"အမေရိကန် လေယာဉ်မှုး ဖမ်းဆီးထိန်းသိမ်းခံရပါက ပဋိပက္ခများ အရှိန်မြင့်လာဖွယ်ရှိ

by Hla Soewai - Apr 05 2026

အမေရိကန်သည် အီရန်နှင့် ဖြစ်ပွားနေသော ဝေဟင်စစ်ပွဲတွင် ယခင်က ကံကောင်းခဲ့သော်လည်း ယခုအခါ အခြေအနေများ ပြောင်းလဲလာသွားပြီ ဖြစ်သည်။

 

ဧပြီလ ၃ ရက်နေ့တွင် ကံဆိုးမှုနှင့် စတင်ကြုံတွေ့ခဲ့ရသည်။ အီရန်နိုင်ငံအထက် ကောင်းကင်ယံတွင် အမေရိကန် F-15E တိုက်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့သည်။ လေယာဉ်မှူးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် လေယာဉ်မှူးတစ်ဦး၏ အခြေအနေကိုမူ ယခုထိ အတည်မပြုနိုင်သေး ဖြစ်နေသည်။

 

၁၉၉၁ ပထမ ပင်လယ်ကွေ့စစ်ပွဲအတွင်းက အမေရိကန်သည် တိုက်ပွဲဝင် လေယာဉ် ၂၈ စင်း ဆုံးရှုံးခဲ့ပြီး ထိုပဋိပက္ခတွင် အီရတ်နိုင်ငံက လေယာဉ်မှူးနှင့် လေယာဉ်အဖွဲ့သား ၁၆ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် ယခု "Operation Epic Fury" တွင်မူ အမေရိကန်၏ ဆုံးရှုံးမှုသည် ကူဝိတ်နိုင်ငံအထက်တွင် ဖြစ်ပွားခဲ့သော မတော်တဆ အချင်းချင်း မှားယွင်းပစ်ခတ်မှု များသာ ရှိခဲ့သော်လည်း ယခုအခါ အမေရိကန်၏ ကံ ကောင်းနေမှုများ ကုန်ဆုံးသွားခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။

 

အခြားဖြစ်စဉ်တစ်ခုတွင်လည်း A-10 Warthog မြေပြင်တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် ဟော်မုဇ်ရေလက်ကြားအနီးတွင် ပျက်ကျခဲ့သည်ဟု ယူဆရပြီး တစ်ဦးတည်းသော လေယာဉ်မှူးကိုမူ ကယ်ဆယ်နိုင်ခဲ့သည်။

 

အကယ်၍ အီရန်သည် အမေရိကန်လေသူရဲတစ်ဦးကို အသက်ရှင်လျက် ဖမ်းဆီးရမိသွားပါက၊ စစ်ပွဲကို နောက်ထပ်တစ်ဆင့် ပိုမိုပြင်းထန်လာစေရန် မီးထိုးပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။

 

အမေရိကန်သည် အီရန်နှင့် ငါးပတ်ကြာဖြစ်ပွားနေသော စစ်ပွဲအတွင်း တိုက်ပွဲဝင်ပျံသန်းမှု အကြိမ်ရေ ၁၂,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပစ်မှတ်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။ ဝေဟင်နှင့် မြေပြင်ပစ်မှတ် နှစ်မျိုးလုံးကို တိုက်ခိုက်နိုင်သော F-15E Strike Eagle တိုက်လေယာဉ်များသည် (ဂျော်ဒန်နိုင်ငံမှ ပျံတက်လာခြင်းဖြစ်နိုင်သည်) ထိုတိုက်ခိုက်မှု အများအပြားကို ပြုလုပ်ခဲ့ပြီး ပစ်မှတ်များနှင့် အနီးကပ်ဆုံးအကွာအဝေးမှ ဗုံးကြဲချလေ့ရှိသည်။

 

ယခင် စစ်ပွဲများနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ လေယာဉ်ဆုံးရှုံးမှုနှုန်းမှာ အလွန်ပင် နည်းပါးနေသေးသည်။ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ် အများစုမှာ ဖျက်ဆီးခံထားရသော်လည်း အကုန်လုံးတော့ မဟုတ်။အချို့မှာ ရုတ်တရက် ပေါ်ထွက်လာပြီး အခွင့်သာသည့် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။ ထို့အပြင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကဲ့သို့သော အခြားအကြောင်းရင်းများစွာကြောင့်လည်း လေယာဉ်ပျက်ကျနိုင်သည်။

