အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(20)

by Hla Soewai - Apr 05 2026

ဤသို့ဖြင့် နာရီအနည်းငယ်အတွင်းမှာပင် မြန်မာတို့သည် ခံတပ်ခုနစ်ခုလုံးမှ ဆုတ်ခွာပေးလိုက်ရသည်။ ဗြိတိသျှတို့၏ တရစပ်ပစ်ခတ်မှုနှင့် လှံစွပ်ထိုး တိုက်ခိုက်လာမှု များကြောင့် မြန်မာစစ်သည် ရှစ်ရာခန့် ကျဆုံးခဲ့ရပြီး ဗြိတိသျှဘက်တွင်မူ အကျအဆုံး ငါးဆယ်ပင်မပြည့်ချေ။ ကြိုတင်စီမံထားသည့်အတိုင်း မြစ်နားရှိ ခံတပ်များမှ ထွက်ပြေးလာသူများကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား သေဆုံး ခဲ့ကြသည်။

 

ထိုသို့ ရှုံးနိမ့် သွားခဲ့မှု များသည် မြန်မာတို့၏ စိတ်ဓာတ်နှင့် တိုက်ပွဲဝင်လိုစိတ်ကို များစွာကျဆင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နောင်တွင် လွင်ပြင်၌ဖြစ်စေ၊ အခိုင်မာဆုံးသော ခံတပ်များအတွင်း၌ဖြစ်စေ မိမိတို့ ရှုံးနိမ့်နိုင်သည်ဟု ခံစားလာကြရသောကြောင့် ဖြစ်သည်။ စစ်ရေးသက်သက်အရ ကြည့်မည်ဆိုလျှင် ကမ်းဘဲလ် သည် အသာစီးရနေကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြနိုင်ခဲ့ပြီဖြစ်၍ အောင်ပွဲရရန် သေချာသလောက် ရှိနေပြီဖြစ်သည်။

 

သို့သော် အခြားရန်သူဖြစ်သည့် "ရောဂါဘယ" မှာမူ ပိုမိုဆိုးရွားလာပြီး စစ်သည်များကို အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေခဲ့သည်။ ထို့ကြောင့် မကြာမီအချိန်အတွင်း တိုက်ပွဲဝင်နိုင်စွမ်းရှိသော စစ်အင်အားကို ထုတ်နှုတ်နိုင်တော့မည်မဟုတ်ကြောင်း ကမ်းဘဲလ် သိရှိလာသည်။ ကြည့်မြင်တိုင်ရှိ ကင်းစခန်းမှ ရန်ကုန်သို့ ပြန်ရောက်လာသော အရာရှိငယ် ဒိုဗိုတန် က ရန်ကုန်မြို့သည် "ဗြိတိသျှနှင့် အိန္ဒိယစစ်သည်များ ဆေးရုံဝတ်စုံများဖြင့် သရဲတစ္ဆေများကဲ့သို့ တရွတ်တိုက်သွားလာနေကြသည့် ဆေးရုံကြီးတစ်ခုအလား" ဖြစ်လာ နေသည်ဟု ဆိုသည်။ ၎င်းတို့ အားလုံးမှာ ထိုစဉ်က ငှက်ဖျားရောဂါဟု ခေါ်ဆိုကြသော "အဖျားရောဂါ" ဝေဒနာကို ခံစားနေကြရသည်ကို တွေ့လာခဲ့ရသည်။

 

ရောဂါ နှင့် အာဟာရချို့တဲ့မှု ကြောင့် သေဆုံးသူ အရေအတွက်မှာ များလှသည်မဟုတ်သော်လည်း၊ အလွန်အားအင်ချည့်နဲ့သွားစေသဖြင့် ရာနှင့်ချီသော လူအများ အဖို့ အသက် အန္တရာယ် ရှိသည့် ကာလဝမ်းရောဂါ နှင့် သွေးဝမ်းကိုက်ရောဂါတို့ကို ပိုမိုလွယ်ကူစွာ ကူးစက်ခံရစေသည်။ ဒိုဗိုတန် က 'ဆေးရုံတက်ရပြီဆိုသော ထိုသနားစရာကောင်းသည့် လူများထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ အလွန်နည်းပါးသည်' ဟု မှတ်တမ်းတင်ခဲ့သည်။

