တရုတ်၏ ဘူမိနိုင်ငံရေး အနေအထား နှင့် တောင်တရုတ် ပင်လယ်

by Hla Soewai - Sep 12 2020

တရုတ်ပြည်သည် သမိုင်းကြောင်းအရ အနောက်ဖက်ကို ခြေလှမ်းဖို့ ပိုပြီး အားသန်ခဲ့ပါတယ်၊ ကိုရီယား နဲ့ ဂျပန်လောက်က လွဲရင် ပစိဖိတ် သမုဒ္ဒရာ ပြင်ကျယ်ကြီးကို အားပြုခဲ့တာ များပါတယ်၊ အနောက်ပိုင်း နိုင်ငံများက အမြဲတမ်းလို တရုတ်ရဲ့ အသက်သွေးကြောကြီးလို ဖြစ်နေခဲ့ပါတယ်။

 

တရုတ်တို့၏ ယဉ်ကျေးမှု သည် ကာလကြာမြင့်စွာကတည်းက ရှိနေခဲ့ပြီး ပြိုပျက်လိုက် အသစ်တဖန် ပြန်ပေါ်လာလိုက် နဲ့ အတက်အကျ တွေ နဲ့ ခရီးဆက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် တရုတ် လူ့အဖွဲ့အစည်းသည် ကမ္ဘာမှာ ရှေးအကျဆုံး နဲ့ အတည်ငြိမ်ဆုံး ဖြစ်ခဲ့တယ်လို့ ယေဘုယျ ပြောလို့ရပါတယ်။

 

အမေရိကား တိုက်ကို ရှာမတွေ့ခင် ကတည်းက တရုတ် က နိုင်ငံအများအပြားနဲ့ ကုန်သွယ်နေခဲ့ပြီး ဖြစ်ပါတယ်၊ တရုတ် အလယ်ပိုင်း စီယန် ပြည်နယ်နဲ့ မြေထဲပင်လယ် ကမ်းရိုးတန်း အရှေ့ခြမ်း နိုင်ငံများကို ထင်ရှားလှတဲ့ ပိုးလမ်းမကြီး ကတဆင့် ကူးလူးဆက်ဆံနေကြတာပါ၊ တရုတ်ပြည်က လာတဲ့ ပိုးထည်တွေကြောင့်လည်း ပိုးလမ်းမကြီးလို့ အမည်တွင်ခဲ့တာပါ။ အဲ့ဒီအချိန်က ဥရောပ မှာ ရောမ အင်ပါယာကြီး အားကောင်းနေစဉ် ကလည်း ဖြစ်ပါတယ်။

 

တရုတ်အဖို့ အနောက်တိုင်း နဲ့ ကုန်ကူးသန်းနိုင်ရေးကို အားပြုထားတယ် ဆိုပေမယ့် သူတို့ ကျင့်သုံးနေတဲ့ စီးပွားရေး ပုံစံကိုတော့ အပြောင်းအလဲမရှိ ဆက်လက်ကျင့်သုံးခဲ့တာ တွေ့ရပါတယ်၊ အနောက်တိုင်းရှိ အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ အင်္ဂလန်၊ စပိန်နဲ့ ပေါ်တူဂီ နိုင်ငံများက သုံးမြှောင့်ပုံ ကုန်သွယ်ရေး နဲ့ အင်ပိုင်ယာတွေ ထူထောင်ဖို့ ကြံစည်လာချိန်မှာ တရုတ်ပြည်ကြီးက စည်ပင်ဝပြောနေပြီ ဖြစ်ပါတယ်။ ဒီလိုအနေအထားက ရာစုနှစ်ပေါင်း များစွာ ကြာအောင် ရှိနေခဲ့ရာက ဒုတိယ ကမ္ဘာစစ်ကြီးမှာတော့ တရုတ် ဗုန်းဗုန်းလဲကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန် သည် နိုင်ငံရေး နဲ့ စီးပွားရေး နယ်ပယ်မှာ တခုတည်းသော အင်အားကြီး နိုင်ငံ အဖြစ် ထွက်ပေါ်လာတာ အားလုံး သိပြီး ဖြစ်ပါတယ်။

