သမ်မကြီး အောက်ငုံ့ကြည့်၊ ချော်လဲတော့မယ်

by Hla Soewai - Apr 05 2026

ကာကွယ်‌ ရေး ဦးစီးချုပ် အဖြစ်မှ အနားယူသွား‌ရ သော မင်းအောင်လှိုင်သည် မိနစ်ပိုင်း အတွင်း မှာပင် ၎င်းတို့ စိတ်ကြိုက် ခန့်အပ်ထားသည့် လွှတ်တော်မှတစ်ဆင့် စစ်မီးတောက်လောင်နေသော နိုင်ငံ၏ နောက်ထပ် အရပ်သားခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရဖို့ နီးကပ်လာနေပြီ ဖြစ်သည်။

 

ယင်းသည် စနစ်တကျ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး၊ ယခုအခါ အသက် ၆၉ နှစ်ရှိပြီဖြစ်ကာ လူထု မုန်းတီးခြင်းကို ခံနေရသည့် အဆိုပါ စစ်‌ ခေါင်းဆောင် ဟောင်းကို နိုင်ငံ၏ နောက်ထပ် အရပ်သားခေါင်းဆောင် ဖြစ်လာစေရန် လမ်းခင်းပေးခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်က အာဏာသိမ်းပြီး ဖယ်ရှားခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာကို အစားထိုးဝင်ရောက်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ ယခုထက်တိုင် မသိရသည့် နေရာတစ်ခုတွင် ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

 

ထိုရာထူးကို ရဖို့ နှစ်‌ပေါင်းများစွာ မျှော်လင့် တောင့်တ နေသူ ဖြစ်မှန်းလည်း အားလုံးက သိထားကြပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်သည် မဲပေးခွင့်ရှိသူ ၂၆၀ ဦးအနက် ၂၄၇ မဲ ရရှိခဲ့ကြောင်း သိရ‌၍ ထိုလွှတ်တော်တွင် တိုင်းပြည် နှင့် လူထု ကို သနားရ ကောင်းမှန်း သိတတ်သူ ၁၃ ဦး ရှိနေသည်ဟု ယူဆရသည်။

 

“အခုတော့ မင်းအောင်လှိုင်က သမ္မတ ဖြစ်လာတော့မယ်၊ ရဲဝင်းဦးကလည်း ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီဆိုတော့ သူတို့နှစ်ယောက်ပေါင်းပြီး တိုင်းပြည်ကို ဆက်ပြီး ဖျက်ဆီးကြဦးမှာပါပဲ” ဟု စီဒီအမ် ဗိုလ်မှုး ဟောင်း ဦးနောင်စိုးက ဆိုသည်။ “တိုင်းပြည်အတွက် ကောင်းလာစရာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး၊ ရှေ့မှာ ပိုဆိုးမယ့် အခြေအနေတွေပဲ ရှိတော့တယ်”

 

မင်းအောင်လှိုင်သည် ၎င်း နောက်ဆုံး တက်ရောက်ခဲ့သည့် စစ်ရေးပြ အခမ်းအနား တွင် ယခုလို ပြောသွားခဲ့ပြန်သည်။

 

“တပ်မတော်သည် ခေတ်အဆက်ဆက်တွင် မည်သည့်အရာထက်မဆို နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှုလျက် မိမိတို့၏ မြင့်မြတ်လှသော တာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ပါသည်ဟု ကျွန်ုပ် လေးနက်စွာ အတည်ပြုပြောကြားလိုပါသည်” ဟု ၎င်းက ဆိုသည်။

 

၎င်း သည် ပြည်သူ လူထု အပေါ် သစ္စာ ရှိစွာ ထမ်းဆောင်ခဲ့ခြင်း ဆိုသည်မှာ နိုင်ငံ ခေါင်းဆောင်များ အဖြစ် ပြည်သူများ တခဲနက် ရွေးချယ် တင်မြှောက်ခဲ့သော ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချ၊ နိုင်ငံ၏ တိုးတက်ရာ တိုးတက်ကြောင်း ဖေါ်ဆောင်ပေးနေသည့် ဒီမိုကရေစီ လမ်းကြောင်းကို အဆုံးသတ်ခဲ့ပြီး ပြည်တွင်းးစစ်ကြီး မီးဟုန်းဟုန်း တောက်လောင်ခဲ့ပြီးနိုင်ငံ၏ စီးပွားရေးကိုလည်း ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်စေခဲ့ခြင်းပင် ဖြစ်သည်။

 

ကာချုပ် အဖြစ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလ အတွင်း တကယ်တမ်း ဖြစ်ခဲ့သည်က ပြည်သူလူထုအပေါ် နှိပ်ကွပ်ရာတွင် ရက်စက်ကြမ်းကြုတ်ခဲ့သူ ဖြစ်ခြင်း။ လူနည်းစု မွတ်စလင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်ဆင်ရေးကို ဦးဆောင်ခဲ့ခြင်း၊ ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်းခြင်း၊ လက်နက်မဲ့ ဆန္ဒပြသူများကို သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့သာ ဖြစ်သည်။

