အနုမြူဗုံး စမ်းသပ်ခဲ့စဉ် တွင် ဖြစ်သည်)
အမေရိကန် အဖို့ အာရှ မှာ ဗိုလ်ကျ စိုးမိုးနိုင်ရေး အတွက် တရုတ်ကို အားနည်းအောင် ကြံဆောင်လာခဲ့ကြပါတယ်။ အဆိုပါ မူဝါဒများ ရဲ့ အသီးအပွင့် အဖြစ် အမေရိကန်၊ ဩစတေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တောင်ကိုရီယား၊ ဂျပန်တို့ နဲ့ မဟာဗျုဟာမြောက် ပါတနာ တွေ အဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးကြီး ဆုံး အချက် အဖြစ် သိထားဖို့ လိုတာက အမေရိကန်သည် တရုတ်ကို ထိန်းချုပ်ထားနိုင်ဖို့သာ ကြိုးစားနေခြင်း သာ ဖြစ်ပြီး စီးပွားရေး အရ လုံးဝအားအင် ချိနဲ့တဲ့ အဖြစ်ထိတော့ မရည်ရွယ်ခဲ့ဖူး ဆိုတာပဲ ဖြစ်ပါတယ်။ တရုတ်သည် အမေရိကန်၏ စီးပွားရေး အတွက် လွန်စွာ အရေးပါတဲ့ အနေအထား မှာ ရှိနေပြီး တရုတ်အတွက်လည်း အမေရိကန်သည် အလားတူ အရေးပါနေပြန်ပါတယ်။ တရုတ် ပြိုကွဲသွားပြီ ဆိုရင် ဒုက္ခသည်တွေ အများအပြား အိမ်နီးချင်း နိုင်ငံတွေကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အခြေအနေတွေ ရှုပ်ထွေး ကုန်မယ့် အပြင် တရုတ်တို့ရဲ့ နျူကလီယား လက်နက်တွေကလည်း ပြန့်ကျဲ သွားပြီး မသမာသူတွေ လက်ထဲ ရောက်သွားနိုင်မယ့် အလားအလာ တွေ အစရှိတဲ့ အကြောင်းပေါင်းများစွာ ကို စဉ်းစားထားပြီး ဖြစ်ပါတယ်။
နေတိုး စစ်မဟာမိတ် အဖွဲ့ကိုလည်း အလားတူ ရုရှားကို ရှေ့တက်မလာနိုင်အောင် ရည်ရွယ်ဖွဲ့စည်းခဲ့သလိုမျိုး ပဲ ဖြစ်ပါတယ်၊ နေတိုး အဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန်က လက်နက် ရောင်းချလို့ ရတဲ့ ဝင်ငွေက ဒေါ်လာ ဘီလီယံပေါင်း များစွာ ရှိပါတယ်။
ရုရှားက ယခုအချိန်အထိ အမေရိကန်ကို စစ်ရေး အရသာ ခြိမ်းခြောက်နိုင်တဲ့ အဆင့်ပဲ ရှိနေသော်လည်း တရုတ်ကတော့ စီးပွားရေး၊ စစ်ရေး နဲ့ ဆိုက်ဘာကနေ ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်မှာ တရုတ်ရဲ့ စစ်ရေး တည်ဆောက်မှု တွေဟာ အမေရိကန်တို့ တအံ့တဩ ဖြစ်ခဲ့ကြရပါတယ်။ ကျွန်းအတုတွေကို အတားအဆီး မရှိ တည်ဆောက်ခဲ့ကြယုံမက အဲ့ဒီ ကျွန်းတွေ ပေါ်မှာပဲ နောက်ဆုံးပေါ် လက်နက် တွေ တပ်ဆင်နိုင်ခဲ့ပါတယ်၊ ဒါတွေကို ကြည့်ရင် တောင်တရုတ် ပင်လယ်အတွင်းကနေ နောက်ဆုတ်သွားဖို့ နဂိုကတည်းက မရည်ရွယ်ဖူးဆိုတာ ထင်ရှားနေပါတယ်။