 

ဆရာဝန် စာရင်းထဲ ပါသွားပြီဆိုလျှင် သေဖို့သာ ရှိတော့သည်။ ထို့ပြင် ပွန်းပဲ့ရုံမျှသာ ဒဏ်ရာရရှိသူများ သည်လည်း အထက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ပုံမှန်ထက်ပို၍ သေဆုံးကြရပြီး၊ ဒဏ်ရာပုပ်ပွကာ အဆုံးသတ်တွင် အသက်ပျောက်ကြရသည်။

 

 ထိုမျှမက ငါး၊ အသားစို၊ နို့၊ ပေါင်မုန့် သို့မဟုတ် ဟင်းသီးဟင်းရွက်များ လုံးဝမရှိခြင်းကြောင့် လူနာများကို အစားအသောက် ကျွေးမွေးဂရုစိုက်ရန်မှာ အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ နေ့စဉ်နှင့်အမျှ ဈာပနများ ရှိနေပြီး ကျွန်ုပ်တို့ တပ်ရင်းတစ်ခုတည်းမှာပင် တစ်ကြိမ်လျှင် လူ ၃ ဦး၊ ၄ ဦး၊ ၅ ဦး၊ တခါတရံ ၆ ဦးအထိ သယ်ထုတ်သွားကြရသည်။ တစ်နေ့တည်းမှာပင် တပ်ရင်းမှ လူ ၁၀ ဦးအထိ မြှုပ်နှံခဲ့ရသည်ကို ကျွန်ုပ် မှတ်မိနေသေးသည်။

 

ရေတပ်၏ အခြေအနေမှာလည်း အန္တရာယ်မကင်းလှပေ။ ကပ္ပတိန် မာရီယက် က ကော်မိုဒိုး ဂရန့် ထံ တစ်ဖန် စာရေးသားရာတွင် ဇူလိုင်လ ၁၁ ရက်နေ့အရောက်၌ 'လာန်း' အား ထိရောက်စွာ စစ်ဆင်နိုင်သည့် သင်္ဘောတစ်စင်းအဖြစ် မသတ်မှတ်နိုင်တော့ကြောင်း ဆိုထားသည်။

 

 ရွှေတိဂုံစေတီတော်ကြီး၏ အရိပ်အောက်တွင် ကျောက်ချရပ်နားခဲ့သည့် မေလ ၉ ရက်နေ့မှစ၍ သင်္ဘောပေါ်တွင် ကာလဝမ်းရောဂါနှင့် သွေးဝမ်းကိုက်ရောဂါ ဖြစ်ပွားသူပေါင်း ၁၇၀ ထက်မနည်း ရှိခဲ့သည်။ ထိုရောဂါများကြောင့် ၁၃ ဦး သေဆုံးခဲ့ပြီး အခြား ၅၀ မှာလည်း ရောဂါဝေဒနာ ခံစားနေရဆဲဖြစ်သည်။ 'ကျွန်ုပ်တို့၏ နာလန်ထစ လူနာများသည် ပုခက်ထဲတွင် အိပ်နေရသကဲ့သို့ပင် မည်သည့်အလုပ်မျှ မလုပ်နိုင်ကြသေးပါ' ဟု ကပ္ပတိန် မာရီယက်က သူ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

 

 '၎င်းတို့သည် နေ့စဉ် လို ရောဂါပြန်ပြန်ထနေပြီး၊ သင်္ဘောကို ပင်လယ်ထဲတွင် တစ်လခန့် လှည့်လည်မောင်းနှင်ခြင်း မပြုနိုင်ပါက ၎င်းတို့ ပြန်လည်ကျန်းမာလာဖို့ အခွင့်အလမ်း အလွန်နည်းပါးကြောင်း ဆရာဝန်က အစီရင်ခံထားသည်' ဟုလည်း ဆိုသည်။ မာရီယက်က ဆက်လက်ပြောကြားရာတွင် လတ်တလော မြစ်ကြောင်းအတွင်း တိုက်ပွဲများအတွင်း သူ၏သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နိုင်သည့် အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦးသာ ရှိတော့ကြောင်း ဖော်ပြထားသည်။

