အင်တာနက် ကို သုံးကြပါ

by Hla Soewai - Apr 05 2026

မနေ့က ကျွန်တော် ပို့စ်တင်သည့် အချိန်တွင် ရှီကျင့်ပင်က သဝဏ်လွှာ ပို့သည့် အဆင့် မရောက်သေး၊ ယခု တော့ ဂုဏ်ပြု သဝဏ်လွှာ ပို့ပြီ ဖြစ်သည်။ ဤသည်ကလည်း သတင်းတော့ မဟုတ်၊ မပို့လျင်သာ သတင်း ဖြစ်သည်။ ၎င်းတို့ ရေးထားသော ဇာတ်ညွန်း အတိုင်း ကပြ ရိုက်ကူး ၍ အောင် မြင်သွားခဲ့ပြီ မဟုတ်ပါလား။

 

ထူးခြားသည်က ယနေ့ နယူးယောက်တိုင်းမ် သတင်းစာကြီး တွင် ယခုလို ရေးသား လာခဲ့ခြင်းပင် ဖြစ်သည်။

 

"စစ်တပ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး အရပ်ဘက်အုပ်ချုပ်ရေး၏ လက်အောက်တွင် ရှိမနေ" ဟူ၍ ဖြစ်သည်။

 

သတင်းသမား များ၊ လူ့ အခွင့် အရေး အဖွဲ့များသည် ထိုအချက်ကို ကောင်းစွာ သိထားပါလျက် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်၊ အဓိက အားဖြင့် မင်းအောင်လှိုင်၏ စစ်အုပ်စုမှ ပြောင်ပြောင်တင်းတင်း ကျုးလွန်နေသော စစ်ရာဇဝတ်မှု များ ကို ပြစ်တင် ရှုတ် ချ ခြင်း မလုပ်သောကြောင့် ဟူ၍ ဖြစ်သည်။

 

အကယ်၍ သာ ဒေါ်အောင်ဆန်းစုကြည်သာ ကြံ့ကြံ့မခံနိုင်ခဲ့ဘဲ ၎င်းတို့ကိုသာ ဝေဖန်ပြောဆိုခဲ့မည် ဆိုက ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် မှ ၂၀၁၈ ပင် ဖြစ်လာနိုင်သည်။ ထိုသို့ ဖြစ်ပြီး နောက် ယခုလို ပြည်တွင်း စစ်မီးကြီး ဟုန်းဟုန်း တောက်လောင် ခဲ့မည် ဆိုက လူထုက ဒေါ်အောင်ဆန်းစုကြည်သာ အပြစ်ဖို့ကြပေတော့မည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်း ကောင်း သိမ်းလာနိုင်သည်ဟု ကြိုတင် ရိပ်စားထားပြီး ဖြစ်သည်၊ ထိုသို့ ဖြစ်လာမည်ကိုလည်း "ဘာမဆို လုပ်ရဲသည်" ဆိုကာ လူသိရှင်ကြား အရိပ်အမြွက် ထုတ်ပြော ခြိမ်း‌ ခြောက်လာခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံသည် ၎င်းတို့ ထောင် ချောက်ထဲ အဝင်မခံ၊ တလုံးတပါဒမျှ အရိပ်အမြွက်ပင် တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိပေ၊ ထိုသို ပြောဆိုမည်ဆိုက ၎င်းတို့ ထိုသို့ လုပ်ရန် မရည်ရွယ်ပဲ လူထု ဆူပူ အောင် ဖန်တီးလာ၍ ငြိမ်ဝပ်ပိပြားရေး အတွက် နိုင်ငံတော် အာဏာ ကို ထိန်းသိမ်းရပါသည် ဆိုကာ လုပ်လာကြမည်သာ ဖြစ်သည်။

 

ထိုအခါ တွင် သိမ်းဖို့ မရှိသည်ကို သိမ်းတော့မည် ဟု ယုံစားပြီး ပြောဆို ရန်စလာ၍ အခုလို ဖြစ်ရသည် ဆိုကာ လက်ရှိ ဖြစ်ပျက် နေသည်များကို ကြည့်၍ လူထုက NLD ကို ကြိမ်းသေ အပြစ်တင်ကြတော့မည်သာ ဖြစ်သည်။

