အာဏာရှင်တစ်ဦး၏ ကိုယ်ကျိုးစီးပွားသည် နိုင်ငံ၏လိုအပ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်လာသောအခါ ဘာဖြစ်လာနိုင်သနည်းဆိုသည်ကို ရှီကျင့်ဖျင်၏ အုပ်ချုပ်မှုပုံစံက အထူးသဖြင့် ယခုအချိန်တွင် မီးမောင်းထိုးပြနေသည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် ရှီကျင့်ဖျင်သည် အမှန်တကယ် တိုက်ပွဲအတွေ့အကြုံရှိသည့် ရှားရှားပါးပါး တရုတ်အရာရှိကြီးတစ်ဦးဖြစ်သူ ထိပ်တန်းစစ်ဗိုလ်ချုပ် ကျန်းယုံရှ ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အစိုးရဘက်ကမူ ကျန်းယုံရှသည် ဥပဒေနှင့် စည်းကမ်းဖောက်ဖျက်မှုများအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟုသာ ဆိုသော်လည်း စစ်ဘက်သတင်းစာ ကမူ ဤစုံစမ်းစစ်ဆေးမှုသည် အဂတိလိုက်စားမှုများကို အမြစ်ပြတ်ချေမှုန်းခြင်းဖြင့် စစ်တပ်ကို အင်အားတောင့်တင်းအောင်လုပ်ဆောင်မည့် ပိုမိုကျယ်ပြန့်သော စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့သည်။
တရုတ်အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ရှီကျင့်ဖျင်၏ ကာလရှည်မဟာမိတ်ဖြစ်သူ ကျန်းယုံရှအပေါ် စွပ်စွဲချက်များမှာ မည်မျှအထိ ခိုင်လုံမှုရှိသည်ကို အကဲဖြတ်ရန် မဖြစ်နိုင်သကဲ့သို့ အချိန်ကာလကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် ကျန်းယုံရှကို ဖယ်ရှားခြင်းအားဖြင့် ရှီကျင့်ဖျင်သည် ၎င်း၏ ဒေါသနှင့် အမျက်တော်အောက်မှ မည်သူမျှ မလွတ်ကင်းနိုင်ဟု အချက်ပြ လိုက်ခြင်းပင် ဖြစ်သည်။
ဤသည်မှာ ရှီကျင့်ဖျင်၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုပိုင်းကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများအနက် ရိုက်ခတ်မှုအရှိဆုံး လုပ်ရပ်တစ်ခုဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အဆင့်မြင့်အရာရှိကြီးပိုင်းများကို ထိရောက်စွာ ရှင်းလင်းဖယ်ရှားလိုက်ခြင်းလည်း ဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ ထိပ်သီး ဦးဆောင်မှု ပေးနေသည့် ကောင်စီတွင် ပါဝင်ရန် ရွေးချယ်ခံထားရသည့် အရာရှိ ၄၄ ဦးအနက် ၄၀ ဦးမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်းခဲ့ကြောင်း Asia Society Policy Institute ၏ တရုတ်နိုင်ငံလေ့လာဆန်းစစ်ရေးဗဟိုဌာနမှဆိုသည်။
ဤလုပ်ရပ်များသည် ရှီကျင့်ဖျင်၏ အထိန်းအကွပ်မဲ့သော အာဏာစက် တည်ဆောက်လိုမှုက တရုတ်နိုင်ငံ၏ အင်အားကို မှောက်လှန် ပစ်လိုက်ခြင်းဖြစ်၍ မည်မျှအထိ ဆုတ်ယုတ်သွားစေနိုင်ကြောင်း သက်သေပြနေသည်။ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ၏ လတ်တလော အစီရင်ခံစာတခုအရ ရှီကျင့်ဖျင်၏ ဖယ်ရှားရှင်းလင်းမှုများကြောင့် ဖြစ်ပေါ်လာသော မတည်ငြိမ်မှုများသည် တရုတ်စစ်တပ်၏ “အသင့်ဖြစ်မှုနှင့် တိုက်ပွဲဝင်စွမ်းရည်” ကို နောင်နှစ်ပေါင်းများစွာအထိ ထိခိုက်လျော့ပါးစေနိုင်ကြောင်း သိရသည်။
