အိမ်ပြန်ရောက်တော့ အမေက ပါဗယ်နဲ့ စကားပြောခဲ့ပုံတွေကို ရုရှားလေး ကို ပြန်ပြောပြနေရင်း မျက်နှာတစ်ခုလုံးလည်း ပြုံးပန်းဝေလို့နေသည်။
"ငါ သူ့ကို အားလုံး ပြောလိုက်ပြီ။ တကယ် ပြောလိုက်တာ။ ပါးပါးနပ်နပ်နဲ့ ပြောခဲ့တာဆိုတော့ သူလည်း နားလည်သွားရှာတယ်။" ပြီးတော့မှ အမေက ဝမ်းနည်းတသသနဲ့ သက်ပြင်းတစ်ချက်ချပြီး -
"အေးလေ... သူ နားလည်သွားလို့လည်း ငါ့အပေါ် ဒီလောက်တောင် ကြင်ကြင်နာနာ ရှိလာတာ ပေါ့။ အရင်ကဆိုရင် သူက ဒီလိုမျိုး နူးညံ့တာ မဟုတ်ဘူး။"
"အို... အမေရယ်" လို့ လူကလေးက ရယ်မောရင်း က..
"တခြားလူတွေက ဘာပဲလိုချင်လိုချင်၊ အမေဆိုတာကတော့ အမြဲတမ်း မေတ္တာကိုပဲ တောင့်တတာပဲ။ အမေ့ရဲ့ နှလုံးသားကတော့ လူတစ်ယောက်အတွက် လုံလောက်တာထက်ကို ပိုပြီး ကျယ်ပြောလွန်းပါတယ်ဗျာ။"
"ဒါပေမဲ့ အဲဒီလူတွေကို ကြည့်ပါဦး၊ အန်ဒရူးရှာ!" သူမက ရုတ်တရက် အံ့သြတကြီး အာမေဍိတ်သံဖြင့် ပြောလိုက်သည်။ "သူတို့က ဒီလိုအခြေအနေမျိုးတွေကို ဘယ်လောက်တောင် ကျင့်သားရနေကြသလဲ။ သူတို့ရဲ့ သားသမီးတွေ ကို လုယူသွားပြီး အကျဉ်းထောင်တွေထဲ ပစ်ထဲ့ခံရတယ်၊ ဒါပေမဲ့ ကြည့်စမ်း... ဒါတွေက သူတို့အတွက် ဘာမှမဟုတ်သလိုပဲ! သူတို့ လာကြတယ်၊ ဟိုဟိုဒီဒီ ထိုင်နေကြတယ်၊ စောင့်နေကြတယ်၊ စကားတွေ ပြောနေကြတယ်။ မင်း ဒါကို ဘယ်လိုထင်သလဲ၊ တတ်သိနားလည်တဲ့ ပညာတတ်တွေတောင် ဒီလောက်အထိ အသားကျနေကြပြီဆိုရင်၊ သာမန်အရပ်သား လူပြိန်းတွေဆိုရင်တော့ ပြောနေစရာတောင် လိုဦးမလား"
"ဒါက သဘာဝပဲလေ၊" ဟု ရုရှားလေးက သူ့ ထုံးစံ အတိုင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ "တကယ်တော့ ဥပဒေဆိုတာက ကျွန်တော်တို့လောက် သူတို့အပေါ်ကျ မပြင်းထန်ပါဘူး။ ပြီးတော့ သူတို့က ကျွန်တော်တို့ထက်စာရင် ဥပဒေကို ပိုပြီးတော့တောင် လိုအပ်နေကြသေးတာ။ ဒါကြောင့် ဥပဒေက သူတို့ခေါင်းကို ရိုက်ချလိုက်တဲ့အခါမှာ သူတို့ အော်ဟစ်ကြပေမဲ့ သိပ်တော့ အကျယ်ကြီး မဟုတ်လှဘူးပေါ့။ ကိုယ့်တုတ်နဲ့ကိုယ် အရိုက်ခံရတာက သိပ်ပြီးတော့ မနာလှဘူးလေ။ သူတို့အတွက်ကျတော့ ဥပဒေဆိုတာက တစ်နည်းအားဖြင့် အကာအကွယ်တစ်ခုလို ဖြစ်နေပေမဲ့၊ ကျွန်တော်တို့အတွက်ကျတော့ ရုန်းလို့ ကန်လို့ မရနိုင်အောင် ချည်နှောင်ထားတဲ့ သံခြေကျင်းတွေပဲ ဖြစ်နေတာပေါ့။"
