ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(77)

by Hla Soewai - Apr 05 2026

ကျွန်တော်ကလည်း ရိုးအလွန်းသည်။ ဗီယက်နမ်လူမျိုးနှင့် ဆိုင်သော ဇာတ်ရုပ်အတွက် ဗီယက်နမ်သရုပ်ဆောင်တွေကို ရှာလိမ့်မည်ဟု ထင်ထားခဲ့သည်မှာ မှားသွားခဲ့သည်။ ဟိုတယ်ဝရန်တာတွင် လေညှင်းခံပြီး အအေးသောက်ရင်း ဗိုင်အိုလက်က က မနေ့ကပဲ ကျွန်တော့်ကို ပြောလာသည်။ တကယ်တော့ အရည်အချင်းပြည့်မီသည့် ဗီယက်နမ်သရုပ်ဆောင်ဆိုတာ တစ်ယောက်မှ မရှိဘူး။ အများစုက အပျော်တမ်းတွေဖြစ်ပြီး ပညာသည်အဆင့် လက်တစ်ဆုပ်စာလောက်ကလည်း သရုပ်ဆောင်တာ အိုဗာအက်တင် ဖြစ်နေကြသည်တဲ့။ သူတို့ ကို အဲ့ဒီလိုမျိုး လေ့ကျင့် သင်ကြားထားလို့ပဲ ဖြစ်ရမယ်လို့ ဆိုတယ်။ "ကြည့်သာကြည့်နေလိုက်၊ အခုလူတွေ ဘယ်လို သရုပ်ဆောင်တယ် ဆိုတာကို မမြင်ရသေးခင်အထိတော့ ဝေဖန်တာကို ခေတ္တအောင့်ထားပါဦး" ဟု ဆိုသည်။

 

ကံဆိုးတာက ဝေဖန်မှုကို အောင့်ထားနိုင်စွမ်းက ကျွန်တော့်တွင် ရှိနေသည့် အရည်အချင်း မဟုတ်ခြင်း ပင်။ ဗိုင်အိုလက် ပြောနေသည်က ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် ကိုယ်စားမပြုနိုင်၍၊ တခြားသူများ (ဒီနေရာမှာတော့ တခြားအာရှသားတွေ) ကပဲ ကျွန်တော်တို့ကို ကိုယ်စားပြုပေးရမယ် ဆိုသည့် သဘောမျိုး ဖြစ် နေသည်။

 

"ဒန်နီဘွိုင်း" အဖြစ် သရုပ်ဆောင်နေသည့် ကောင်လေးသည် ဖိလစ်ပိုင် သရုပ်ဆောင်မျိုးရိုးက ဆင်းသက်လာသည့် ထင်ရှား‌ သော ကလေး ဇတ်ဆောင်တယောက် ဖြစ်သည် ။ ဒါပေသိ သူကို ဗီယက်နမ်ရုပ်ပေါက်သည်ဟု ထင်လျင် ကျွန်တော်လည်း ပုပ်ရဟန်းမင်းကြီး ဖြစ်လို့ ရသည်။ သူက ရွာငယ်လေးတစ်ရွာမှာ နေထိုင်တဲ့ ကောင်လေးတယောက်နှင့် မတူဘဲ အရမ်းကို ကိုယ်လုံးကိုယ်ပေါက် ထွားကြိုင်းပြီး အစားကောင်း သောက်ကောင်းတွေ စားထားသည့်ပုံ ပေါက်လွန်းနေသည်။ 

 

တကယ့် ရွာက ကလေးဆိုသည်က မိခင်နို့ကလွဲလို့ တခြားနို့မှုန့်တွေ ဘာတွေနှင့် ကြီးပြင်းလာရတာမျိုး မဟုတ်။ ဒီသရုပ်ဆောင်လေးက အရည်အချင်းရှိတာတော့ သေချာသည်။ ပထမဆုံး မိတ်ဆက်ပေးသည့် အချိန်မှာ သူ့အမေ ခိုင်း၍ "Feelings" သီချင်းကို အသံစူးစူးလေးနှင့် ဆိုပြလိုက်တုန်းက ရိုက်ကွင်းပေါ်က လူတိုင်း၏ နှလုံးကို ဖမ်းစားနိုင်ခဲ့သည်ကိုး။ အခုတော့ အမေ လုပ်သူက သူ့ဘေးမှာထိုင်ပြီး ယပ်ခတ်ပေးနေသလို သူကလည်း အချိုရည်တစ်ဘူးကို တစိမ့်စိမ့်သောက်နေလေရဲ့။

 