 

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်နေသော တက်စ်နင်း (Tasnim) သတင်းဌာနကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များက လေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထွက်ပေါ်လာသော ဓာတ်ပုံများတွင် အင်္ဂလန်နိုင်ငံ RAF Lakenheath အခြေစိုက်စခန်းမှဟု ယူဆရသော လေယာဉ်၏ တောင်ပံနှင့် အမြီးပိုင်း အပိုင်းအစများကို တွေ့ရသည့်အပြင် မြေပြင်ပေါ်တွင်လည်း လွတ်နေသော လေယာဉ်မှူးအရေးပေါ်ခုန်ထွက်ထိုင်ခုံ Ejection Seat တစ်ခုကိုလည်း တွေ့ရှိရသည်။

 

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအရ ရှာဖွေကယ်ဆယ်ရေးအတွက် အထူး ပြုလုပ်ထားသော HC-130 ကုန်တင်လေယာဉ်တစ်စင်းနှင့် HH-60W ရဟတ်ယာဉ်များကို အီရန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ခူဇက်စတန် ဒေသတွင် နေ့ခင်းကြောင်တောင် အနိမ့်ပျံသန်းကာ အသည်း အသန် ရှာ‌ ဖွေ နေသည်ကို တွေ့မြင်ရသည်။ 

 

ထိုနေရာသည် အနီးဆုံး မဟာမိတ်အခြေစိုက်စခန်းရှိရာ ကူဝိတ်နိုင်ငံနှင့် ကီလိုမီတာ ၄၀၀ ခန့် ကွာဝေးသည်။

 

HC-130 လေယာဉ်သည် ဝေဟင်မှနေ၍ ကွပ်ကဲမှုဌာန၊ ဆက်သွယ်ရေးဗဟိုချက်နှင့် လေယာဉ်များအား ဆီဖြည့်ပေးသည့် စင်မြင့်သဖွယ် ဆောင်ရွက်ပေးရပြီး၊ ရဟတ်ယာဉ်များကမူ ပျက်ကျသွားသော လေယာဉ်မှူးများကို မြေပြင်မှ သွားရောက်ကယ်တင်ရသူများ ဖြစ်သည်။

 

ထို ကယ်ဆယ်ရေး လုပ်ငန်းစဉ်များသည် အလွန်အန္တရာယ်များပြီး၊ လေယာဉ်များသည် လက်နက်ငယ်များဖြင့် ပစ်ခတ်မှု သို့မဟုတ် ပုခုံးထမ်း ဒုံးကျည်များ၏ တိုက်ခိုက်မှုဒဏ်ကို ခံရနိုင်ခြေ ရှိနေသည်။

 

အမေရိကန်နှင့် အီရန်သတင်းအချို့၏ ဖော်ပြချက်အရ အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်နေသော Black Hawk ရဟတ်ယာဉ်တစ်စင်းသည် ပစ်ခတ်ခံခဲ့ရပြီးနောက် အီရတ်နိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။ အမေရိကန် သတင်းဌာနတစ်ခုဖြစ်သော Newsmax ၏ အဆိုအရ ထိုရဟတ်ယာဉ်ပေါ်ပါ အဖွဲ့သားများအားလုံး ဘေးကင်းကြောင်း သိရှိရသည်။

 

Strike Eagle တိုက်လေယာဉ်များတွင် လေယာဉ်မှူး တဦးနှင့် လက်နက်စနစ်ထိန်းချုပ်ရေးအရာရှိတဦး၊ စုစုပေါင်း နှစ်ဦး ပါရှိသည်။ ယခုအခါ ဒုတိယမြောက် လေယာဉ်အဖွဲ့သား၏ ကံကြမ္မာမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

 

အီရန်အစိုးရက ပျက်ကျသွားသော လေယာဉ်အဖွဲ့သားများကို ရှာဖွေတွေ့ရှိသူများအား ဆုငွေပေးမည်ဟု ကတိပြုထားပြီး၊ အီရန်နိုင်ငံသားတစ်ဦးကမူ တိုမန် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ခန့်) ပေးမည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။ ထို့ပြင် အီရန်ပြည်သူများကိုလည်း "၎င်းတို့ကို တွေ့ရှိပါက ပစ်သတ်ကြရန်" တိုက်တွန်းနှိုးဆော်ထားသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

 