နောက်သုံးရက်အကြာ ညနေခင်းအချိန်တွင် ဖြစ်သည်။ အမေဖြစ်သူသည် စားပွဲတွင်ထိုင်ကာ ခြေအိတ်များ ချုပ် နေပြီး၊ ရုရှား လေးကမူ ရောမကျွန်များ ပုန်ကန်ပုံအကြောင်း ရေးသားထားသည့် စာအုပ်ကို သူမအား ဖတ်ပြနေလေသည်။ ထိုစဉ် အိမ်တံခါးဝမှ ကျယ်လောင်သော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
ရုရှား လေးက တံခါးသွားဖွင့်ပေးရာ လက်မောင်းကြားတွင် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ညှပ်ထားသည့် ဗီဆိုဗ်ရှီကော့ဗ် ဖြစ်နေသည်။ သူသည် ဦးထုပ်ကို နောက်ပြန် ဆောင်း ထားပြီး ခြေထောက်များတွင်လည်း ဒူးဆစ်အထိ ရွှံ့များ ပေကျံနေသည်။
"ကျုပ် ဒီဘက်က ဖြတ်လာရင်း ခင်ဗျားတို့အိမ်မှာ မီးလင်းနေတာ မြင်တာနဲ့ ဘယ်လိုနေလဲ သိချင်လို့ ဝင်လာတာ။ ကျုပ် ထောင်ကနေ အခုပဲထွက် လာခဲ့တာဗျ။"
သူ၏ အသံနေအထားသည် ထူးဆန်း နေသည်။ရုရှား လေးက ဗလာဆော့ဗ်၏ လက်ကို ဆွဲယူကာ ခပ်ပြင်းပြင်းဖြင့် လှုပ်ရမ်းလိုက်ပြီးနောက်— "ပါဗယ်က ခင်ဗျားကို နှုတ်ဆက်လိုက်တယ်" ဟု ထပ်ပြောလိုက်သည်။
သူသည် ကုလားထိုင်ပေါ်တွင် ဝေခွဲရ ခက်သည့်ပုံ ဖြင့် ဝင်ထိုင်လိုက်ရင်း အခန်းထဲကို စိတ်ပျက်အားလျော့စွာ၊ သံသယရှိသော အကြည့်များဖြင့် ဝေ့ကြည့်နေသည်။ အမေသည် သူ့ အပေါ် အမြင် သိပ်ကြည်လှသည် တော့ မဟုတ်။ သူ၏ ထောင့်မှန်ကျကျ ကတုံးဆံတောက် ခေါင်းနှင့် သေးငယ်သော မျက်လုံးများကို မြင်ရတိုင်း အမေသည် အမြဲလို ထိတ်လန့်နေတတ်သည်။
သို့သော် ယခုမူ အမေသည် သူ့ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားပြီး မျက်နှာက ပြုံးပြုံးကြီး ဖြစ်လာပြီး ကြည်နူးတက်ကြွသော အသံဖြင့်..
"ကြည့်စမ်း... နင် တော်တော်ပိန်သွားတာပဲ! အန်ဒရူးရှာရေ... သူ့ကို လက်ဖက်ရည်လေး ဘာလေး တိုက်ပါဦး ကွယ်။"
"ကျွန်တော် အခုပဲ ရေနွေးအိုး တည်နေပြီဗျို့!" ဟု မီးဖိုချောင်ထဲမှ ရုရှားလေးက လှမ်းအော်ပြောလိုက်သည်။
"ပါဗယ်လ် ဘယ်လိုနေသေးလဲ၊ မင်းအပြင် တခြားဘယ်သူ့ကိုလွှတ်ပေးလိုက်သေးလဲ"။ နီကိုလိုင်းက ခေါင်းငုံ့ထားရင်း "ကျွန်တော့်တစ်ယောက်ပဲ လွှတ်တာပါ" ဟု ပြန်ဖြေသည်။
ထို့နောက် သူက အမေ့ မျက်နှာကို မော့ကြည့်ကာ...