 

အဲ့ဒီနောက် မကြာမီမှာပဲ အမေရိကန်က တရုတ်ကို ထိန်းထားနိုင်ဖို့ စတင် စီမံလာခဲ့ပါတယ်။ တရုတ်အဖို့က ၎င်းတို့ရဲ့ မအောင်မြင်သော မူဝါဒ များ ကြောင့် အဆင်မပြေမှုများနှင့် ကြုံလာရချိန်မှာ အမေရိကန် အပေါ် မယုံကြည်မှုတွေ တိုးပွားလာခဲ့ခြင်းနှင့်အတူ ၂၁ ရာစု အတွင်း အနောက်ကို ခြေလှမ်းနိုင်ဖို့ အတွက် စီမံချက်တွေ အကြီးအကျယ် ချမှတ်လာတာလည်း ဖြစ်ပါတယ်။

 

သို့သော် အင်အားကြီး နိုင်ငံ ဖြစ်တဲ့ အမေရိကန်က သူကျက်စားခဲ့ရာ တောင်တရုတ် ပင်လယ်ထဲကနေ ဖယ်ထုတ်တာ မခံရအောင် တရုတ်ရဲ့ လှုပ်ရှားမှု မှန်သမျှ ကို ဟန့်တားလာတာလည်း ဖြစ်ပါတယ်။ တရုတ်အနေနဲ့ အခုလို စီမံချက်ကြီး တွေ ချလာနိုင်အောင် ဘာတွေက တွန်းအားပေးလာခဲ့သနည်း၊ ယင်းနှင့် အတူ တောင်တရုတ်ပင်လယ်အတွင်းရှိ ဘူမိနိုင်ငံရေး အနေအထားကို ဘယ်လို ရိုက်ခတ်လာနိုင်သလဲ ဆိုတာ ဆက်လက် တင်ပြသွားပါမယ်။

 

တောင်တရုတ် ပင်လယ်နဲ့ ပတ်သက်ပြီး လက်ရှိ တရုတ်ရဲ့ အနေအထားကို လေ့လာမယ် ဆိုရင် သူတို့ရဲ့ ယခင်က ကျရှုံးခဲ့မှုတွေ၊ မကျေမနပ်နဲ့ အောင့်အီး မြိုသိပ်ခဲ့မှုတွေကို အလွယ်တကူ နားလည်နိုင်ဖို့ မခဲယဉ်းလှပါဘူး။

 

တရုတ်တို့ အမေရိကန် အပေါ် ရန်ညှိုးစဖွဲ့လာတာ ဆယ်ကိုးရာစု နှစ် အကုန်ပိုင်း လောက်ကတည်းက ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် ၁၈၈၂ ခုနှစ် မှာ အမေရိကန် ကွန်ဂရက်က Chinese Exclusion Act” လို့ ခေါ်တဲ့ “တရုတ် လူမျိုး များ သီးသန့် ဖယ်ထုတ်ရေး” အက်ဥပဒေ ကို ပြဠာန်းလာပါတယ်။ ၁၈၈၂ မေလ ၆ ရက်နေ့မှာ သမ္မတ ချက်စတာ အေ အာသာ ကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တဲ့ အက်ဥပဒေကြောင့် တရုတ်တို့ မျက်နှာကို ဖြတ်အရိုက်ခံလိုက်ရသလို ခံစားခဲ့ကြရပါတယ်၊ ဒီဥပဒေအရ တရုတ် အလုပ်သမားများအား နိုင်ငံအတွင်း တင်သွင်းလာခြင်းကို ဆယ်နှစ်တိတိ ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

 