 

ဇူလိုင်လလယ်၏ မရေရာမှုနှင့် မှောင်မိုက်သော အခြေအနေများအောက်တွင် စစ်ဆင်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ရန် မျှော်လင့်ချက်မှာ အလွန်ပင် မှေးမှိန်လာခဲ့သည်။ ကမ်းဘဲလ်ကမူ မြန်မာတို့အနေဖြင့် စစ်ရှုံးနိမ့်မှုများ ကြုံတွေ့ရပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်လာနိုင်သည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပင်။

 

သို့သော် နန်းတွင်းဗေဒင်ဆရာများက မြန်မာတို့ ဆက်လက်အောင်ပွဲရမည်ဟု ဟောကိန်းထုတ်နေဆဲဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိရသည်။ ထိုဟောကိန်းများကြောင့် ဘကြီးတော်မင်းတရားသည် ပိုမိုပြင်းထန်သော စစ်ရေးပြင်ဆင်မှုများကို လုပ်ဆောင်လာပြီး နိုင်ငံအနှံ့အပြားတွင် စစ်သည်အင်အား စုဆောင်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းများကို ပြုလုပ်ခဲ့သည်။

 

ထောက်လှမ်းရေးသတင်းများအရ ကမ်းဘဲလ်သည် ထိုအခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်နေသော်လည်း၊ မိုးသည်းထန်စွာရွာသွန်းပြီး ရွှံ့နွံအိုင်များမှာ ရေကန်ကြီးများသဖွယ် ဖြစ်ပေါ်နေသည့်အချိန်တွင် သူ၏စစ်သည်အများအပြားမှာလည်း တိုက်ပွဲဝင်နိုင်စွမ်း မရှိကြတော့သဖြင့် စစ်ကို ရှေ့ဆက်တိုးရန် အင်အားမရှိသလောက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူလုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ရေတပ် အင်အားကို အသုံးပြု၍ ပစ်မှတ်အမျိုးမျိုးကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

 

သြဂုတ်လ ၄ ရက်နေ့တွင် ရေတပ်စစ်သင်္ဘောအုပ်စုသည် စစ်သည်အင်အား ၆၀၀ ကို သန်လျင် သို့ ပို့ဆောင်ခဲ့ပြီး မြန်မာတို့ ပြန်လည်အခြေစိုက်ထားသည့် ပေါ်တူဂီခံတပ်ဟောင်းမှ မြန်မာတပ်များကို မောင်းထုတ်ခဲ့ပြန်သည်။

 

 လေးရက်အကြာတွင် စစ်သည်အင်အား ၄၀၀ ပါဝင်သော အခြားစစ်ကြောင်းတစ်ခုသည် ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ ဒလ မှ ခံတပ်များကို ဝင်ရောက်စီးနင်းခဲ့သည်။ ဒလမြို့သားများသည် မင်းတရား၏ အထွေထွေစစ်မှုထမ်းဆင့်ခေါ်မိန့်ကို မလိုလားဘဲ ရှိနေကြကြောင်း သတင်းရရှိထားခြင်းကြောင့်ဖြစ်သည်။

 

အင်္ဂလိပ်စစ်တပ်သည် ကုန်းပေါ်သို့ တက်ရောက်စဉ် ရွှံ့နွံများကြား ရုန်းကန်နေရခိုက် မြန်မာတို့၏ ပစ်ခတ်မှုကြောင့် အကျအဆုံး များပြားခဲ့သော်လည်း၊ မြန်မာတပ်များဘက်မှ ထိုသာသာစီးရမှုကို ဆက်လက်အသုံးမချနိုင်ဘဲ နောက်ဆုတ်ပေးလိုက်ကြသည်။

 