"ကျွန်တော် သူတို့ကို ပြောလိုက်တယ်... 'တော်ပြီ! ငါ့ကိုလွှတ်တော့! မဟုတ်ရင် ဒီထဲမှာ တစ်ယောက်ယောက်ကို သတ်ပစ်ပြီး ငါပါသေပစ်လိုက်မယ်' လို့။ အဲဒါကြောင့် သူတို့ ကျွန်တော့်ကို လွှတ်ပေးလိုက်တာ!"
"အင်း... အင်း... အေးပါ" ဟု အမေက ဆိုသည်။ သူမ၏အကြည့်သည် နီကိုလိုင်း၏ စူးရှပြီး မှေးစင်းနေသော မျက်လုံးများနှင့် ဆုံမိသောအခါ မသိစိတ်က တုန်လှုပ်သွားပြန် ပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ် နှင့် နောက်သို့ အနည်းငယ် ဆုတ်သွားမိသည်။
ထိုအချိန် တွင် "ဖက်ဒ်ယာ မာဇင် တစ်ယောက် ဘယ်လိုလဲဟေ့" ဟု ရုရှား လေးက မီးဖိုချောင်ထဲမှ လှမ်းအော်မေးလိုက်သည်။ "ကဗျာတွေ ဘာတွေ ရေးနေတုန်းပဲလား"
"အေးဗျာ... ကျွန်တော်တော့ နားကိုမလည်နိုင်တော့ဘူး" ဟု နီကိုလိုင်းက ခေါင်းခါရင်း ပြန်ပြောသည်။ "သူ့ကို လှောင်အိမ်ထဲ ထည့်ထားတာတောင် သီချင်းဆိုနေနိုင်သေးတာပဲ။ ကျွန်တော် အတွက် သေချာပေါက် သိတာတစ်ခုကတော့ အိမ်ကို ပြန်ချင်စိတ် လုံးဝမရှိတာပဲဗျာ။"
"မင်းက ကော ဘာဖြစ်လို့ အိမ်ပြန်ချင်ရမှာလဲ၊ အိမ်မှာက ဘာများ လွမ်းစရာ ရှိလို့လဲ" ဟု အမေက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ "ဘာမှ တော့ မရှိပါဘူး၊ မီးလင်းဖို လည်း မရှိတော့ဘူး၊ တအိမ်လုံး လည်း အေးစိမ့်နေတာပဲ"
ဗီဆိုဗ်ရှီကော့ဗ် သည် စကားဆက် မပြော တော့ဘဲ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်စွာ ထိုင်နေရင်းက။ အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ထုတ်ကာ အေးအေးလူလူပင် တစ်လိပ်ကို မီးညှိလိုက်၏။ သူသည် လေထဲတွင် ပျံ့လွင့်ပျောက်ကွယ်သွားသော မီးခိုးငွေ့ခိုးများကို ကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။
"ဟုတ်တယ်၊ အေးတာတော့ မပြောနဲ့ ကြမ်းပြင်ပေါ်မှာလည်း ပိုးဟပ်တွေတောင် ခဲနေလောက်ပြီ။ ကြွက်တွေတောင် အေးခဲကုန်ပြီ ထင်တယ်" ဟု အသံဩဩကြီး ဖြင့် ပြောပြန်သည်။
"နီလော့ဗ်နာ ရေ ကျွန်တော့်ကို ဒီည ဒီမှာ အိပ်ခွင့်ပေးမလား ခင်ဗျာ"
"အို... ရတာပေါ့ နီကိုလိုင်းရယ်။ ဒါမျိုး မေးနေစရာတောင် မလိုပါဘူး" ဟု အလျင်အမြန် ပြန်ဖြေလိုက်ရသည်။ အမေသည် နီကိုလိုင်းနှင့်အတူ ရှိနေရသည်မှာ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်ကာ အနေရခက်နေသဖြင့် သူ့ကို ဘာစကားပြောရမှန်း မသိဘဲ ဖြစ်နေရှာသည်။