 ဒီမိခင်မေတ္တာရှင်ကြီးရဲ့ သံယောဇဉ်က ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် သူ့ရဲ့ သရုပ်ဆောင်မှုအတွင်းမှာ ကျွန်တော်ပါ မျောပါသွားခဲ့သည်။ “တစ်နေ့ကျရင် ဒီကလေး ဘရော့ဒ်ဝေး စင်မြင့်ပေါ် ရောက်မှာ ဆိုတာမှတ်ထားလိုက်စမ်းပါ၊ ” ဆိုသည့် သူမ၏ စကားကိုတောင် ယုံကြည်မိတော့မလို ဖြစ်သွားခဲ့ရသည်။

 

“ကြားတယ် မဟုတ်လား သူ ‘Feelings’ (ဖီးလင်း) လို့ အသံထွက်တာ၊ ‘Peelings’ (ပီးလင်း) လို့ ထွက်တာမဟုတ်ဘူးနော်” ဟု သူမက တိုးတိုးလေး ကပ်ပြောသည်။ “ဒါ အသံထွက်ပညာ လေ့ကျင့်ထားတာရှင့်! သူ စကားပြောတာ ဖိလစ်ပိုင်သံ လုံးဝ မ‌ ပေါက်ဘူး။”

 

မင်းသားကြီးကို အတုယူပြီး ဒန်နီဘွိုင်း သည် သူ့၏ ဇာတ်ရုပ် အတိုင်း တစ်သားတည်း နေထိုင်ဖို့ စွဲမြဲနေပြီး သူ့ရဲ့အမည်ရင်းအစား (ကျွန်တော်လည်း မမှတ်မိတော့တဲ့ နာမည်) သူ့ကို “ဒန်နီဘွိုင်း” လို့ပဲ ခေါ်ဖို့ တောင်းဆိုထားလေသည်။ သူ၏ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ရမည့် လူကတော့ ဒီကလေးကို ကြည့်မရ။ အဓိကအကြောင်းရင်းကတော့ သူတို့နှစ်ယောက် တွဲဖက်သရုပ်ဆောင်ရသည့် အခန်းတိုင်းတွင် ဒန်နီဘွိုင်းက သူ၏ ပါးနပ်သည့် အရည်အချင်းနှင့် ပရိသတ်အာရုံကို လွယ်လွယ်လေး ဖမ်းစားသွားတတ်လို့ပင် ဖြစ်သည်။

 

အထူးသဖြင့် မင်းသားကြီးနှင့် အိုင်ဒေါ ပြီးလျှင် ရိုက်ကွင်းပေါ်တွင် အကျော်ကြားဆုံးဖြစ်သည့် ဂျိမ်းစ်ယွန်း အတွက်မူ ဤအချက်က အလွန်ပင် စိတ်ပျက်စရာကောင်းလှသည်။ ယွန်းသည် “အာရှသားတိုင်း၏ ကိုယ်စားလှယ်” ဟု ဆိုရမည်ဖြစ်ပြီး သူ့မျက်နှာကို လူတိုင်းသိသော်လည်း နာမည်ကိုမူ ဘယ်သူမှ မမှတ်မိနိုင်သည့် ရုပ်သံသရုပ်ဆောင်တစ်ဦးဖြစ်သည်။ လူတွေက သူ့ကိုမြင်လျှင် “အော်... ဟို ရဲကားထဲက တရုတ်ကြီးလေ” သို့မဟုတ်ကလည်း “ဟို ဟာသကားထဲက ဂျပန်ဥယျာဉ်မှူးလေ” ဒါမှမဟုတ် “ဟို အရှေ့တိုင်းသားလေ၊ နာမည်က ဘယ်သူပါလိမ့်” စသဖြင့် ပြောတတ်ကြသည်။

 

တကယ်တော့ ယွန်းသည် အသက် ၃၀ အလယ်ပိုင်း ကိုရီးယားနွယ်ဖွား အမေရိကန်တစ်ဦးဖြစ်သည်။ သူသည် ဆယ်နှစ်ခန့် ပိုကြီးသည့် ရုပ် သို့မဟုတ် ဆယ်နှစ်ခန့် ပိုငယ်သည့် ရုပ်မျိုး ဖမ်းနိုင်သလို၊ သူ၏ ယေဘုယျကျကျ ချောမောသော ရုပ်ရည်ကြောင့် မည်သည့်အာရှလူမျိုးစု မျက်နှာဖုံးကိုမဆို စိတ်ကြိုက် ပြောင်းလဲနိုင်စွမ်းရှိသည်။ ရုပ်သံဇာတ်လမ်းတွဲများစွာတွင် ပါဝင်ခဲ့သော်လည်း “Sheen” အမည်ရှိ ပန်းကန်ဆေးဆပ်ပြာ ကြော်ငြာမှ လူကြိုက်များသည့် သရုပ်ဆောင်တစ်ဦးအဖြစ်သာ မှတ်မိခံရဖို့ များနေလေတော့သည်။