သြဂုတ်လ ၂၀ ရက်နေ့တွင် ဗြိတိသျှဘုရင်မင်းမြတ်၏ ၈၉ တပ်ရင်းနှင့် အမှတ် ၇ မဒရပ်တိုင်းရင်းသား ခြေလျင်တပ်ရင်းတို့မှ အင်အား ရာပေါင်းများစွာ ပါဝင်သော စစ်ကြောင်းတစ်ခုသည် တိုက်သင်္ဘောများ၊ အမြောက်တင်ရွက်သင်္ဘောများနှင့်အတူ တောင်ဘက်ရှိ တနင်္သာရီဒေသကို သိမ်းပိုက်ရန် ရေကြောင်းဖြင့် ထွက်ခွာခဲ့ကြသည်။

 

ထိုသို့ သိမ်းပိုက်ရခြင်းမှာ ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားခြင်းဖြင့် ထိုဒေသတွင် ရရှိနိုင်မည့် ဆန်စပါးနှင့် အသားငါး ရိက္ခာများကြောင့်လည်း ဖြစ်သည်။ သုံးလကြာ မြင့်ခဲ့သော စစ်ဆင်ရေးအတွင်း မြိတ်မြို့နှင့် ထားဝယ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဒေသခံပြည်သူများသည်လည်း မကြာမီမှာပင် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာကြပြီး မြန်မာ အင်ပါယာအုပ်ချုပ်မှုမှ ဗြိတိသျှအစိုးရ လက်အောက်သို့ ပြောင်းလဲသွားခြင်းအပေါ် စိုးရိမ်ပူပန်မှု မရှိကြောင်း ပြသခဲ့ကြသည်။

 

ခဲသား‌ ရောင် ကဲ့သို့ ညို မှိုင်းနေသော ကောင်းကင်ယံမှ မိုးစက်မိုးပေါက်များ နေ့စဉ်ရက်ဆက် ကျဆင်းနေသည့်အခါမျိုးတွင် တပ်ဖွဲ့ဝင်များအဖို့ အချိန်မှာ အလွန်ပင် ကုန်ခဲလှသည်။ ဒိုဗာတန် နှင့် သူ၏ အရာရှိများမှာ နေထိုင်ရေး အဆင်ပြေကြသော်လည်း အချိန်ကုန်လွန်စေရန် ထူးထူးဆန်းဆန်း နည်းလမ်းများကို အသုံးပြုခဲ့ကြသည်ဟု ယခုလို ရေးသားခဲ့သည် -

 

"ရန်ကုန်မှာ ကျွနုပ် ပထမဆုံးနေခဲ့ရတဲ့ အိမ်ကတော့ အခန်းရှည်ကြီး တစ်ခန်းတည်းရှိတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဖော်နှစ်ယောက်က အိမ်ထောင်သည်တွေဖြစ်လို့ ကျွန်တော့်ထက်စာရင် သက်သောင့်သက်သာ နေတတ်ကြတယ်။ ဒါကြောင့် သူတို့က အကာအရံတွေ လုပ်ပြီးအခန်းကန့်ပြီး နေကြတော့ ကျွန်တော့်အတွက် အလယ်မှာ နေရာလွတ်တစ်ခု ရတာပေါ့။"

 

"ဒီနေရာမှာပဲ ကျွနုပ်ရဲ့ နွားလှည်းတင် သေတ္တာကြီး၊ ကုတင်၊ စခန်းချကုလားထိုင်နဲ့ စားပွဲတွေကို ကျွန်တော့်စိတ်ကြိုက် အစီအစဉ်တကျ ထားခဲ့ပါတယ်။ နံရံမှာတော့ ဓားဘေးလွယ်၊ ခါးပတ်၊ ပစ္စတိုနဲ့ အနီရောင်စစ်ဝတ်စုံတွေကို အသင့်သုံးနိုင်အောင် ချိတ်ဆွဲထားတယ်။

 

 ကော်ဇောတစ်ချပ်ကို မွေ့ရာအဖြစ် သုံးပြီး လှေစီးရင်ခြုံတဲ့ ဝတ်ရုံကိုတော့ စောင်အဖြစ် သုံးပါတယ်။ ကုတင်အောက်မှာတော့ ယုံကြည်စိတ်ချရတဲ့ ငှက်ပစ်သေနတ်ကို အမြဲတမ်း အနီးအနားမှာပဲ ထားပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ပစ္စည်းပစ္စယတွေကို ထားသိုပုံပါပဲ။"