ဖမ်းဆီးခံရသည့် လေသူရဲများသည် အမေရိကန်၏ စစ်ပွဲသမိုင်းကြောင်းများတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လေ့ရှိသည်။ ဗီယက်နမ်စစ်ပွဲအတွင်းက လေယာဉ်အဖွဲ့သား ၅၀၀ နီးပါးကို မြောက်ဗီယက်နမ်က စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခဲ့ပြီး၊ ထိုအထဲတွင် နောက်ပိုင်း၌ အထက်လွှတ်တော်အမတ်နှင့် သမ္မတလောင်း ဖြစ်လာသူ ဂျွန်မက်ကိန်းမှာ အထင်ရှားဆုံး ဖြစ်သည်။

 

၁၉၈၃ ခုနှစ်တွင်လည်း အမေရိကန် လေကြောင်းလမ်းပြအရာရှိတစ်ဦးကို လက်ဘနွန်နိုင်ငံရှိ ဆီးရီးယားတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားခဲ့ကာ၊ ထိတ်တန်း ညှိနှိုင်းမှုများ ပြုလုပ်ပြီးမှသာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၁၉၉၁ နှင့် ၂၀၀၃ ခုနှစ်များတွင်မူ ဆဒမ်ဟူစိန်သည် ပျက်ကျသွားသော အမေရိကန်လေသူရဲများကို ဝါဒဖြန့်ချိရေးအတွက် အသုံးချခဲ့ပြီး၊ စစ်ပွဲကို ဆန့်ကျင်ကြောင်း ဗီဒီယိုများ ရိုက်ကူးခိုင်းကာ ရုပ်သံလိုင်းများမှ တဆင့် ပြသခဲ့ဖူးသည်။

 

အီရန်နိုင်ငံသည် စစ်မဖြစ်ပွားသည့် ငြိမ်းချမ်းသောကာလများတွင်လည်း အမေရိကန်ဝန်ထမ်းများကို ဖမ်းဆီးခဲ့ဖူးသည့် သာဓကများ ရှိခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် အမေရိကန်သံရုံးအတွင်း ဖမ်းဆီးခံခဲ့ရသော သံတမန်များသည် စစ်သုံ့ပန်းများ မဟုတ်ဘဲ ဓားစာခံများသာ ဖြစ်ကြသည်။

 

သို့သော် ၂၀၁၆ ခုနှစ်တွင်မူ ပါရှန်ကွေ့ရှိ ဖာစီကျွန်း အနီး၌ အမေရိကန် ရေတပ်သား ၁၀ ဦးကို အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို တစ်ရက်မပြည့်မီ အချိန်အတွင်း ပြန်လည်လွှတ်ပေးခဲ့သော်လည်း၊ လက်များကို ခေါင်းပေါ်တင်ကာ ဒူးထောက်ခိုင်းထားသည့် အရှက်ရဖွယ် ဓာတ်ပုံများကို ရိုက်ကူး၍ ထုတ်ဖော်ပြသခဲ့သည်။

 

လွန်ခဲ့သော သီတင်းပတ်များအတွင်းက အီရန်နိုင်ငံအပေါ် ထားရှိသည့် အမေရိကန် ခေါင်းဆောင်ပိုင်း၏ ပြောဆိုချက်များသည် တင်းမာ ခက်ထန်လာခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က အမေရိကန်အနေဖြင့် အီရန်အပေါ် "ညှာတာမှု လုံးဝပေးမည်မဟုတ်သလို၊ သနားငဲ့ညှာမှုလည်း ပြုမည်မဟုတ်" ဟု ပြောကြားခဲ့သည်။ ၎င်းက "တနေကုန် ဝေဟင်ကနေ သေဆုံးပျက်စီး စေရမယ်" ဟူသော စကားရပ်ကိုလည်း သုံးနှုန်းခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဧပြီလ ၁ ရက်နေ့က ပြုလုပ်သော ရုပ်သံမိန့်ခွန်းတစ်ခုတွင် အီရန်နိုင်ငံကို "၎င်းတို့နှင့် ထိုက်တန်သည့် ကျောက်ခေတ်ဆီသို့ ပြန်ပို့ပေးမည်" ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့သော ပြောဆိုချက်များသည် ဖမ်းဆီးခံထားရသူများ၏ အခြေအနေကို ပိုမို ခက်ခဲဆိုးရွားသွားစေနိုင် သည်။

 