 

ယခု နိုင်ငံတော် အတိုင်ပင်ခံသည် အ‌ခြေအနေကို လိမ်မာ ပါးနပ်စွာ ကိုင်တွယ် နိုင်ခဲ့၍ မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချူပ်များသည် မဲမသမာ မှု ရှိသည် ဆိုကာ လူကြား မကောင်းသည့် အကြောင်းပြချက် နှင့် အာဏာ သိမ်းခဲ့ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်သွားခဲ့ရသည်သာ အဖတ်တင်ခဲ့သည်။

 

သိက္ခာ တပြားမှ မကျန်အောင် ထပ် ဖြစ်သွားရသည်က အဆိုပါ အာဏာသိမ်း ခေါင်းဆောင်က ရွေးကောက်ပွဲ အတုလုပ်၍ သမ္မတ တက်လုပ်လာခြင်းပင် ဖြစ်သည်။ သတ္တိရှိရှိ လုပ်လာခြင်းတော့ မဟုတ်၊ နောက်ကြောမလုံ ဖြစ်ကာ ၎င်း အမိန့်ပေးသမျှကို နာခံမည့်သူ၊ ဘောင်ကျော်မည် သူ ဟုတ်ဘဲ သစ္စာစောင့်သိမည့် ငယ်မွေး ခြံ‌ ပေါက် ကို ခြံ‌ စောင့် အဖြစ် ထားခဲ့ပြန်သည်။

 

လွှတ်တော်ထဲရှိ အမတ် ဆိုသူများလည်း လူထု တရပ်လုံး ထောက်ခံခဲ့သည့် ပါတီကြီး ကို ဖျက်သိမ်း ပစ်ခဲ့၍သာ ယခုလို လွှတ်တော်ထဲ ဝင်ထိုင်ခွင့် ရနေခြင်း ဆိုသည်ကလည်း တွေးကြည့်လေ၊ ရှက်ဖို့ ကောင်းလေပင် ဖြစ်သည်။လူထုကလည်း မနိုင်၍ သည်းခံရခြင်း ဆိုကာ မဲထည့် ခဲ့ကြရသည့် အဖြစ်ကို လူထု ဆန္ဒ ဆိုကာ အရှက်မရှိ ပြောဆိုနေကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးကတည်းက ၎င်းတို့ အုပ်စု လက်တဆုပ်စာ ရှင်သန်ရေး အတွက် ယဉ်ကျေးသော လူ့အဖွဲ့အစည်း ၏ ပြဋ္ဌာန်းထားသော စည်းမျဉ်း နှင့် ဥပဒေသများကို အကြိမ်ကြိမ် ချိုးဖောက်လာခဲ့သူ ဖြစ်သည်မှာ အထူး ပြောစရာပင် မလိုပေ။

 

မြန်မာ ပြည်တွင် ရိုင်းချင်တိုင်း ရမ်း ကြမ်းချင်တိုင်း ကြမ်း တရားလက်လွတ် ပြုကျင့် နေသည့် အဖြစ်ကို ကောင်းစွာ သိပါလျက် အာဏာရှင် ပေါက်စ အား ကျောသပ်ရင်သပ် ကာ တရုတ် ကွန်မြူနစ် ပါတီကြီး ၏ ခေါင်းဆောင်ကြီး ရှီကျင့်ပင် သည် ချီးကြူးဂုဏ်ပြုလွှာ ပို့လာသည့် အထိ ရုပ်ပျက်ဆင်းပျက် လုပ်လာခဲ့သည်။ 

 