 

"ကျွန်တော်တို့ရဲ့ နေအိမ်ဟာ မြေပြင်ကနေ ၇ ပေ၊ ၈ ပေလောက် မြင့်ပြီး တက်ရတာ အတော်လေး အဆင်မပြေတဲ့ လှေကားထစ်တွေ ရှိ‌ နေတယ်။ အပေါ်ထပ်ကို ရောက်လို့ အိပ်ခန်းထဲမဝင်ခင်မှာ ကျယ်ဝန်းတဲ့ ဝရန်တာတစ်ခု ရှိတယ်။ ကျွန်တော် မှတ်မိသလောက်တော့ အမိုးပါပေမဲ့ ကြမ်းပြင်ကတော့ မပြည့်စုံပါဘူး၊ နေရာကွက်ကျားမှာရှိတဲ့ ကြမ်းပြင်ပျဉ်ချပ်တွေကို ထင်းအဖြစ် ခွာသုံးထားကြလို့ပါ။ ဒီနေရာဟာ ကျွန်တော်တို့ရဲ့ စားသောက်ပွဲကျင်းပရာ ခန်းမလည်း ဖြစ်သလို ညနေခင်း အေးအေးမှာ စီးကရက်သောက်ရင်း အနားယူရာ နေရာလည်း ဖြစ်ပါတယ်။"

 

"ဖတ်စရာ စာအုပ်လည်း ရှားပါး၊ စခန်းအနီးအနားမှာ အမဲလိုက်ခွင့်ကိုလည်း ပိတ်ပင်ထားတဲ့အတွက် (အခွင့်အရေးရရင်တော့ ချိုးငှက်တို့၊ ဗျိုင်းတို့ကို ခိုးပစ်တတ်ကြပေမဲ့) တာဝန်မရှိတဲ့အချိန်မှာ အရာရှိငယ်လေးတွေဟာ အချိန်ကုန်လွန်ဖို့ အတော်လေး ခဲယဉ်းနေကြတာပါ။ ကျွန်တော်လည်း အခြားသူတွေလိုပဲ ပျင်းရိငြည်းငွေ့ နေမိပါတယ်။

 

"အချိန်ကုန်လွန်စေဖို့ ကျွန်တော် အနှစ်သက်ဆုံး အလုပ်ကတော့ လှံပစ်ကစားတာပါပဲ။ ကျွန်တော်တို့ရဲ့ တပ်စခန်းဝန်းကျင်မှာ အုပ်စုလိုက် သောင်းကျန်းနေတဲ့ ခွေးလေခွေးလွင့်တွေကို ပစ်မှတ်ထားပြီး လေ့ကျင့်ရာကနေ ကျွန်တော်ဟာ လှံပစ်အတော်လေး ကျွမ်းကျင်လာခဲ့ပါတယ်။ 'ခွေးကို လှံနဲ့ထိုးခြင်း' ဆိုတာ အင်္ဂလိပ်လူမျိုးတွေ နားထဲမှာတော့ ထူးဆန်းပြီး သိက္ခာမဲ့တဲ့ အလုပ်လို့ ထင်ရကောင်း ထင်ရပါလိမ့်မယ်။ ဒါပေမဲ့ တောဝက်ကို လှံနဲ့ထိုးတာ ဒါမှမဟုတ် ခါငှက်ကို သေနတ်နဲ့ပစ်တာထက်တော့ ပိုပြီး ရက်စက်တယ်လို့ မဆိုနိုင်ပါဘူး။

 

 တကယ်တော့ ဒါဟာ အခြေအနေအရ ပေါ်ပေါက်လာတဲ့ ဖျော်ဖြေရေးတစ်ခုပါပဲ။

"ကျွန်တော်တို့ သိမ်းပိုက်ရရှိတဲ့ မြန်မာ ခံတပ် တိုင်းမှာ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိတဲ့ လှံတွေကို အမြောက်အမြား တွေ့ရတတ်ပါတယ်။ ဒါကြောင့် တပ်နောက်လိုက်တွေအပါအဝင် လူတိုင်းမှာ လှံတစ်လက်စီ ရှိနေကြပြီး လှံပစ်ကစားနည်းဟာ ခေတ်စားနေတဲ့ အပန်းဖြေမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ ခွေးတွေဟာလည်း အရေအတွက် များလွန်းတာကြောင့် မကြာခင်မှာပဲ ကျွန်တော်တို့အတွက် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။"