၁၈၆၈ လောက်က စပြီး အမေရိကန်ရှိ ပစိဖိတ် မီးရထား ကုမ္ပဏီကြီးက နိုင်ငံတဝှမ်း မီးရထားလမ်း ဖေါက်လုပ်ရေး အတွက် တရုတ် အလုပ်သမားတွေကို အုံနဲ့ ကျင်းနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်အလုပ်သမား တွေ သောင်းချီ ဝင်ရောက်လာပြီး ပစိဖိတ် မီးရထား ကုမ္ပဏီကြီးရဲ့ စုစုပေါင်း အလုပ်သမား အင်အားရဲ့ ၈၀% အထိ ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် တရုတ် အလုပ်သမားများ အဖို့ အမေရိကန်ရဲ့ ပြစ်ပြစ်ခါခါ ဆက်ဆံခြင်း ခံခဲ့ကြရပါတယ်။

 

နောက်တချက် ကတော့ တရုတ် ကွန်မြူနစ် ပါတီ မှ စီးပွားရေး နဲ့ လူမှုရေး အပြောင်းအလဲများ ပြုလုပ်လာတဲ့ ခုန်ပျံကျော်လွှား ရှေ့သို့ချီ ဆိုတဲ့ Great Leap Forward လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်၊ ဒီလှုပ်ရှားမှုကြီးက ၁၉၅၈ ကနေ ၁၉၆၁ အထိ ကြာမြင့်ခဲ့ပါတယ်၊ ခေါင်းဆောင်ကြီး မော်စီတုန်း က တရုတ်ပြည် ခေတ်မှီ တိုးတက်ပြီး ကမ္ဘာနဲ့ အမြန် ရင်ဘောင်တန်းနိုင်မှ နောက် အနှစ် သုံးဆယ် ဖြစ်တဲ့ ၁၉၈၈ ကျရင် အမေရိကန်နဲ့ ယှဉ်နိုင်မယ် ဆိုပြီး ချမှတ် အကောင်အထည် ဖေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

 

အဆိုပါ လှုပ်ရှားမှုကြီးက လယ်ယာစိုက်ပျိုးရေး ကို အခြေခံ တဲ့ စီးပွားရေး ကို စက်မှု ကုန်ထုတ်လုပ်ငန်း များ အပေါ် အမှီပြုတဲ့ စီးပွားရေး အဖြစ် အသွင်ပြောင်းခဲ့ရာ မှာ အောင်မြင်ခဲ့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာ နဲ့ အကြီးအကျယ် ဆင်နွှဲခဲ့တာမို့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဘေးကြီး ဆိုက်လာခဲ့ပါတယ်။ လယ်ယာသုံး ထွန်တုံး ထွန်သွားများပါမကျန် အိမ်တွင်းလုပ် သံရည်ကျို စက်တွေထဲ လောင်းထည့်ခဲ့ရတဲ့ အတွက် မငတ်ပဲ အဘယ်လာ ခံနိုင်ပေအံ့နည်း။

 

စုပေါင်းလယ်ယာ စနစ်သာ အားပေးပြီး ပုဂ္ဂလိက လယ်လုပ်ကိုင်မှု ကို ပိတ်ပင်ခဲ့ပြီး တွေ့ရှိက ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ မူလ ရည်မှန်းခဲ့သလို ခုန်ပျံကျော်လွှား ရှေ့သို့ လှမ်းမချီနိုင်တော့ပဲ နဂိုရှိပြီးသား အနေအထား ပျက်ယွင်းလာပြီး စီးပွားရေး နှေးကွေး ကျဆင်းသွားပါတယ်။ အစာရေစာ ငတ်မှုမှု ဒဏ်ကြောင့် တရုတ် နိုင်ငံသား သန်းပေါင်းများစွာ သေဆုံးသွားခဲ့ရပါတယ်။

 