 

ထိုသို့ တိုင်းပြည်တစ်ခုလုံး အဖတ်မဆယ်နိုင်အောင် ပျက်စီးသွားခဲ့ရပြီ ဖြစ်၍ မဲသမာမှု ကြောင့် လုပ်ခဲ့ရသည် ဆို‌သော အကြောင်းပြချက်အား လုပ်သင့်ပါသည်ဟု မည်သူကမျှ လက်မခံနိုင်ကြတော မည်သို့မျှလည်း ကျိုးကြောင်း ဆီလျှော်မှု မရှိတော့၊ သမ္မတ လုပ်လိုသည့် စိတ်သက်သက် နှင့် အကြောင်းပြခဲ့ခြင်းသာ ဖြစ်သည်ဟု ရှူမြင်ကြတော့မည် ဖြစ်သည်။

 

ရဲဝင်းဦးကလည်း အားကျမခံ “ကျွန်‌ တော်အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ တပ်မတော်၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားတို့ကို ဆက်လက် ထမ်းရွက်သွားမည်ဖြစ်သည်” ဟု ထည့်သွင်းပြောဆိုသွားပြန်သည်။

 

ရာထူးက မထွက်မီ ၎င်း၏ သစ္စာခံ ထောက်လှန်း‌ ရေး အကြီးအကဲ ရဲဝင်းဦး နှင့် ဆရာတပည့် နှစ်ယောက် နောက်ဆုံး လက်စွမ်း ပြသွားသည်က အာရက္ခ တပ်ဝောာ်၏ စစ်သုံ့ပန်းများ ထိန်းသိမ်းထားသည့် စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ စစ်သား ၁၁၆ ဦး သေဆုံး သွားခဲ့ရသည်။

 

ထိုကိစ္စ တွင် တာဝန် အရှိဆုံး ထောက်လှန်းရေး အကြီးအကဲ ဖြစ်သူ ရဲဝင်းဦးသည် ရာထူးမှ မယူမီကပင် စစ်တပ် အတွင်း မကျေချမ်းစရာ ဖြစ်လာရသည်။ နကိုယ်ကတည်းက OTS ကျောင်းဆင်း တဦး ဖြစ်၍ အစာမကြေ ဖြစ်နေကြသော ဒေါ်စိန်အေး ကျောင်းဆင်းများက ၎င်းတို့ အထက်မှ လာ၍ အုပ်ချုပ်မည်ကို လက်မခံ လို ဖြစ်နေကြသည်။

 

စစ်တပ် အတွင်း ကွပ်ကဲမှု အမိန့်ပေး ပုံစံများနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် သက်ရောက်မှုရှိနိုင်ပြီး၊ ထိုမှတစ်ဆင့် စစ်အုပ်စု ၏ ရှေ့တန်းစစ်မြေပြင် မဟာဗျူဟာများအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်ပါသည်။

 

တဖက်တွင်လည်း မင်းအောင်လှိုင်သည် ၎င်းတို့အားလုံး သေတပန် သက်တဆုံး ချမ်းချမ်းသာသာ နေသွားနိုင်ဖို့ စီစဉ် ပေးနေခြင်းသာ ဖြစ်သည်ဟု ယူဆထားကြပြန်၍ အတတ်နိုင်ဆုံး အောင့်အီး သည်းခံ ကြမည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင်ဖက်ကလည်း ၎င်းကို ပခုံးချင်းယှဉ် နိုင်လောက်အောင် အစွမ်းအစ ရှိသူ တဦးတယောက်မျှ စစ်တပ်ထဲတွင် ရှိမနေရန် စိတ်ချအောင် လုပ်ခဲ့ပြီးမှ ခြံစောင့်ကို ထားခဲ့ကာ ဖုတ်ဖက်ခါ ထလာခဲ့ခြင်း ဖြစ်သည်။

 

စစ်ပွဲ နှင့် ကင်းလွတ်ရာ ဒေသများရှိ လူထုကြီး အဖို့က တ‌ နေ့တခြား ကုန်ဈေးနှုန်းကြီးမြင့်လာမှု၊ ကုန်ပစ္စည်းပြတ်လပ်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် အလုပ်လက်မဲ့ပြဿနာများကို ရင်ဆိုင်နေကြရသည်။ အိမ်ထောင်စု ထက်ဝက်ခန့်သည်လည်း စားနပ်ရိက္ခာ ဖူလုံမှု အလွန်အားနည်းနေပြီး ‘တစ်နေ့တခြား ရုန်းကန်နေကြရကာ အနည်းငယ်သော အခက်အခဲဒဏ်ကိုပင် မခံနိုင်ကြတော့ကြောင်း’ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သောကြာနေ့တွင် ပြောကြားခဲ့သည်။ 