ယခုလို မြန်မာ တမျိုးသားလုံး ရက်စက် ကြမ်းကြုတ်လှ‌ သော စစ်အာဏာရှင် စနစ်ဆိုးကြီး အား တိုက်ပွဲ ဝင်‌ နေ ခိုက်၊ ၎င်းတို့၏ လက်ချက်ကြောင့် တတိုင်းပြည်လုံး စားဝတ်နေရေး မလုံမခြုံဘဝ ဖြင့် အသက်တချောင်း ကြံဖန် မွေးမြူနေရခိုက် တရုတ် ခေါင်းဆောင်ပိုင်း၏ လုပ်ရပ်အား ငွေမျက်နှာသာ ကြည့် ပြီး အမှန်တရားကို မျက်ကွယ် ပြုသည့် ကိုယ်ကျင့်တရား ပျက်ကွက် မှု ကြီးဟု သတ်မှတ်ကြမည်သာ ဖြစ်သည်။

 

၎င်းတို့ ဦးဆောင်မှု ဖြင့် ကမ္ဘာစနစ်သစ်ကြီး ထူထောင်မည် ဆိုသည်ကို အဘယ်သူကများ ယုံစားလာကြပေမည်နည်း။

 

မစ္စတာ ရှောင်တန်နဲလ်က ၎င်း၏ ဖေ့စ်ဘုတ်တွင် "လာမည့် ရက်ပိုင်းနှင့် သီတင်းပတ်များအတွင်း မြန်မာ စစ်အုပ်စုထံမှ အပေါ်ယံကြည့်လျှင် အပြုသဘောဆောင်သည်ဟု ထင်ရသော ထုတ်ပြန်ကြေညာချက်များ တသီတတန်းကြီး ထွက်ပေါ်လာဖွယ်ရှိသည်" ဟု ရေးသားဖော်ပြခဲ့သည်။ "၎င်းတို့သည် နိုင်ငံတကာ၏ အမြင်ကို ပျော့ပျောင်းသွားအောင် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ လက်ရှိဖြစ်ပျက်နေသည့် မင်းအောင်လှိုင်နှင့် ၎င်း၏ ခိုး ဖေါ် ခိုးဖက် လူပြက်တစ်သိုက်တို့၏ စက်ဆုပ်ဖွယ် နန်းတင်ပွဲဆီမှ အာရုံလွှဲရန် ကြိုးစားနေခြင်းသာ ဖြစ်သည်" ဟု ၎င်း ၏ အပြောကို နယူးယောက် တိုင်းမ် သတင်းစာ က ကိုးကား ဖေါ်ပြထားသည်။

 

သားဖြစ်သူ ကိုထိန်လင်းက ဘာမဆို လုပ်ရဲသည် ဆိုသော အသစ်စက်စက် သမ္မတအား မိခင်ကြီး "အသက်ရှိသေး ကြောင်း သက်သေ အထောက်အထား" ပြပါရန် စိန်ခေါ်လိုက်ပြီ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် အား ပြန် မလွှတ်မပေးရဲ မချင်း ၎င်းတို့ အဖို့ လူတောထဲ တိုးဖို့ စိတ်ကူး နေခြင်းကပင် ရူးသွပ်ခြင်း သက်သက်သာ ဖြစ်သည်။

 

အထက်က ခေါင်းစဉ်ကို ပြန်ဆက်ပါမည်၊ ယခု ပို့စ် ကို ရေးသား နေချိန်သည် မြန်မာ စံတော်ချိန် ဧပြီ ၅ ရက် မနက် ၁ နာရီ ဖြစ်သည်။ သို့သော် ယခုအချိန်အထိ ပစ်ချခံရသော လေယာဉ် မှ တွဲဖက် လေယာဉ် မှုးကို ယခုထိ ရှာမတွေ့သေး။

 

သို့သော် ကွန်မင့် များ တွင်မူ "တွေ့ပြီ"ဟု ရေးလာကြသည်၊ ဘယ်က သတင်းမျိုး ကို ဖတ်နေကြသည်တော့မသိ၊ ထိုသို့သော သတင်းများကို ဖတ်ရပါက အင်တာနက် ဝင်၊ ဂူဂယ် ခေါက်ပြီး Iran War News ဟု စာလုံး သုံးလုံးလောက် ရိုက်ထဲ့ လိုက်ယုံ ဖြင့် အလွယ်တကူ သိနိုင်ပေသည်။ အတော်များများက လူကြိုက်များမည်ဟု ထင်ရမည့် အကြောင်းအရာ များကို like, share ရအောင် ကြံဖန် ရေးလာကြသည့် ခေတ်ကြီးထဲ ရောက်လာသည်။ 