 

တစ်ဖက်တွင်လည်း အင်းဝနေပြည်တော်ရှိ ရွှေရောင်တဝင်းဝင်းနှင့် ကျောက်မျက် ရတနာ များ စီခြယ်ထားသော နန်းဆောင်များအတွင်း၌ ၎င်း၊ အနီရောင် ဟင်္သာပြဒါး သုတ်လိမ်းထားသည့် လွှတ်တော်ခန်းမကြီး၏ အမိုးအောက်၌၎င်း ဘုရင်နှင့် မှူးမတ်တို့၏ အောင်ပွဲခံ ပျော်ရွှင်ယုံကြည်မှုများသည် မှေးမှိန်ပျောက်ကွယ်သွားကာ စိုးရိမ်ပူပန်မှုများနှင့် တိတ်ဆိတ် ငြိမ်သက်ခြင်းတို့က အစားထိုးဝင်ရောက်လာခဲ့သည်။ 

 

အကြောင်းမှာ တောင်ဘက်စစ်မျက်နှာရှိ စစ်ကဲများနှင့် မြို့ဝန်များထံမှ လှပအောင် စကားလုံးစီစစ်ပြီး ပေးပို့လာသော အစီရင်ခံစာများမှာ စစ်ရှုံးနေသည့် အဖြစ်မှန်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့သောကြောင့် ဖြစ်သည်။

 

မကြာမီမှာပင် စစ်မြေပြင်မှ ထွက်ပြေးလာသူများသည် အင်းဝသို့ ရောက်ရှိလာကြပြီး 'မျက်နှာဖြူ လူရိုင်းများ' ၏ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသော အစွမ်း သတ္တိ များအကြောင်း ပုံပြင်သဖွယ် ပြောဆိုကြတော့သည်။ ဗြိတိသျှတို့သည် လက်ခြေများ ကျည်ဆန်ထိမှန်၍ လွင့်ထွက်သွားလျှင်သော်၎င်း၊ ဓားဖြင့် ခုတ်ဖြတ်ခံရလျှင်သော်၎င်း ရှေ့သို့ ဆက်လက်ချီတက်ကြကြောင်း၊ သူတို့၏ သမားတော် များက ထိုခြေလက်များကို ဂရုတစိုက် ပြန်ကောက်ပြီး ပြန်လည်ဆက်ပေးကြကြောင်း ကျိန်ဆိုပြောဆိုကြသည်။ 

 

ထို့ပြင် ဒဏ်ရာများ ရသော်လည်း နောက်မတွန့်ဘဲ ရှေ့တိုးလာကြကြောင်း၊ တစ်ယောက်ကျဆုံးလျှင် နောက်တစ်ယောက်က ချက်ချင်း နေရာဝင်ယူကြောင်း ဆိုကြသည်။

 

'တောရိုင်း မျက်နှာဖြူ များ' ၏ မှော်အတတ်များအကြောင်း သာမန်စစ်သည်များ ပြောပြသည့် ပုံပြင်များကို လူတိုင်းက မယုံကြည်ကြသော်လည်း၊ ထိုစဉ်က မြန်မာနန်းတွင်းကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည့် ပထမဆုံးသော ဖြစ်ရပ်မှာ - ရန်ကုန်အနီး ခံတပ်တစ်ခုအတွင်းရှိ မြန်မာစစ်သည် ၁,၀၀၀ ခန့်ကို အင်အား ၃၀၀ မျှသာရှိသော ရန်သူက ရုတ်တရက် အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

