ရှုပ်ထွေးပွေလီစ လုပ် လေ့ လုပ်ထ ရှိ သော ထရမ့် အဖို့က အီရန်အပေါ် မှားယွင်းစွာ စစ်ပွဲဆင်နွှဲခဲ့ရာမှာ မကြုံစဖူး ထူးထူးခြားခြား ရုန်းရင်းဆန်ခတ် နိုင်လှသည့် သီတင်းပတ်တပတ်ကို ဖြတ်သန်းခဲ့ရသည်။
အီရန်၏ အရပ်ဘက် စွမ်းအင် အခြေခံအဆောက်အအုံများကို မကြာခင် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှု များ လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အီရန်ဖက် ကတော့ မည်သို့မျှ မနေ ၊ သို့သော် တုန်လှုပ်သွားခဲ့သည်က ကမ္ဘာ ဈေးကွက်ပင် ဖြစ်သည်။ ခုတ်ရာတခြား ရှရာ တလွဲ ဖြစ်လာ၍ စကားကို ပြန်ရုပ်သိမ်း သွားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ လျှို့ဝှက်အဆိုပြုလာခြင်း ကြောင့် တိုက်ခိုက်မှုကို ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်ဟု ထရမ့်က ဆိုသည်။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ အမှတ် ၈၂ လေထီးတပ်မဟာက တပ်ဖွဲ့ဝင်တချို့ကို စေလွှတ်မည်ဟု ပြောလာခဲ့ပြန်သည်။ ဤသည်ကပင် ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်ခြေ ရှိနေသေးသည် ကို ပြသနေခြင်း ဖြစ်သည်။
ယခုလို မရေရာမှုတွေကြားမှာပင် အီရန်အစိုးရကတော့ တုန်လှုပ်ပုံမရ။ ထူးခြားလာသည်က အီရန်သည် ပြိုင်ဘက်များ အပေါ် မဟာဗျူဟာမြောက် အသာစီးရလာနေသည့် အနေအထား ရှိလာနေသည်။
အီရန်သည် ပြင်းပြင်းထန်ထန်တဲ့ ထိုးနှက်ခံခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်အများအပြားနှင့် အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပျက်စီးသွားသလို၊ ရေတပ်နှင့် ဒုံးကျည်ပစ်လွှတ်စင် များသည်လည်း အတော်များများ မရှိသလောက် ဖြစ်သွားခဲ့သည်။
သို့သော်လည်း အီရန်အစိုးရသည် ယခုထိ တောင့်ခံနိုင်ဆဲပင် ဖြစ်သည်။ ယခုလို ဆက်ရပ်တည်နေနိုင်ခြင်းကိုပင် ၎င်းတို့အတွက် အောင်ပွဲဟု မှတ်ယူနေကြသည်။
ပြည်တွင်းတွင်လည်း ဆက်၍ တင်းကျပ်စွာ ချုပ်ကိုင်ထားနိုင်ပြီး စစ်ပွဲ မစမီကထက်ပင် ပိုပြီး ခိုင်မာလာသယောင် ရှိနေသည်။ သဘောထား တင်းမာသည့် တော်လှန်ရေးအစောင့်တပ် များက အခြေအနေကို ထိန်းချုပ်ထားသည်။ တိုင်းရင်းသား လက်နက်ကိုင် ခွဲထွက်ရေးသမားများပဲဖြစ်ဖြစ်၊ မြို့ပြဆန္ဒပြပွဲများ ပဲဖြစ်ဖြစ် ပြည်တွင်းအတိုက်အခံ များသည် လည်း လုံးဝ ငြိမ်သက်သွားကြသည်။
