ပြည်သူတို့၏ သွေးများဖြင့် စွန်းထင်းနေသည့် ဟန်ပြလွှတ်တော် နှင့် သမ္မတရူး

by Hla Soewai - Mar 29 2026

၂၀၂၁ ခုနှစ်၏ ယခုလို အချိန်ကာလတွင် မြန်မာနိုင်ငံသည် ကြောက်မက်ဖွယ်ရာ သတင်းဆိုးများဖြင့် ရိုက်ခတ်ခံနေရပါသည်။ ရွေးကောက်ခံ ခေါင်းဆောင်များကို ပြန်လည်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ပေးရန် တောင်းဆိုနေသည့် ပြည်သူများကို စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် သတင်းများပင် ဖြစ်သည်။

 

စစ်တပ်၏ အကြမ်းဖက်မှုများသည် အိမ်ပြင်ထွက်ကစားနေသည့် ကလေးငယ်များ သို့မဟုတ် မိဘများ၏ ရင်ခွင်ထဲ၌ ထိုင်နေသည့် ကလေးငယ်များကိုပင် ချန်လှပ်မထားဘဲ ရက်စက်ခဲ့ကြသည်။

 

ယခုအခါ ၅ နှစ်တာ ကာလသို့ ရောက်ရှိလာချိန်တွင်မူ ထူးခြားဆန်းကြယ်ပြီး စိတ်မကောင်းဖွယ်ရာ အခြေအနေတစ်ခုကို မြင်တွေ့လာရသည်။

 

သွေးစွန်းခဲ့သော မတရားအာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူများနှင့် အားပေးကူညီခဲ့သူများသည် ယခုအခါ လွှတ်တော်ထဲသို့ ဝင်ရောက် နေရာ ယူလာကြခြင်းပင် ဖြစ်သည်။

 

ထိုလွှတ်တော်သည် တစ်ချိန်က လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများ၏ မျှော်လင့်ချက်နှင့် အိပ်မက်များ တည်ရှိရာ နေရာဖြစ်ခဲ့သော်လည်း၊ ယခုမူ ထိုမျှော်လင့်ချက်များကို ဖျက်ဆီးခဲ့သူများ၏ နေရာ ဖြစ်သွားခဲ့ရသည်။

 

ဤအခြေအနေသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အလွန်ပင် နက်ရှိုင်းပြီး နာကျင်ဖွယ်ကောင်းသော အလှည့်အပြောင်းတစ်ခုကို ပြဆိုနေဆဲပင် ဖြစ်သည်။

 

ပြီးခဲ့သည့် အပတ်က စတင်ကျင်းပခဲ့သော စစ်အုပ်စု ၏ လွှတ်တော်အတွင်း၌ အောက်ပါပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိလာရသည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို အဓိက ကြိုးကိုင်အကောင်အထည်ဖော်ခဲ့သည့် ဗိသုကာများ၊ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် သတ်ဖြတ် ဖြိုခွင်းမှုများအတွက် တာဝန်ရှိသည့် တပ်မှူးများ၊ ရက်စက်ကြမ်းကြုတ်မှုများကို လုပ်သင့်သည်ဟု ဆင်ခြေပေးကာ ဝါဒဖြန့်ခဲ့ကြသူများ။ ထိုရက်စက်မှုများ ဖြစ်ပေါ်လာစေရန် ငွေကြေးထောက်ပံ့ပေးခဲ့သည့် စစ်ဘုရင်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသော်လည်း ထိုလုပ်ရပ်များကို ကိုယ်တိုင်ကြီးကြပ်ခဲ့သည့် စစ်အုပ်စု၏ ဝန်ကြီးများ ဖြစ်သည်။

 

ယခုအခါ ၎င်းတို့အားလုံးသည် ပြည်သူတို့၏ အသက်သွေးချွေးများဖြင့် တည်ဆောက်ထားသော လွှတ်တော်ခုံတန်းများတွင် ဘေးချင်းယှဉ်ကာ ထိုင်နေကြပြီ ဖြစ်သည်။

 