 

ကြော်ငြာတိုင်းတွင် အိမ်ရှင်မသည် ပန်းကန်ဆေးရသည့် အခါ ကြုံတွေ့ရသော ခက်ခဲသည့် ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်နေရစမြဲ ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းပေးနိုင်သူကတော့ အမြဲလို ပြုံးစိစိနဲ့ အရာရာကို ကြိုသိနေတတ်သော အိမ်ဖော်ကောင်လေးပင် ဖြစ်သည်။ သူက အိမ်ရှင်မကို သူ အမြဲဆောင်ထား သော ‘Sheen ပန်းကန်ဆေးရည် ပုလင်းကိုသာ ကမ်းပေးလိုက်သည်။ 

 

အိမ်ရှင်မသည်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် ဒီလို သန့်ရှင်းနိုင်တဲ့ ပညာရပ်တွေဘယ်ကနေ ရခဲ့တာလဲဟု အံ့ဩတကြီး မေးမြန်းသည့် အခါမှာတော့ ထိုကောင်လေးက ကင်မရာဘက်ကို လှည့်ပြီး မျက်စိတဖက်မှိတ်၊ ပြုံးပြလိုက်ကာ တစ်နိုင်ငံလုံး နာမည်ကြီးနေသည့် ဆောင်ပုဒ်ကို ရွတ်ဆိုလိုက်လေသည် - “ကွန်ဖြူးရှပ် မိန့်ကြားတာကတော့၊ Sheen နဲ့ ဆေးရင် ပြောင်စင်စေသတဲ့”

 

ယွန်း တစ်ယောက် အရက်သမားဖြစ်နေတာ အံ့ဩစရာတော့ မဟုတ်။ သူ့မျက်နှာတွင် ထိုသို့ ဖြစ်နေသည့် ကို အတိအကျ ဖော်ပြနေတဲ့ အပူချိန်တိုင်းကိရိယာတခုလို တွေ့နေရသည်။ ပြဒါးရောင်လို နီမြန်းနေသည့် သူ့မျက်နှာကိုကြည့်လျင် အရက်သည် ခြေဖျားကနေ မျက်လုံး၊ လျှာနဲ့ ဦးနှောက်အထိ ပျံ့နှံ့သွားပြီဆိုတာ သိနိုင်‌ ပေသည်။ ဤသည်ကလည်း သူ၏ ညီမအဖြစ် သရုပ်ဆောင်နေသည့် မင်းသမီးကို ငေါ့တော့တော့နဲ့ လိုက်ကပ်‌ နေခြင်း ကြောင့် ဖြစ်သည်။ တကယ်တော့ သူတို့ နှစ်ယောက်လုံး လိင်တူချစ်သူတွေ မဟုတ်ကြ။

 

ဟိုတယ်ဘားမှာ ကမာစိမ်း တစ်ဒါဇင်လောက်ကို စားနေရင်း ယွန်းဟာ ကျွန်တော့်အပေါ် ဘယ်လို သဘောထား နေသည်ကို ထုတ်ဖော်ခဲ့ဖူးသည်။ သူ့လက်က ကျွန်တော့် ဒူးပေါ် ရောက်လာ၍ “စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်က အဲဒီဘက်ကို စိတ်မဝင်စားလို့ပါ” လို့ ကျွန်တော် ပြောလိုက်ရသည်။ ယွန်းက ပုခုံးတွန့်ပြီး သူ့လက်ကို ဖယ်လိုက်ရင်း “ကျွန်တော်ကတော့ လူတစ်ယောက်ကို တခြားနည်းနဲ့ သက်သေမပြနိုင်မချင်း အနည်းဆုံးတော့ လိင်တူစိတ်အခံရှိသူလို့ပဲ အမြဲယူဆထားတာ။ ဘာပဲဖြစ်ဖြစ်၊ လိင်တူချစ်သူတစ်ယောက် အနေနဲ့ ကြိုးစားကြည့်တာကိုတော့ ခင်ဗျား အပြစ်တင်လို့ မရဘူးလေ” လို့ ပြောရင်း ကျွန်တော့်အပြုံးနှင့် လုံးဝမတူသည့် အပြုံးမျိုးနဲ့ ပြုံးပြသည်။

 