နောင်တွင် ဤဖြစ်ရပ်မှန်များကို မှတ်တမ်းတင်ခဲ့သူ အမေရိကန် သာသနာပြု ဆရာ ယုဒသန်က ဖော်ပြသည်မှာ - ထွက်ပြေးလွတ်မြောက်လာသူများ၏ ကျိန်ဆိုပြောကြားချက်အရ ခံတပ်တံခါးဝတွင် ထွက်ပြေးသူများဖြင့် ပိတ်ဆို့နေပြီး ခံတပ်အတွင်းရှိ လူတိုင်းနီးပါးမှာ အင်္ဂလိပ်တို့၏ လှံစွပ်ဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။ "ဒီလို တိုက်ခိုက်တဲ့နည်းလမ်းဟာ မြန်မာတို့ သိထားတဲ့ စစ်အတတ်နဲ့ လုံးဝဆန့်ကျင်နေပြီး သူတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေတယ်" ဟု ယုဒသန်က ပြောကြားခဲ့သည်။

 

အကျအဆုံးများပြားလှသည့် သတင်းများ တိုင်းပြည်အနှံ့ ပျံ့နှံ့သွားသည်နှင့်အမျှ မြစ်ကမ်းနံဘေးနှင့် ကျေးလက်ဒေသရှိ တောင်သူလယ်သမားများအကြား စိတ်ဓာတ်ရေးရာများ ဆိုးရွားစွာ ကျဆင်းသွားခဲ့သည်။ စစ်ထဲဝင်ရန် ဆင့်ခေါ်သည့် အမိန့်များကို ရှောင်တိမ်းမှုများလည်း အနှံ့အပြား ဖြစ်ပေါ်လာခဲ့သည်။

 

ဗြိတိသျှတို့ လက်ဝယ်သို့ ရောက်ရှိသွားသော 'ကင်ကြီးဝန်ကြီး ဗိုလ်မင်း' ထံမှ 'ရမည်းသင်း ရွှေလှေ' တပ်မှူးနှင့် စစ်သည်များထံ ပေးပို့သော ပြင်းထန်သည့် သတိပေးစာတစ်စောင်သည် ရန်ကုန်တွင် မြန်မာတို့ ရင်ဆိုင်နေရသော ပြဿနာကို သက်သေပြနေသည်။ 

 

ထိုစာတွင် -

"ငါတို့ ထုတ်ပြန်ထားသည့် အမိန့်အရ သင်တို့သည် လူစုဆောင်းပြီး ခံတပ်နှင့် စစ်တပ်ရှိရာ သန်လျင်နယ်၊ မရမ်း ချောင်း ဘုရားမြစ်ဝတွင် တပ်စွဲထားရမည် ဖြစ်သည်။ သို့သော် ပဲ့နင်းကြီး နှင့် တိုက်လှေမှုး အကြီးအကဲတို့သည် ဤအလုပ်ကို အရှင်သခင်၏ အမှုတော်ဟု မမှတ်ယူကြချေ။ သင်တို့ကို စောင့်ကြိုနေသည့် ပြင်းထန်သော အပြစ်ဒဏ်ကိုလည်း ဂရုမပြုဘဲ ပေးပို့လိုက်သည့် အမိန့်များကို မနာခံကြပေ။ သင်တို့ဘက်မှ လူတစ်ယောက်မှပင် ယခုထက်ထိ ရောက်မလာသေးပေ။

 

ထို့ကြောင့် သင်တို့နှင့် သင်တို့၏ လူများကို အထက်ပါ အမိန့်များအတိုင်း ဆောင်ရွက်နိုင်ရန်အတွက် 'ကင်းစီး' အရာရှိအား စေလွှတ်လိုက်ပြီ ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိသည့်အခါ မည်သူမျှ မိမိကိုယ်မိမိ လွတ်လပ်ခွင့်ရှိသည်ဟူ၍လည်းကောင်း၊ မည်သည့် အရာရှိ၏ လက်အောက်ခံဖြစ်သည်ဟူ၍လည်းကောင်း အကြောင်းပြချက် မပေးစေရ။ ဓားကိုင်နိုင်သူက ဓားကိုကိုင်၊ လှံကိုင်နိုင်သူက လှံကိုကိုင်၍ တိုက်ပွဲဝင်ကြရမည်" ဟု ရေးသားထားသည်။