အကယ်၍ အီရန်သည် အမေရိကန်အရာရှိတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါက အလျှော့အတင်းလုပ်ရာတွင် အလွန် အစွမ်းထက် သည့် ဖဲချပ် တချပ် ဖြစ်လာပေမည်။ သမ္မတ ထရမ့်က သူ၏ မိန့်ခွန်းတွင် ဤစစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့်သာ ဆက်လက်ဖြစ်ပွားလိမ့်မည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

 

အကယ်၍ အီရန်က စစ်သုံ့ပန်း တစ်ဦးကို ရုပ်သံလိုင်းများမှတစ်ဆင့် လူထုရှေ့ ထုတ်ဖော်ပြသခဲ့ပါက (ဤလုပ်ရပ်သည် ဂျီနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်သည်)၊ ၎င်းတို့သည် ဟော်မုဇ်ရေလက်ကြားကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားနိုင်သည့်အပြင် နောက်ထပ် အသာစီးရနိုင်သော အခွင့်အရေးတစ်ခုကိုလည်း ရရှိသွားမည်ဖြစ်သည်။ ၎င်းအပြင် လေယာဉ်မှူး၏ ကံကြမ္မာ သို့မဟုတ် ရှိနေသည့်နေရာနှင့် ပတ်သက်၍ မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခြင်းကလည်း အီရန်အတွက် အားသာချက်တစ်ခု ဖြစ်စေနိုင်သည်။

 

ဧပြီလ ၃ ရက်နေ့တွင်မူ အီရန်ဘက်က အစ္စလာမ္မာဘတ်မြို့၌ အမေရိကန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒမရှိကြောင်းနှင့် အမေရိကန်၏ တောင်းဆိုချက်များသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောလာခဲ့သည်။

 

အကယ်၍ လေယာဉ်အဖွဲ့သားကို ကယ်ဆယ်နိုင်ခဲ့ပါက ဤဖြစ်စဉ်သည် အမေရိကန်တွင် အနည်းငယ် သာ စိုးရိမ်တုန်လှုပ်မှု ဖြစ်စေနိုင်သော်လည်း စစ်ရေးအရ ကြီးမားသော အရှုံးတစ်ခုအဖြစ် ရှုမြင်မည်မဟုတ်ပေ။ ဥပမာအားဖြင့် ၁၉၉၉ ခုနှစ်တွင် ဆားဘီးယားနိုင်ငံက အမေရိကန်၏ ကိုယ်ပျောက်တိုက်လေယာဉ် (Stealth aircraft) တစ်စင်းကို ပစ်ချခဲ့ဖူးသော်လည်း စစ်ပွဲ၏ရလဒ်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။

 

သို့သော် အမေရိကန်လေသူရဲတစ်ဦး အီရန်၏ လက်ထဲတွင် ဖမ်းဆီးခံရခြင်းသည် အမေရိကန်ပြည်သူများအကြား ဒေါသတကြီး တုံ့ပြန်မှုများသေချာပေါက် ထွက်ပေါ်လာမည်ဖြစ်ပြီး၊ သမ္မတ ထရမ့် အနေဖြင့်လည်း ၎င်းကို ပြန်လွှတ်ပေးရန် အီရန်ကို ဖိအားပေးသည့်အနေဖြင့် ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်လာနိုင်ဖွယ် ရှိသည်။ လွန်ခဲ့သော သီတင်းပတ်များအတွင်းက သမ္မတသည် အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ရေချိုထုတ်လုပ်သည့် စက်ရုံများကို ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

 

ဧပြီလ ၂ ရက်နေ့ကလည်း အမေရိကန်သည် အီရန်မြောက်ပိုင်းတွင် တည်ဆောက်ဆဲ တံတားတစ်စင်းကို ဖျက်ဆီးခဲ့ပြီး၊ ထိုတံတားသည် အီရန်တွင် အကြီးဆုံးတံတားဖြစ်ကြောင်း သမ္မတ ထရန့်က ကြွားဝါပြောဆိုခဲ့သည်။ ယခုအခါ ယခင်ကလို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုများ မလုပ်တော့သော်လည်း စစ်သုံ့ပန်း တဦး လွတ်မြောက်ရေးအတွက် အသည်းအသန် ကြိုးပမ်းရမည့် အခြေအနေမျိုးတွင်မူ ထိုသဘောထားမှာ ပြောင်းလဲသွားနိုင်သည်။

 

(၂၀၂၆ မတ်လ ၃ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ A captive American in Iran could lead to further escalation ဆောင်းပါးကို ပြန်လည် တင်ပြသည်။)