အထူးသဖြင့် အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့အပေါ် ထရမ့်၏ တိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို စိန်ခေါ်နေသည့် ယခုလို အချိန်မျိုးတွင် ပို၍ပင် သတိထားရမည် ဖြစ်သည်။
အာဏာလုပွဲများကို နောက်ကွယ်၌သာ အဆုံးအဖြတ်ပေးလေ့ရှိပြီး ရှုံးနိမ့်သူအတွက် သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည့် ကွန်မြူနစ် တရုတ်ပြည်၏ နိုင်ငံရေးသည် အမြဲတမ်း လို အန္တရာယ် ရောပြွမ်းနေခဲ့ရသည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ကွန်မြူနစ်ပါတီသည် ပုံမှန်အာဏာလွှဲပြောင်းမှုများကို စနစ်တကျ ဖော်ဆောင်ပေးခြင်း၊ ပြိုင်ဘက်အုပ်စုများအကြား အကျိုးစီးပွားကို ထိန်းညှိပေးခြင်း၊ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို အားပေးခြင်း မျိုး ပြုလုပ်ခဲ့သည်သာမကစီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ရဲရဲရင့်ရင့် အကောင်အထည်ဖော်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့သည်။
နည်းပညာနှင့် ကျွမ်းကျင်မှုကို အခြေခံ၍ လက်တွေ့ကျကျ ဆောင်ရွက်တတ်သည်ဟူသော တရုတ်နိုင်ငံ၏ ဂုဏ်သတင်းသည် နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ခဲ့သည်။ ထိုအချိန်က တရုတ်နိုင်ငံ၏ စီးပွားရေးသည် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စုကိုပင် ကျော်တက်သွားလိမ့်မည်ဟု ယူဆလာသည် အထိ ဖြစ်လာခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ပါတီကို စတင်ဦးဆောင်ကတည်းက ရှီသည် အာဏာကို ၎င်း လက်ထဲသို့ စုစည်းသိမ်းကျုံးယူခြင်းဖြင့် ဆယ်စုနှစ် သုံးခုစာ တိုးတက်လာသည့် စနစ်ကို တဖြည်းဖြည်းချင်း ဖျက်ဆီးခဲ့သည်။ ၎င်းသည် ပါတီလူကြီးပိုင်းများကို ဘေးဖယ်ခြင်း၊ နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားခြင်းနှင့် အခြားအုပ်စုဝင်များကို အရေးမပါအောင် လုပ်ဆောင်ခြင်းတို့ဖြင့် မူဝါဒဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများကို ပိတ်ဆို့ခဲ့ပြီး ၎င်း၏အာဏာအပေါ် ထိန်းကျောင်းတည့်မတ်မှုများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။
ရှီ၏ လုပ်ရပ်အများစုမှာ အဂတိလိုက်စားမှုကို အမြစ်ပြတ်ချေမှုန်းရန်ဟု အကြောင်းပြလေ့ရှိသော်လည်း ယင်းသည် အဂတိများဖြင့် ပြည့်နှက်နေသော နိုင်ငံရေးစနစ်တစ်ခုတွင် ၎င်း ဖယ်ရှားလိုသူတိုင်းကို ဖယ်ရှား နှိမ်နင်းနိုင်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။ ၂၀၂၂ ခုနှစ်တွင် ရှီသည် နိုင်ငံ၏ အာဏာအရှိဆုံး အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ခုနစ်ဦးပါ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကို ၎င်းနှင့်နီးစပ်သူများ၊ နိုင်ငံရေးမဟာမိတ်များကိုသာ သွတ်သွင်းလာခဲ့သည်။