မော်စီတုန်းရဲ့ အဓိက အမှားကတော့ အမေရိကန်ကို ယှဉ်ပြိုင်ချင်ဇော အားကြီးပြီး ဆိုဗီယက် လယ်ယာစိုက်ပျိုးရေး ပုံစံကို နိုင်ငံအနေအထား နဲ့ ကိုက်ညီမှု ရှိမရှိ ကို မစဉ်းစားပဲ အတင်း ပုံတူ ကူးချခဲ့တာကြောင့် ဖြစ်ပါတယ်။

 

မော်စီတုန်း အဖို့ အရှက်တကွဲ အကျိုးနည်း ဖြစ်လာခဲ့ရပြီး ပါတီတွင်း မှာပင် မသိမသာ ဘေးရောက်လာခဲ့ရပါတယ်။ ဒါကို ရိပ်စားလာမိတဲ့ မော်စီတုန်းက ပါတီတွင်း တန်ပြန်တော်လှန်ရေး အုပ်စုတွေ အားကောင်းလာပြီ ဆိုပြီး ၁၉၆၆ မှာ ယဉ်ကျေးမှု တော်လှန်ရေး ဆိုတာကို စတင်လာခဲ့ပြီး သူရဲ့ ကျဆင်းလာနေတဲ့ အာဏာနီ ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။ (ပုံတွင် ရှု့)

 

အဆိုပါ တရုတ် ယဉ်ကျေးမှု တော်လှန်ရေးကြီးက ပြင်းထန် လွန်းတာမို့ တနိုင်ငံလုံး ဇောက်ထိုး မိုးမျှော် ဖြစ်လာခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။ နှစ် ငါးဆယ် ကာလအတွင်း သွေးထွက် သံယိုမှု အများဆုံး ဖြစ်စဉ်ကြီး လို့ သမိုင်းပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။ မော်စီတုန်း ရဲ့ ဆယ်နှစ်နီးပါးကြာ အာဏာ လက်ဝယ် ပြန်ရရေး ကြိုးပမ်းမှုမှာ တရုတ် လူငယ်အများအပြား အသုံးချခံခဲ့ရပါတယ်။

 

တရုတ် တပ်နီလူငယ်များ ကနေ လမ်းပေါ်မှာ ဝတ်ကောင်းစားလှ ဝတ်လာသူများကိုပင် ဘူဇွာ အဝတ်အစားတွေ ဝတ်တယ်ဆိုပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ရှေးဟောင်း သမိုင်းဝင် ပစ္စည်းတွေ၊ စာအုပ်စာတမ်းတွေကိုလည်း ပဒေသရာဇ် ခေတ် ရဲ့ အမွေဆိုးတွေ ဆိုပြီး ဖျက်ဆီး မီးရှို့ပြစ်ကြပြန်ပါတယ်၊ ဆိုင်းဘုတ် မှန်သမျှကိုလည်း အရင်းရှင် နယ်ချဲ့ တို့၏ ခြေရာလက်ရာ များဆိုပြီး ဖြုတ်ချပြစ်ကြပါတယ်၊

 

ထိုကဲ့သို့ တပ်နီများ တနိုင်ငံလုံး ဗြောင်းဆန် အောင် သောင်းကျန်းခဲ့မှုရဲ့ ရလဒ် အဖြစ် စီးပွားရေး မှာလည်း ချွတ်ခြုံကျလာခဲ့ပြီး ဆယ်နှစ်နီးပါး နာလံ မထူနိုင်အောင် ဖြစ်လာခဲ့ရပါတယ်၊ လူပေါင်း ၁.၅ သန်းခန့် သေဆုံးသွားခဲ့ရပါတယ်။

 

လူသန်းပေါင်းများစွာလည်း ဖမ်းဆီးခံရ၊ ကျေးလက်ဒေသများ သို့ ပို့ခံရ၊ ပစ္စည်းဥစ္စာများ သိမ်းဆည်းခံခဲ့ရတဲ့ အပြင် ပညာတတ်တွေ ပါတီ အရာရှိတွေလည်း အရှက်တကွဲ အကျိုးနည်း အောင် စီရင်ခဲ့ကြပါတယ်။