မကြာသေးမီ ရက်ပိုင်းအတွင်းက ထို “လွှတ်တော်အမတ်" ဆိုသူများ ထံမှ ထပ်တလဲလဲ ကြားနေရသည့် စကားတစ်ခွန်းမှာ “ပြည်သူ့အတွက်” ဟူ၍ ဖြစ်သည်။

 

အရပ်သား အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်ထားပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရှိစေရန် ကြိုးပမ်းနေသူများ၏ အနှီ ဆောင်ပုဒ်သည် ရွံရှာဖွယ် ပြက်လုံးတခုသာ ဖြစ်သည်။

 

စစ်အုပ်စု၏ ရာဇဝတ်ကောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများက “ပြည်သူ့အတွက်” အလုပ်လုပ်နေပါသည်ဟု ပြောဆိုခြင်းသည် သွေးစွန်းနေသော ပြက်လုံးကြီးတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ပြောဆိုနေသော “ပြည်သူ” ဆိုသည်မှာ မည်သူနည်း။

 

၎င်းတို့ အလုပ်အကျွေးပြုနေပါသည်ဆိုသော “ပြည်သူ” ထဲတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ပါသလား -

 

ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ရာနှင့်ချီသော ကလေးငယ်များ ပါဝင်ပါသလား။ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသဖြင့် ဘဝ၏ အနုပျိုဆုံးအချိန်များတွင် ပစ်သတ်ခံခဲ့ရသည့် ဆယ်ကျော်သက် လူငယ်များ ပါဝင်ပါသလား။ နေအိမ်များမှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီးနောက် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ဒဏ်ရာဗရပွဖြင့် အလောင်းအဖြစ်သာ ပြန်လည်ရောက်ရှိလာသူများ ပါဝင်ပါသလား။မည်သည့်အခါမျှ ပြန်မလာနိုင်တော့သည့် ရင်နှစ်သည်းချာ သားသမီး များကို စောင့်မျှော်ရင်း မခံမရပ်နိုင်အောင် နာကျင်ခံစားနေရသည့် မိခင်နှင့် ဖခင်များ ပါဝင်ပါသလား။ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်များ ကြောင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်စကားပြောဆိုခဲ့သဖြင့် ထောင်သွင်းအကျဉ်းချခံထားရသည့် လူများ ပါဝင်ပါသလား၊ စစ်အုပ်စု လက်ပါးစေတပ်များ၏ ရှို့မီးကြောင့် ပြာပုံအတိဖြစ်သွားသော မိမိတို့ အိုးအိမ် များကို ကြည့်ကာ ရင်ထုမနာ ငိုကြွေးနေရသူများနှင့် ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေရသည့် မိသားစုများ ပါဝင်ပါသလား။

 

 “မပါဝင်ပါ”။

 

လာမည့်ရက်ပိုင်းအတွင်း ထိုသို့ ရက်စက်မှု အပေါင်း သရဖူ ဆောင်းခဲ့သည့် ခေါင်းဆောင်သည် ၎င်းနှစ်ပေါင်းများစွာကတည်းက မက်မောတွယ်တာခဲ့သည့် "သမ္မတ" ရာထူးကို ပိုင်ဆိုင်ခွင့် ရရှိပေတော့မည်။

 

၎င်း အား ထိုသို့ ခန့်အပ်ရန် စစ်အုပ်ချုပ်ရေးကို နာမည်အသစ် တခုဖြင့် ပုံစံတကျ အသက်သွင်းဖို့ ဖန်တီးထားသည့် စစ်တပ်လွှတ်တော်၏ ပထမဆုံးသော အဓိကတာဝန်လည်း ဖြစ်သည်။

 

ထိုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန်အတွက် စစ်အုပ်စုသည် ၎င်းတို့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်များကို လွှတ်တော်နှစ်ရပ်လုံး၏ အကြီးအကဲများအဖြစ် ခန့်အပ်လာခဲ့သည်။

 