ကျွန်တော့်၏ အပြုံးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လေ့လာဆန်းစစ်ကြည့်ပြီး သည့် နောက်မှာတော့၊ ကျွန်တော့်အပြုံးသည် 'ဖရန့်' ဒါမှမဟုတ် 'မတ်' လိုမျိုး ဒုတိယတန်းစား ကမ္ဘာ့သုံးငွေကြေးလောက်ပဲ တန်ဖိုးရှိတာကို သိခဲ့ရသည်။ သို့သော်လည်း ဂျိမ်းစ်ယွန်း ၏ အပြုံးကတော့ ရွှေ စံနှုန်း လောက် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အလွန်တရာ တောက်ပလွန်းလှ၍ သူ့ကိုကြည့်လိုက်ရင် ပြုံး နေတာ ကိုပဲ မြင်နိုင်တော့တာမျိုး၊ လူချင်းတွေ့လိုက်ရင်ကို အားလုံးကို လွှမ်းမိုးသွားနိုင်လောက်အောင် ပြင်းထန်လွန်းတာကြောင့် သူသည် Sheen ကြော်ငြာ မင်းသားနေရာကို ဘာလို့ ရခဲ့သလဲဆိုတာ နားလည်ပေးလို့ရသွားသည်။ 

 

သူ့၏ ချဉ်းကပ်မှုကို ကျွန်တော် စိတ်ထဲ ဘယ်လို မှ မ နေဘူး ဆိုတာ ပြဖို့အတွက် သူ့ကို တခွက် တဖလား ဝယ်တိုက်ခဲ့မိသလို၊ သူကလည်း ကျွန်တော့်ကို ပြန်တိုက်ခဲ့သည်။ ထိုညကစ၍ နောက်ပိုင်း ကျွန်တော်တို့ တော်တော်လေး ရင်းနှီးသွားခဲ့ကြသည်။

 

ယွန်းက ကျွန်တော့်ကို ချဉ်းကပ်သလိုမျိုးပဲ၊ ကျွန်တော်ကလည်း မင်းသမီး အေးရှားစူး ကို ကြိုးစားကြည့်ခဲ့ဖူးသည်။ ကျွန်တော့်လိုပဲ သူမလည်း ကပြားမျိုးနွယ် ဝင် တဦး ဖြစ်သည်၊ မျိုးရိုးကတော့ ကျွန်တော့်ထက် ပိုပြီး အဆင့်အတန်းမြင့်သည်။ သူမ၏ အမေသည် ဗြိတိသျှ ဖက်ရှင်ဒီဇိုင်းနာဖြစ်ပြီး အဖေကတော့ တရုတ်လူမျိုး ဟိုတယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။ 

 

သူမ၏ နာမည်ရင်းကိုက 'အေးရှား' ဖြစ်ပြီး၊ မိဘများက သူတို့နှစ်ဦး၏ မဖြစ်နိုင်သည့် ပေါင်းစည်းမှု ကနေ ပေါက်ဖွားလာမည့် ရင်သွေးသည် ယခုလို နာမည်ကြီးနှင့် ထိုက်တန်သည့် အရည်အချင်းတွေ ပြည့်စုံလာလိမ့်မည်လို့ ကြိုတင်မျှော်လင့်ခဲ့ပုံရသည်။ ဂျိမ်းစ်ယွန်းကလွဲ၍ ရိုက်ကွင်းပေါ်က ယောက်ျား များထက် သူမတွင် မတရားသာလွန်နေတဲ့ အချက်သုံးချက် ရှိနေသည်—သူမသည် အသက် ၂၀ ကျော်သာ ရှိသေးသည်၊ ထိပ်တန်းဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်ပြီး၊ မိန်းမချင်း စိတ်ဝင်စားသည့် လက်စဘီယံ တစ်ယောက်ဖြစ်နေပြန်သည်။ 

 

ရိုက်ကွင်းပေါ်က ကျွန်တော်အပါအဝင် ယောက်ျားတိုင်းကတော့ မိမိတို့ တွင် သူမကို လိင်စိတ်ပြောင်းလဲ တိမ်းညွတ် လာအောင် လုပ်နိုင်သည့် 'မှော်တောင်ဝှေး' တစ်ခုစီ ရှိနေသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေကြသည်။ မအောင်မြင်ရင်ခဲ့ လျင်ပင် သူတို့သည် အမျိုးသမီးအချင်းချင်း ချစ်တင်းနှီးနှောတာကို ဘယ်လိုမှ စိတ်မဆိုးတတ်၊ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်သည့် ယောက်ျားမျိုးပါဟု သူမကို နားချနိုင်ဖို့ပဲ ကြိုးစားကြတော့သည်။