 

ထို့ အတွက် မည်သည့် သတင်းမျိုး မဆို ဂူဂဲလ် တွင် ခေါက်ကြည့်ပြီး အတည်ပြု နိုင်မှ ဖြစ်တော့မည် ဆိုသည်ကို အချို့သော စာဖတ်သူများကို အသိပေးမှသာ တာဝန်ကျေမည်ဟု စိတ်ကူးရလာ၍ ယခုလို ခေါင်းစဉ် တပ် ပေးလိုက်ရခြင်း ဖြစ်သည်။

 

တဆက်တည်း ပြောရပေဦးမည်။ ကျွန်တော် ဖေ့စ်ဘုတ် သုံးပြီး ရေးလာသည်မှာ မင်းအောင်လှိုင် အာဏာ မသိမ်းခင်ကတည်းက ဖြစ်သည်၊ သို့သော် ပြီးခဲ့သည့် လ မှ စ၍ ကျွန်တော်ကို ပိုက်ဆံ ပေးလာသည်၊ ပေးသည် ဆိုသည်ကလည်း ငွေ လက်ထဲ မရောက်သေး။ ယခု ထိ ကျွန်တော်အား $73 ပေးမည်ဟု ပြောလာသည်၊ သူ ပေးမည် မပေးမည်က အရေးမကြီး၊ ကျွန်တော် ပိုက်ဆံ မျှော်နေ၍ ရေးနေခြင်း ဖြစ်သည်ဟု ထင်မည်စိုး၍ ဖြစ်သည်။

 

အချို့က ကျွန်တော်ကို ရေးနိုင်လွန်းသည်ဟု ထင်ကြသည်၊ တကယ်တမ်း အလုပ်တခုကို စနစ် တကျ လုပ်တတ်လျင် ဘာမျှ အပန်းမကြီးလှ၊ နေ့စဉ် မနက်တိုင်း တင်သည့် ပို့စ် တခုသာ ကျွန်တော် အတွက် အချိန် နှစ်နာရီ လောက်ပေးပြီးအားစိုက်ရသည်။ 

 

ကျန်သည့် ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာ များ နေ့လည်ပိုင်း နေ့စဉ်လို တင်နေသည်က တနေ့လျင် ခေါင်းစဉ် တပုဒ် တိုင်းကို အားလျင် နှစ်ပိုဒ် လောက်ပဲ ရေးပြီး စု စုထားခြင်း ဖြစ်ပြီး သူ့ နေ့ ရောက်လျင် တင်လိုက်ယုံပဲ ဖြစ်၍ တကူးတက အချိန်ပေးစရာ မလို၊ ဖုန်းနှင့် သွားရင်းလာရင်း ရေးခဲ့ခြင်းသာ ဖြစ်သည်။ ကျွန်တော် အတွက် ဆုံးရှူံးသွားခဲ့ရသည်က ပြုလုပ်နေကျ စာဖတ်ချိန် များ အတော်လေး လျော့နည်းသွားခြင်း နှင့် နေ့စဉ်လို ရေးသား‌ နေ၍ ကျွန် တော့် စာအုပ်ကို ရန်ကုန်တွင် ထုတ်‌ ဝေ မည့်သူ မရှိ‌ တော့ခြင်းပင် ဖြစ်သည်။ ဖိုတိုကော်ပီ ဆွဲ၍ အဖုံးချုပ်ပေးပါ ဆိုသည်ကိုပင် လုပ်ပေးရဲသူ မရှိ တို့ခြင်းပင် ဖြစ်သည်။

 

ပြီးခဲ့သည့် မိနစ် ငါးဆယ် ယခု အချိန်အထိပင် "ပစ်ချခံရသည့် စစ်လေယာဉ်ပေါ်မှ ပျောက်ဆုံးနေသူကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေ" ဟူသော AP သတင်းဌာန ၏ Live Update ကို ဖတ်ရှူခဲ့ရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!