ဗိုလ်မှူးချုပ်ဟောင်းနှင့် ရဲချုပ်ဟောင်းဖြစ်သူ၊ လက်ရှိ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဥက္ကဋ္ဌဖြစ်သူ နှင့် ဗိုလ်သန်းရွှေမှသည် မင်းအောင်လှိုင်အထိ အာဏာရှင်အဆက်ဆက်၏ သစ္စာရှိလက်ပါးစေတစ်ဦး ဖြစ်သည့် ခင်ရီသည် ပြည်ထောင်စု လွှတ်တော်၏ ဥက္ကဌ ဖြစ်လာခဲ့သည်။

 

မောင်မောင်အုန်း: ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည့် မောင်မောင်အုန်းသည် ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။

 

အလားတူ အမျိုးသားလွှတ်တော်တွင်လည်း မင်းအောင်လှိုင်၏ အနီးကပ်ဆုံး ယုံကြည်ရသူတစ်ဦးဖြစ်သလို စစ်ကောင်စီ၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးအား ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သည်။ ဒုဥက္ကဋ္ဌ သည်က ဂျေဖန် နော်တောင် ဖြစ်ပြီး ၎င်းသည်လည်း စစ်တပ်အရာရှိဟောင်းနှင့် စစ်အုပ်စု ဝန်ကြီးဟောင်းတစ်ဦး ဖြစ်သည်။

 

လွှတ်တော်၏ ခုံတန်းများကို တစ်ချက်ကြည့်လိုက်ရုံနှင့် ခေါင်းဆောင်ပိုင်းများနှင့် ကြံ့ခိုင်ရေးပါတီ (USDP) မှ လွှတ်တော်အမတ်များ၊ ရွေးကောက်ခံမဟုတ်သော စစ်တပ်ကိုယ်စားလှယ်များဖြင့် ပြည့်နှက်နေသည် ဆိုသော အမှန်တရားကို သိနိုင်ပါသည်။ ထိုကဲ့သို့‌ သော လွှတ်တော်သည် အဘယ်သို့များ ပြည်သူ့အတွက် အလုပ်အကျွေး ပြုပေမည်နည်း။ စစ်ဗိုလ်ချုပ်များအတွက်သာ ဖြစ် ပေသည်။

 

လွှတ်တော်ဥက္ကဋ္ဌများသည် လာမည့် မတ်လ ၃၀ ရက်နေ့တွင် "သမ္မတရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား" ကို ကြီးကြပ်ကျင်းပမည်ဖြစ်သော်လည်း ထွက်ပေါ်လာမည့် ရလဒ်အပေါ် မည်သူကမျှ သံသယ မဖြစ်ကြ။

 

စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်သည် "အရပ်သားအစိုးရ" ဟု အမည်ခံကာ ၎င်း၏ အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေရန် ထိပ်သီးရာထူးကို ရယူလိမ့်မည်ဟု အများက မျှော်လင့်ထားကြပြီး ဖြစ်သည်။

 

တစ်ချိန်တည်းမှာပင် ၎င်း ယုံကြည်ရသော စစ်ဗိုလ်ချုပ်များနှင့် ကြံ့ခိုင်ရေးပါတီ (USDP) အလံအောက်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ဒုတိယသမ္မတ ရာထူးများနှင့် ဝန်ကြီးအဖွဲ့ ရာထူးနေရာများကို သိမ်းပိုက်ကြတော့မည် ဖြစ်သည်။

 

အဆိုပြုချက် မှန်သမျှအား မည်သည့်ကန့်ကွက်မှုမျှ ရှိမည် မဟုတ်ဘဲ ဟန်ပြ လွှတ်တော်မှ တံဆိပ်တုံး ခပ်နှိပ် အတည်ပြုသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် အမည်နာမသစ်ဖြင့် အသွင်ပြောင်းထားသည့် စစ်အုပ်ချုပ်ရေး ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းလာပေတော့မည်။

 

အာဏာမသိမ်းမီက လွှတ်တော်များအပေါ် ထားရှိခဲ့သည့် ဒီမိုကရေစီဆိုင်ရာ ယုံကြည်မှုများနှင့် နှိုင်းယှဉ်ပါက၊ ယခု လွှတ်တော်သစ်အပေါ် ပြည်သူ တို့၏ ယုံကြည်မှုမှာ လုံးဝမရှိသလောက်ပင် ဖြစ်သည်။