ရှီ၏ အလေးအထားဆုံး အရာသည် ၎င်း အပေါ် သစ္စာ ရှိမှုသာဖြစ်ပြီး ထိပ်တန်းခေါင်းဆောင်ပိုင်းအထိ ရောက်ရှိလာဖို့အတွက် အခြေခံအကျဆုံး သတ်မှတ်ချက်လည်း ဖြစ်သည်ဟု ဆိုသည်။
ရှီသည် တစ်ခါတစ်ရံတွင် အတွေ့အကြုံထက် သစ္စာရှိမှုကို ပို၍ ဦးစားပေးလေ့ရှိသည်။ ရှီ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ လီချောင် သည် ၂၀၂၃ ခုနှစ်တွင် ရှီက ၎င်းအား နံပတ် (၂) နေရာသို့ ရာထူးတိုးမြှင့်မပေးမီအထိ နိုင်ငံတော်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးခြင်း မရှိခဲ့ပေ။
ဝန်ကြီးချုပ်အဖြစ် ရာထူးမတိုးမီ တစ်နှစ်အလိုတွင် လီသည် ရှန်ဟိုင်းမြို့၏ ဆိုးရွားလှသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ Lockdown ချမှုကို ကြီးကြပ်ခဲ့ရသူဖြစ်ပြီး ထိုစဉ်က မြို့နေလူဦးရေ ၂၅ သန်းကို ၎င်းတို့၏ နေအိမ်များတွင် နှစ်လကြာ ပိတ်လှောင်ထားခဲ့သည်။
အခြေခံလိုအပ်ချက်များအတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုမရှိဘဲ ထိုကဲ့သို့ အမိန့်များကို ထုတ်ပြန်ခဲ့သောကြောင့် အိမ်ထောင်စုများစွာ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရသည်။ တာဝန်ရှိသူများသည် အချို့သော တိုက်ခန်းတွဲများပတ်လည်တွင် ခြံစည်းရိုးများ ခတ်ခြင်းဖြင့် အိမ်တွင်းနေထိုင်ရေးအမိန့်ကို တင်းကျပ်ခဲ့ကြရာ နေထိုင်သူများကို အကျဉ်းချထားသကဲ့သို့ ဖြစ်ခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသည့် ကလေးငယ်များကိုလည်း မိဘများထံမှ အတင်းအဓမ္မ ခွဲထုတ်ကာ လူပြည့်နှက်နေသော လူနာဆောင်များရှိ ကလေးပုခက်များထဲတွင် စုပြုံထည့်ထားခဲ့ကြသည်။
နိုင်ငံအတော်များများမှ ခေါင်းဆောင်များသည် ၎င်းတို့ လုပ်ချင်သည်ကို ဦးစားပေ လုပ် ပေး ကြသည့် လက်ရုံးတပည့်များဖြင့်သာ ဝန်းရံလေ့ရှိကြသည်။ သို့သော် ထိုသို့ သော လူများကိုသာ ရာထူးတိုးပေးရန် ထက်သန်ပြီး အယူအဆမတူသူများကို အပြစ်ပေးရန် ဝန်မလေးသည့် အာဏာရှင်စနစ်မျိုးတွင်မူ တာဝန်ရှိသူများသည် ခေါင်းဆောင် ဖြစ်သူ၏ မူဝါဒများကို စိန်ခေါ်ရန်ထက် ၎င်း၏ လိုအင်ဆန္ဒများကိုသာအကောင်အထည်ဖော်ရန် ပိုမို စိတ်အား ထက်သန်လာကြသည်။
ရှီ အာဏာ စတင်ရယူခါစ နှစ်များတွင် တွေ့မြင်ခဲ့ရသည့် အမြင်ကွဲပြားမှုမျိုးမှာ ယခုအခါ လုံးဝကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်သည်။ "ဗျူရိုကရေစီ ယန္တရားဟာ ခေါင်းဆောင် ကြားချင်တဲ့ စကားမျိုးကိုပဲ ပြောဖို့နဲ့ ခေါင်းဆောင်ရဲ့ လမ်းစဉ်နဲ့ သွေဖည်နေတဲ့ အကြံပြုချက်တွေကို ချန်လှပ်ထားဖို့ပဲ ဖြစ်လာနေတယ်" ဟု နိုင်ငံရေးအန္တရာယ်ဆိုင်ရာ အကြံပေးလုပ်ငန်း Eurasia Group ၏ တရုတ်နိုင်ငံရေးရာ ညွှန်ကြားရေးမှူး Amanda Hsiao က ပြောကြားခဲ့သည်။
ထို အခြေအနေများ ကြောင့် ရှီသည် မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အကြွင်းမဲ့နီးပါး ထိန်းချုပ်ခွင့် ရရှိသွားစေသည်။ ပါတီ၏ ထိပ်တန်းအဆင့်များတွင် ရှီကို အလျှော့အတင်းလုပ်ရန် ဖိအားပေးနိုင်သည့် အာဏာ သို့မဟုတ် တွန်းအားရှိသူဟူ၍ တစ်ဦးတစ်ယောက်မျှ မကျန်တော့ပေ။
