နိုင်ငံ အလယ်ပိုင်းတွင် လူ ပေါင်း လေးထောင်နီးပါး သေကြေခဲ့ရသော ပြင်းထန်လှသည့် မြေငလျင်ကြီး လှုပ်ခတ်သွားခဲ့သည်မှာ တနှစ်ပင် ပြည့်မြောက် လာခဲ့ပြီ ဖြစ်သည်။ သို့ သော် အဆိုးဝါးဆုံး ထိခိုက်ခဲ့ရသော စစ်ကိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ ဒေသများတွင် ပြိုကျနေသော နေအိမ်များကြားတွင် ယာယီတဲများဖြင့်သာ ဘဝကို ဆက်လက် ရုန်းကန်နေကြရပြီး အိမ်ထောင်စု ခြောက်စုလျှင် တစုနှုန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ဆက်လက်ရင်ဆိုင်နေရပြီး၊ မိသားစုများ၏ ထက်ဝက်ခန့်မှာလည်း စားနပ်ရိက္ခာ ဖူလုံမှု အခြေအနေမှာ အစိုးရိမ်ရသည့် အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေကြသည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားလာသော စစ်ပွဲကြီး ကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ အတွက် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာပြီး၊ အခြေခံလိုအပ်ချက်များကိုပင် ဝယ်ယူရန် ရုန်းကန်နေရသည့် အိမ်ထောင်စုများအပေါ် ပို၍ ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။
အလားတူပင် မိုးသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်နေ သော တောင်သူ များသည် လည်း ယခုအခါအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ လာမည့်သုံးလအတွင်း မြေဩဇာလိုအပ်ချက် မြင့်တက်လာတော့မည်ဖြစ်ရာ စက်သုံးဆီပြတ်လပ်မှုနှင့် ရင်းနှီးရမည့် စရိတ်များ မြင့်တက်လာမှုတို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ ယခင်နှစ်ထက် နှစ်ဆအထိ မြင့်တက်သွားနိုင်သည့် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရသည်။
နိုင်ငံ တဝှမ်း ရှိ ဆီဆိုင်များတွင်လည်း ကားတန်းရှည်ကြီး တွေ့လာရပြီး စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ခရီးသွားပြည်သူများသည် ကုန်ကျစရိတ်ကြီးမားသော လေယာဉ်နှင့် မော်တော်ကားများအစား ရထားကိုသာ စီးနင်းလာကြ၍ ဘူတာရုံများတွင် ခရီးသွားများ နှင့် ပြည့်နှက်လာနေသည်။
စစ်ခေါင်းဆောင်များကတော့ ထိုသို့ ဖြစ်ပျက်လာနေသည်များကို ၎င်းတို့နှင့် လားလားမျှမဆိုင်သည့် အလား ကော်မတီ ဖွဲ့စည်းပေးပြီးက တာဝန်ကျေပြီဟု မှတ်ယူနေကြသည်။ ကော်မတီ ဆိုသည်ကလည်း ကွင်းဆင်းစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား စားသောက်ကာ ပြန်သွားကြသည်သာ ဖြစ်သည်၊ နိုင်ငံတွင်း ပြဿနာများကို ထိုသို့ ဖြေရှင်းလာသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေပြီ ဖြစ်သည်။
၎င်းတို့ အတွက် အရေးတကြီး ဖြစ်နေသည်က မင်းအောင်လှိုင်အား သမ္မတ တင်မြှောက်ပေးရေး ပင် ဖြစ်သည်။ ထိုတာဝန် ပြီးဆုံးသွားပါက လွှတ်တော်သည်လည်း အထက်တွင် ဆိုခဲ့သည့် ကော်မတီများ အတိုင်း အဆိုများ တခုပြီး တခု တင်သွင်း အတည်ပြု ကြ နှင့် ပြီးဆုံးသွားမည်သာ ဖြစ်သည်။ ၎င်းတို့အတွက်က ငလျင်ကြော တည့်တည့် ကြီးပေါ်ရှိ လွှတ်တော် အဆောက်အဦး အတွင်း နေ့စဉ် လို ရောက်လာဖို့ သာ လိုအပ်သည်။
ထူးခြားသည်က မင်းအောင်လှိုင် သမ္မတ ဖြစ်လာတော့မည့် ဆဲဆဲ တွင် စစ် ခေါင်းဆောင် ပိုင်း တွင် အပြောင်းအလဲများ ဖြစ်လာတော့မည်ဟု ကြိုတင် ထုတ်ဖေါ်ပြောဆိုလာခြင်းပင် ဖြစ်သည်။