အမေရိကန်တို့ အဖို့ တရုတ်ကို ထိန်းချုပ် ကန့်သတ်ဖို့ ကြိုးစားခဲ့တာလည်း မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ တရုတ်က အမေရိကန်တို့ မျက်စိအောက်မှာတင် တားမရ ဆီးမရ အောင် ရုန်းကန်တိုးထွက်လာခဲ့ပါတယ်။ ဒါကလည်း တရုတ် အဖို့ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး မဟာဗျုဟာ အသစ်တွေ ချမှတ်နိုင်ခဲ့ကြလို့ပဲ အမေရိကန်ရဲ့ ကန့်သတ် ထိန်းချုပ်မှုကို ဖောက်ထွက်နိုင်ခဲ့တာလို့ သုံးသပ်ရပါတယ်။
ထိုသို့ အမေရိကန် ရဲ့ ကန့်သတ် ထိန်းချုပ်မှုတွေကို ရေရှည်မှာ ဟန့်တားထားနိုင်ဖို့က တောင်တရုတ် ပင်လယ်ကို ထွက်ပေါက် အဖြစ် တရုတ်က ရှု့မြင်လာခဲ့ပါတယ်။ တောင်တရုတ် ပင်လယ်သည် တရုတ်အဖို့ ဘူမိနိုင်ငံရေး အနေအထားမှာ စပိတ်တစ် ဖဲချပ် လို ယူဆလာပါတယ်။
အဘယ့်ကြောင့်နည်း။
တရုတ်ပြည်က ယခုအခါ အတိတ်က ကျရှုံးခဲ့မှုများ၊ မကျေမနပ် ဖြစ်ခဲ့ရမှု တွေကို မေ့ပျောက်ပြီး ရှေ့ကိုပဲ မျှော်ကြည့်လာခဲ့ကြပြီး မဝေးတော့မယ့် အနာဂတ် ၂၀၃၀ ပတ်ဝန်းကျင်လောက်မှာ ကမ္ဘာ အင်အားအကြီးဆုံး နိုင်ငံ အဖြစ် တက်လှမ်းဖို့ အာရုံစိုက်လာခဲ့ကြပြီ ဖြစ်တယ်လို့ Fortune မဂ္ဂဇင်းကြီး က ရေးသားခဲ့ဖူးပါတယ်။
တရုတ်ရဲ့ လူတဦးချင်း ဝင်ငွေ per capita အရာမှာတော့ အမေရိကန်ထက် လျော့နည်းနေဆဲ ဖြစ်ပေမယ့် တရုတ် အလုပ်သမားတွေ ဝယ်ယူ သုံးစွဲနိုင်မှု ပမာဏ purchasing power မှာတော့ အမေရိကန် အလုပ်သမားတွေထက် များစွာ မြင့်မားနေတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် ပျှမ်းမျ တရုတ်နိုင်ငံသား တဦးသည် မျှမ်းမျှ အမေရိကန် နိုင်ငံသား တဦးထက် ကြွယ်ဝချမ်းသာစွာ နေထိုင်နိုင်တယ်လို့ ပြော၍ရပါတယ်။
တရုတ် တွေကလည်း ကမ္ဘာပေါ်မှာ ၎င်းတို့ နိုင်ငံရဲ့ အင်အား ဘယ်လောက် အတိုင်းအတာ အထိ ရောက်နေပြီဆိုတာ ကောင်းစွာ သတိပြုမိကြပြီးလည်း ဖြစ်ပါတယ်၊ ဒီအတွက် မောက်မောက်မာမာ ရှိလာကြတာနဲ့ အမျှ ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးစားနေကြပါတယ်။
တရုတ်ရဲ့ ပတ်ပတ်လည် မှာ တောင်တန်းကြီးတွေ ဝိုင်းရံနေတဲ့ အတွက် ပင်လယ်သည်သာ စီးပွားရေးအရ အားထားစရာ ဖြစ်လာခဲ့ပါတယ်။ ထို့အပြင် ရေကြောင်း ကို ကုန်သွယ်ရေး အတွက် ရာစုနှစ်ပေါင်း များစွာ အားပြုခဲ့ရတဲ့ အစဉ်အလာလည်း ရှိပြီး ဖြစ်ပါတယ်။
ဆက်လက်တင်ပြ ပါမယ်