လူတစ်ဦးတည်းအပေါ် အလွန်အကျွံ မှီခိုနေရခြင်းသည်က မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်မည်ဆိုက ကောင်းမွန်လှ သော်လည်း၊ အကယ်၍ ၎င်းက မှားယွင်းသည့် ဆုံးဖြတ်ချက်များ ချမှတ်လာမည် ဆိုက လွန်စွာမှ အန္တရာယ်ကြီးမားလှပေသည်။
ရှီသည်လည်း အမှားများစွာကို ကျူးလွန်ခဲ့ပြီးဖြစ်သည်။ ကုန်သွယ်ရေး၊ ယူကရိန်းစစ်ပွဲ၊ ဂရင်းလန်း ကိစ္စနှင့် အခြားသော အကြောင်းအရာများအပေါ် အမေရိကန်၏ ကာလရှည် မဟာမိတ်များနှင့် ထရမ့်နှင့် ပဋိပက္ခဖြစ်ပွားမှုများသည် ထိုနိုင်ငံများကို ဘီဂျင်း ဖက် ရောက်လာအောင် ဆွဲဆောင် နိုင်သည့် အခွင့်အလမ်းများ ပေါ် ပေါက်လာခဲ့သည်။ ယုံကြည်ရခက်သော ထရမ့်ကို ထိန်းညှိရန် ဆက်ဆံရေး တိုးတက်လိုသည့် မျှော်လင့်ချက်ဖြင့် ပြင်သစ်သမ္မတ၊ ဂျာမန်ဝန်ကြီးချုပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ အပါအဝင် ဥရောပခေါင်းဆောင် အများအပြားသည် မကြာသေးမီ လများအတွင်းက တရုတ်နိုင်ငံသို့ ရောက်လာကြပြီး ရှီနှင့် တွေ့ဆုံခဲ့ကြသည်။
သို့သော် ရှီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ဘီဂျင်း၏ ထောက်ခံမှု သို့မဟုတ် ဥရောပ စက်မှုလုပ်ငန်းများကို ခြိမ်းခြောက်နေသည့် တရုတ်၏ မမျှတသော ကုန်သွယ်ရေးလုပ်ဆောင်ချက်များ အပါအဝင် ဆက်ဆံရေး တင်းမာစေသည့် အခြားသော အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွင် သိသာထင်ရှားသော လိုက်လျောမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့သဖြင့် ၎င်းတို့အားလုံး လက်ဗလာဖြင့် အိမ်ပြန်သွားခဲ့ရသည်။
တရုတ်နိုင်ငံ၏ တိုးပွားလာနေသော စီးပွားရေးအခက်အခဲများ အပေါ် ၎င်း၏ခေါင်းဆောင်မှုပိုင်းသည် ယခင်ကထက်ပင် ပိုမိုတုံ့ဆိုင်းနေပုံရသည်။ ရှီသည် တရုတ်နိုင်ငံ၏ ကုန်စျေးနှုန်းကျဆင်းမှုနှင့် ကုန်သွယ်ရေးပိုလျှံမှုများ အဆမတန်များပြားလာခြင်းတို့၏ နောက်ကွယ်ရှိ "အလွန်အကျွံထုတ်လုပ်မှု" နှင့် "အားနည်းသောဝယ်လိုအား" ပြဿနာများကို ဖြေရှင်းခြင်းကဲ့သို့သော စီးပွားရေးတိုးတက်မှု ပြန်လည် ခိုင်မာစေမည့် ပြုပြင်ပြောင်းလဲမှုများကို ရှောင်လွှဲခဲ့သည်။
ယင်းအစား မတ်လတွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် အမျိုးသားပြည်သူ့ကွန်ဂရက်က အတည်ပြုခဲ့သော နိုင်ငံ၏ နောက်ဆုံးငါးနှစ်စီမံကိန်းတွင် ၎င်း သဘောကျ မဟာဗျူဟာများဖြစ်သော စက်မှုနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို နှစ်ဆတိုးမြှင့်လုပ်ဆောင်ရန် ကတိပြုထားသည်။ ဤလုပ်ရပ်မှာ စီးပွားရေးပြဿနာများကို ပိုမိုဆိုးရွားလာစေရန်သာ အရှိန်မြှင့်လိုက်သကဲ့သို့ ဖြစ်လာနိုင်ဖွယ်ရှိသည်။