အဆိုပါ အကူးအပြောင်းကာလကို အသေအချာ ထိန်းချုပ်ကိုင်တွယ်ထားကြောင်း ခန့်မှန်းရသည်။ ယင်းသည် စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို စွန့်လွှတ်လိုက်ခြင်းမဟုတ်ဘဲ အာဏာစက်ကို ဆက်လက်ထိန်းသိမ်းထားရင်း ခေါင်းဆောင်မှုပိုင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် အချိန်ကိုက် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု Modern Diplomacy စာစောင်တွင် ရေးသားထားသည်။
အခြေခံအကျဆုံးဖြစ်သော အာဏာတည်ဆောက်ပုံမှာ ပြောင်းလဲခြင်းမရှိဘဲ နဂိုအတိုင်းသာ ရှိနေသည်။ စစ်တပ်သည် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်လွှမ်းမိုးထားဆဲဖြစ်ပြီး၊ မည်သည့်ခေါင်းဆောင်မှု အပြောင်းအလဲ ဆိုသည်မှာလည်း စနစ်တစ်ခုလုံး ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအတွင်းပိုင်း အပြောင်းအလဲမျိုးသာ ဖြစ်သည်။
၎င်းတို့ တင်းကျပ်စွာ ထိန်းချုပ်ထားသော ရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံရေးအရ ပုံမှန် အခြေအနေရှိနေသယောင် အပေါ်ယံ သရုပ်ဖော်ရန် ကြိုးပမ်းမှု သက်သက်သာ ဖြစ်သည်။
သို့သော် တဖက်တွင် ၎င်းတို့ လက်ချက်ဖြင့် တောက်လောင်နေသော ပြည်တွင်း စစ်မီးကြီးကိုကား ငြိမ်းသတ်နိုင်စွမ်း မရှိသည့်အပြင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော၊ ဒီမိုကရေစီလိုလားသော အင်အားစုများက စစ်မျက်နှာ စုံ ဖွင့်ကာ တိုက်ခိုက်နေကြဆဲ ဖြစ်ပြီး ရှေ့လျောက်လည်း ပြင်းထန်လာဖို့သာ ရှိသည်။
တိုက်ပွဲများ ပြင်းထန်နေချိန်အတွင်း ခေါင်းဆောင်မှု အပြောင်းအလဲပြုလုပ်ခြင်းသည် အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟူသော ယုံကြည်မှုကို ပြသခြင်းဖြစ်နိုင်သကဲ့သို့၊ စစ်တပ် ထိပ်ပိုင်းတွင် စိုးရိမ်ပူပန်မှုများ၊ အထူးသဖြင့် ထိပ်ပိုင်းခေါင်းဆောင်များအကြား အာဏာပြန်လည်ခွဲဝေမည့် ပုံစံအပေါ် စိုးရိမ်မှုများကို ထင်ဟပ်နေသည်ဟု လေ့လာဆန်းစစ်သူများက သုံးသပ်ကြသည်။
မင်းအောင်လှိုင်အတွက်မူ သမ္မတရာထူးသည် လက်တွေ့တွင် ရှိထားပြီးသား အာဏာကို တရားဝင် အတည်ပြု ခံ လိုသည့် သဘောပင် ဖြစ်သည်။ စစ်တပ် အတွက်မူ မူ ၎င်းတို့၏ လွှမ်းမိုးချုပ်ကိုင်မှုကို မည်သို့မျှ ယိုင်နဲ့ မသွားအောင် ကြိုးပမ်းရဖို့ ဖြစ်လာသည်။
ထိတ်ပိုင်း ဗိုလ်ချုပ်ကြီးများက ကိုယ်ကျိုးစီးပွား ကို စိုးရိမ်ပူပန်လာခြင်း ကြောင့် တစုံတရာ အမှားအယွင်း ဖြစ်လာမည် ကို မလိုလားဘဲမင်းအောင်လှိုင်ကို သမ္မတ လုပ်မည့် အရေး မလိုလားကြဘဲ ပိုနေမြဲ ကျားနေမြဲ သဘောဖြင့် အရင်အတိုင်း ခိုင်းစားလိုကြသည်။
၎င်းတို့ လုပ်ရပ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အပေါ် နိုင်ငံတကာ၏ ရှုမြင်ပုံကို ပြောင်းလဲစေနိုင်မည် မဟုတ် ပေ။ ရွေးကောက်ပွဲများကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်း ရှိ အများစုက တရားဝင်မှုရှိသည်ဟု အသိအမှတ်ပြုခြင်း မရှိကြ။
ပြည်တွင်း၌လည်း ယခုကဲ့သို့ ခေါင်းဆောင်မှုအကူးအပြောင်းသည် ပြည်သူများ အတွက် မည်သို့မျှ ထူးခြား လာနိုင်မည် မဟုတ်ဘဲ နေ့စဉ်လိုပင် ပဋိပက္ခများ၊ စီးပွားရေးကျပ်တည်းမှုများနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ခြယ်မှုများကြားတွင် အသက်တချောင်းကို ကြိုးစား မွေးမြူကြရဦးမည်သာ ဖြစ်သည်။
ထိုသို့ သော အလားအလာ များကို ထောက်ရှု ခြင်း အားဖြင့် တိုင်းပြည်သည် နိုင်ငံရေးအရ အပြောင်းအလဲ လုပ်ရန် ကြိုးပမ်း နေခြင်းမဟုတ်ဘဲ၊ စနစ်တကျ ပုံစံချထားသော စစ်အုပ်ချုပ်ရေး ယန္တရားဆီသို့သာ ဦးတည်နေခြင်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!