 

ဒီအထဲ မှာ လက်ရှိ သမ္မတ ရှီကျင့်ဖျင်ရဲ့ အမလည်း ပါသွားခဲ့ပါတယ်၊ တပ်နီတွေရဲ့ လုပ်ရပ်ကို မခံနိုင်တော့လို့ ကိုယ်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ ရှီ ရဲ့ ဖခင်က မော်စီတုန်း အစိုးရရဲ့ ဒုတိယ ဝန်ကြီးချုပ် ဖြစ်ပေမယ် ပါတီသန့်စင်ရေး ထဲပါသွားပြီး ဟီနန် ပြည်နယ်ထဲက လိုယန်း မြို့ရှိ စက်ရုံတရုံမှာ အလုပ်ကြမ်းသမား အဖြစ် ခိုင်းစေတာ ခံခဲ့ရပါတယ်။

 

ရှီ ရဲ့ ပညာရေး လည်း အလယ်တန်း ကျောင်း တပိုင်းတစ နဲ့ ထွက်ခဲ့ရပြီး ကျေးလက်ဒေသ ရှိ ဂူတဂူထဲမှာ အိမ်လုပ်ပြီး တယောက်တည်း နေထိုင်ရကာ မြောင်းတူး မြောင်းဖေါ်ရတဲ့ အလုပ်တွေ လုပ်ခဲ့ရပါတယ်။ ၁၉၇၂ မှာ ဝန်ကြီးချုပ် ချူအင်လိုင်း အမိန့်နဲ့ မိသားစု ပြန်လည် ပေါင်းစည်းခွင့် ရခဲ့ပါတယ်။

 

အကြောင်းတိုက်ဆိုင်လို့ ရှီရဲ့ ပညာရေး ကို ပြောရမယ်ဆိုရင် ယဉ်ကျေးမှု တော်လှန်ရေးကြောင့် အလယ်တန်း ကျောင်း မှာ ၆ တန်း နဲ့ ပညာရေး တပိုင်းတစ ကျောင်းထွက်ခဲ့ရတဲ့ ရှီသည် ဖခင် အဆက်အသွယ်နဲ့ပဲ နာမည်ကျော် ဆင်ဂူဟွာ တက္ကသိုလ်ကြီးမှာ ၁၉၇၅-၇၉ အတွင်း အလုပ်သမား-လယ်သမား-စစ်သား ကျောင်းသား အတန်းအစားဖြင့် ဓါတု အင်ဂျင်နီယာ ဘာသာရပ်ကို ဆက်လက် ဆည်းပူးခွင့် ရခဲ့ပါတယ်။ မက်စ်ဝါဒကိုလည်း ထိုကျောင်းတိုက်ကြီးမှာပဲ လေ့လာဆည်းပူးခဲ့ရပါတယ်။

 

ရှီ အဖို့ လောကဓံကို ကျောကော့အောင် ခံစားခဲ့ရသူ ဖြစ်တာမို့ လက်တွေပဓာန ဝါဒကို ထိုစဉ်ကတည်းက ကျင့်သုံးလာခဲ့တာလည်း ဖြစ်ပါတယ်။

 

မော်စီတုန်း မှ ယဉ်ကျေးမှု တော်လှန်ရေး ဆိုကာ သူ တည်ထောင်ခဲ့တဲ့ ပါတီ နဲ့ စနစ်ကို ဆယ်စုနှစ် တခုနီးပါး ပြင်းထန်စွာ ချေမှုန်းခဲ့တဲ့ ဒဏ်ကြောင့် အစိုးရအပေါ် လူထုရဲ့ ယုံကြည်မှု ကင်းမဲ့သွားတာပဲ အဖတ်တင်ခဲ့ပါတော့တယ်။

 

ဆက်လက်တင်ပြပါမယ်။