လျှပ်စစ်ကား (EV) ကဲ့သို့သော လုပ်ငန်းသစ်များတွင် တရုတ်နိုင်ငံက အရှိန်အဟုန်ဖြင့် တိုးတက်မှုများ ရရှိနေသော်လည်း၊ ရှီကျင့်ဖျင်၏ လက်ထက်တွင် နိုင်ငံ၏ စုစုပေါင်း စီးပွားရေးမှာ မျှော်မှန်းထားသလောက် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ ကမ္ဘာ့စီးပွားရေး၏ ဝေစုအဖြစ် ဒေါ်လာစျေးဖြင့် တွက်ချက်ထားသော တရုတ်နိုင်ငံ၏ ဂျီဒီပီ သည် ၂၀၂၁ ခုနှစ်တွင် ၁၈.၅ ရာခိုင်နှုန်းခန့်အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း၊ ထို နောက်ပိုင်းတွင် ၁၆.၅ ရာခိုင်နှုန်းခန့်အထိ ပြန်လည်ကျဆင်းသွားခဲ့သည်။
ပြိုင်ဘက်များကို ဖယ်ရှားခြင်းနှင့် ၎င်း၏ ထိန်းချုပ်မှုကို မြှင့်တင်ခြင်းအားဖြင့် ရှီသည် တရုတ်နိုင်ငံ၏ သာယာဝပြောမှုကို အာမခံနိုင်မည့် နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်နေသည်ဟု ယူဆကောင်းယူဆနိုင်သည်။
ဥပမာအားဖြင့် စစ်တပ်အတွင်းရှိ ခေါင်းဆောင်မှုပိုင်းကို ဖြိုခွဲခြင်းဖြင့် ပိုမိုအင်အားတောင့်တင်းပြီး ၎င်း အပေါ် ပို၍ သစ္စာရှိသော စစ်တပ်တတပ်ကို ဖန်တီးရန် ရှီက ပြတ်ပြတ်သားသား ရည်မှန်းထားခြင်းဖြစ်သည်။
သို့သော် အာဏာကို အကန့်အသတ်မရှိ အသုံးပြုခြင်းနှင့် မိမိအလိုရှိသလို ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်ခြင်းတို့ဖြင့် "မရေရာမှု၊ မတည်ငြိမ်မှုနှင့် လုပ်ငန်းစဉ်များ ရပ်တန့်သွားမှု" တို့ကိုသာ ဖန်တီးနေခြင်းဖြစ်ကြောင်း လေ့လာသူ များက ထောက်ပြခဲ့ကြသည်။
ရှီသည် အာဏာကို ပိုမိုရယူလေလေ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ပရမ်းပတာဖြစ်မှုများကို ပိုမိုလှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်နေလေလေပင် ဖြစ်သည်။
ယခင် အမေရိကန်သမ္မတများ လုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံကို လွတ်လပ်ခွင့်ပေးရန် တွန်းအားပေးမည့်အစား၊ ထရမ့်သည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များကို အနိုင်ကျင့်ခြင်း၊ ဝေဖန်သူများကို နှုတ်ပိတ်ခြင်းနှင့် မိမိပါတီထံမှ မေးခွန်းထုတ်စရာ မလိုသော ထောက်ခံမှုကို တောင်းဆိုခြင်းတို့ဖြင့် ဘီဂျင်း၏ အာဏာရှင်စနစ်ကို အတုယူရန် ကြိုးပမ်းခဲ့သည်။
ရှီ၏ မာန်မာနထောင်လွှားမှုမှ ရရှိသည့် သင်ခန်းစာများသည် အမေရိကန်ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံများအတွက် အရေးတကြီး လိုအပ်နေပြီး သတိပြုဖွယ်ရာလည်း ဖြစ်သည်။ သို့သော် ရှီကျင့်ဖျင် ရရှိထားသည့် အာဏာအဆင့်မျိုးကို ရည်မှန်းထားသည့် မည်သည့်ခေါင်းဆောင်မဆို ဤအချက်ကို သတိပြုမိရန်မှာမူ ဖြစ်နိုင်ခြေနည်းပါးလှပါသည်။
"Hell is truth seen too late.
"ငရဲဆိုသည်မှာ နောက်ကျမှ သိလိုက်ရသည့် အမှန်တရားပင် ဖြစ်သည်။"
Thomas Hobbes
(၂၀၂၆ ဧပြီ ၁ ရက် နေ့ထုတ် The Atlantic မဂ္ဂဇင်းကြီး တွင် ပါရှိသည့် Michael Schuman ရေးသားသည့် "The Autocrat’s Dilemma" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)