 

ထိုသို့ လူအများသည် ထမင်း နပ်မှန်ဖို့ အရေး မနိုင်ရင်ကာ ရုန်းကန် နေရချိန်တွင် ဘန်ကောက်တွင် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ အမည်ဖြင့် ဝယ်ယူထားသည့် ဒေါ်လာ ၃ သန်းတန်ဖိုးရှိ ဇိမ်ခံအိမ်ရာ တစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် “Justice for Myanmar အဖွဲ့က ထိုင်းနိုင်ငံကို ပြီးခဲ့သည့်အပတ်က တိုက်တွန်းခဲ့သည့် သတင်းက ဟိုလေး တကျော်ကျော် ဖြစ်လာခဲ့သည်။ အဆိုပါ ငွေကြေးများသည် အဂတိလိုက်စားမှုမှ ရရှိလာခြင်း ကြောင့် ဖြစ်ပြီး ယခုကဲ့သို့ ဝယ်ယူခြင်းသည် ၎င်း အပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရှောင်တိမ်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က စွပ်စွဲထားသည်။

 

အနှီ ပုဂ္ဂိုလ်သည် နှစ်ပေါင်းများစွာအတွင်း မိမိကိုယ်မိမိ ယာယီသမ္မတ ရာထူးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မဟာသူရဲကောင်း ဘွဲ့တံဆိပ် အပါအဝင် ဘွဲ့ထူး၊ ဂုဏ်ထူး အများအပြားကို ပေးအပ်ခဲ့သည် ဖြစ်သည်။

 

စစ်တပ် ထိန်းချုပ်ထားသည့် နယ်‌ မြေများတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင် အုပ်ချုပ်မည့် အရေးကို နိုင်ငံတကာ က အသိအမှတ် ပြင်ဆင်လာခဲ့သည်၊ သမ္မတ ရာထူး အတွက် အဆိုပြုခံရမည့် အရေးကိုလည်း သေချာသည်ထက် သေချာစေရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီး ၎င်းတို့ နှင့် ပူးပေါင်းလာသော ပါတီ များထဲမှ အလားအလာ ရှိသူများ အဖြစ် ထွက် ပေါ်လာသည့် ပါတီများကိုလည်း နည်းပေါင်းစုံ သုံး၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရန် ပိတ်ပင်ခြင်း၊ ၎င်းတို့ လုပ်ချင်သလို လုပ်နေမှု ကို ဝေဖန်သူများ အား ထောင်ထဲထည့်ခြင်းများဖြင့် ၎င်းတို့လူများကို လွှတ်တော်အတွင်း အစုလိုက် အပြုံလိုက် သွတ်သွင်းလာနိုင်ခဲ့သည်။

 

ဒုခေါင်းဆောင် စိုးဝင်းကိုပင် ဖယ်ထုတ် ခဲ့ခြင်းကပင်လျင် အန္တရာယ် ရှိလာနိုင်သည့် အရာမှန်သမျှကို ကျူပင်ခုတ် ကျုငုတ်မကျန် ရှင်းပစ်မှ ဖြစ်မည်ဆိုသော အစိုးရိမ်ကြီးမှု ကို ဖေါ်ပြနေသည်။

 

မင်းအောင်လှိုင် အဖို့က ထိုသို့ အလိမ်အညာ အတုအယောင်များ ဖြင့် ဖန်တီးလာသော လွှတ်တော်မှ အဆိုပြုခံရပြီး သမ္မတ ရာထူး ရလာသူ ဖြစ်သည် ဆိုသည်ကို နိုင်ငံတကာက သိထား ပြီး ဖြစ်သည် ဆိုသည့် အချက်ကပင် ရှက်တတ်မည် ဆိုလျင် လွန်စွာ ရှက်ဖို့ ကောင်းနေရသည်။

 

၎င်းနှင့် အတူ ပထမ နှင့် ဒုတိယ ဒုသမ္မတ နှစ်ဦးဖြစ်လာရမည့် သူများ သည်လည်း "ကံဆိုးသူ မောင်ရှင်" များ ဖြစ်ကြရပေတော့မည်ဟု the Diplomat မဂ္ဂဇင်း တွင် ရေးသားထားသည်။

 

သားသမီး အရင်းအခြာပင် ကိုယ်ပုံသွင်း သလို ဖြစ်မလာ ခဲ့သည်များ ရှိနေ၍ ရဲဝင်းဦး နှင့် မင်းအောင်လှိုင်အကြား လုပ်ပိုင်ခွင့် များ အပေါ် မူတည်၍ တပ်တွင်း တည်ငြိမ်မှုမှာလည်း စိန်ခေါ်မှု ရှိလာနိုင်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

အချက်အလက်ကိုးကား - The New York Times/ South China Morning Post/ The Diplomat