 

၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်များတွင် ပြည်သူသန်းပေါင်းများစွာသည် မျှော်လင့်ချက်အပြည့်ဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တခဲနက် အနိုင်ပေးခဲ့ကြသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် လွှတ်တော်သစ် စတင်ကျင်းပရမည့်နေ့မှာပင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ပါတီခေါင်းဆောင်များ ဖမ်းဆီးအကျဉ်းချခံခဲ့ရ၍ ယနေ့တိုင် အကျဉ်းထောင်များအတွင်း ရှိနေဆဲ ဖြစ်သည်။

 

စစ်တပ်သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဒီမိုကရေစီ အသုံးအနှုန်းများကို ပုံဖျက်အသုံးချနေဆဲ ဖြစ်သည်။ "စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို ဗုံးကြဲခြင်း၊ အတိုက်အခံများကို ဖမ်းဆီးခြင်းနှင့် ကန့်ကွက်သူများကို နှုတ်ပိတ်ခြင်းများ လုပ်ဆောင်နေစဉ်မှာပင် ၎င်းတို့၏ အုပ်ချုပ်ရေးသစ်ကို 'ဒီမိုကရေစီ'၊ 'ပြည်သူ့အတွက်' နှင့် 'ငြိမ်းချမ်းရေး' ဟူသော ခေါင်းစဉ်များဖြင့် ရေပက်မဝင် ပြောဆိုနေကြသည်။

 

၂၀၂၁ ခုနှစ်က စတင်ခဲ့သော "နွေဦးတော်လှန်ရေး" အတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့ကြသူများအား ယနေ့တိုင် အမှတ်ရ ရှင်သန်နေဆဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ် လမ်းမများပေါ်မှ စတင်ခဲ့သည့် လှုပ်ရှားမှုသည် အာဏာသိမ်းမှုကို ဆန့်ကျင်ရုံသက်သက် မဟုတ်ဘဲ၊ လက်နက်အားကိုးဖြင့် အဓမ္မအုပ်ချုပ်သည့် စနစ်ကို ငြင်းပယ်ကာ ပြည်သူ့ဆန္ဒနှင့်အညီ ပုံဖော်မည့် အနာဂတ်ကို ပြန်လည်ရယူရန် လူထု ကြီး တရပ်လုံး၏ စုပေါင်းဆုံးဖြတ်ချက် ဖြစ်သည်။

 

လွှတ်တော်ကို ကျင်းပနိုင်ကောင်း ကျင်းပနိုင်မည်၊ ရာထူးအဆောင်အယောင်များကို ပေးအပ်နိုင်ကောင်း ပေးအပ်နိုင်မည်၊ စစ်အုပ်ချုပ်ရေးကိုလည်း အသွင်သစ်ဖြင့် ထုပ်ပိုးနိုင်ကောင်း ထုပ်ပိုးနိုင်လိမ့်မည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ အဓမ္မ သိမ်းပိုက်၍ မရနိုင်သော အရာမှာ ပြည်သူကသာ ပေးအပ်နိုင်သည့် "တရားဝင်မှု" ပင် ဖြစ်သည်။ ၂၀၂၁ နွေဦးမှ စတင်ခဲ့သော ပြည်သူ တို့၏ အုံကြွမှုသည် အလျှော့ပေးလိမ့်မည်မဟုတ်ဘဲ "စစ်အုပ်ချုပ်ရေး အဆုံးသတ်ရမည်၊ ပြည်သူ့အနာဂတ်ကို ပြည်သူကိုယ်တိုင် ပုံဖော်ခွင့်ရရမည်" ဟူသော ရပ်တည်ချက်မှာ ခိုင်မြဲနေဆဲ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

(ဧရာဝတီ တွင် ပါရှိသော Myanmar’s Sham Parliament is Soaked in the Blood of its People ဆောင်းပါးကို ပြန်လည် တင်ပြသည်။)