အီရန်၏ အရန်သင့်စုဆောင်းထားသည့် သန့်စင်ပြီး ယူရေနီယံ ၄၀၀ ကီလိုဂရမ်ခန့်သည်လည်း ပျက်စီးသွားခြင်းမရှိဘဲ အ ဆောက်အဦး ပျက်များ အောက်တွင် ရှိနေနိုင် သေးသည်။ အထူးခြားဆုံးအချက်သည်က အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းလိုအား၏ ငါးပုံတစ်ပုံခန့် စီးဆင်းရာ ဟော်မုဇ် ရေလက်ကြား ကို ပိတ်ဆို့ထားနိုင်ခြင်းပင် ဖြစ်သည်။
ယခုလို မျိုး အန္တရာယ် ရှိလာနိုင်သည့် အတွက် အမေရိကန် စစ်ဗျူဟာ ရေးဆွဲသူများသည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ သို့သော် ယခုစစ်ပွဲက သက်သေပြလိုက်သည် ကတော့ အီရန်သည် ထို ရေလက်ကြားကို အမှန်တကယ် ပိတ်ဆို့ဖြတ်တောက်နိုင်စွမ်း ရှိနေသလို၊ ပြန်လည် ဖွင့်လှစ်ဖို့ဆိုသည်ကလည်း အလွန်အမင်း ခက်ခဲလိမ့်မည် ဆိုသည်ပင် ဖြစ်သည်။ ဒုံးကျည်များ၊ ဈေးပေါသည့် ဒရုန်းများ နှင့် ရေလမ်းကြောင်းတွင် မိုင်းများ ထောင်ထားသည့် အီရန်၏ အချိုးမညီ စစ်ဆင်ရေးဗျူဟာသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများကိုပင် အနီးသို့ ကပ် မလာနိုင်အောင် ဟန့်တားထားနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်၏ လက်ဝေခံအဖွဲ့အစည်းများသည် ယခင်ကထက် အင်အားချိနဲ့သွားသော်လည်း ပြည်ပနိုင်ငံများတွင် အီရန်အနေဖြင့် အသုံးချနိုင်သည့် ဝှက်ဖဲများ ရှိနေဆဲဖြစ်သည်။ ယီမင်ရှိ ဟူသီသူပုန်များသည် ပင်လယ်နီအတွင်းရှိ ရေနံတင်သင်္ဘောများကို ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းအား ဆိုင်းငံ့ထားသောကြောင့် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းကာ ကမ်းခြေသို့ ပို့လွှတ်ထားသည့် ဆော်ဒီရီနံအချို့မှာ ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သို့ဖြစ်၍ ကမ္ဘာ့ရေနံဈေးနှုန်းမှာ မကြာသေးမီရက်များအတွင်း တစည်လျှင် $100 ဝန်းကျင်တွင် ရှိနေသော်လည်း အဆမတန် မြင့်တက်မသွားအောင် ထိန်းထားနိုင်ဆဲ ဖြစ်ပါသည်။ သို့သော် ဟူသီတို့အနေဖြင့် တိုက်ခိုက်မှုများကို ဆက်လက်ရပ်ဆိုင်းထားရန်အတွက် ယီမင်မြောက်ပိုင်းအား ၎င်းတို့ ထိန်းချုပ်ထားမှုကို နိုင်ငံတကာမှ အသိအမှတ်ပြုရန် တောင်းဆိုလာနိုင်ဖွယ် ရှိသည်။
အီရတ်နိုင်ငံတွင်လည်း အီရန်နှင့် နီးစပ်သည့် ရှီယိုက်အဖွဲ့များသည် ကာ့ဒ်များ နှင့် အမေရိကန်များ ကို ဆန့်ကျင်လာကြသည်။ ထို့အပြင် လက်ဘနွန်ရှိ အီရန်၏ လက်ဝေခံ ဟစ်ဇ်ဘိုလာအဖွဲ့သည်လည်း အစ္စရေး၏ တိုက်ခိုက်မှုကို ခံနေရချိန်တွင် "နယ်ချဲ့ဆန့်ကျင်ရေး" အဖွဲ့အစည်းတစ်ခုအဖြစ် ပြည်တွင်း၌ ထောက်ခံမှု ပြန်လည်ရရှိလာနိုင်သည်။ အကယ်၍ အစ္စရေးက ကျူးကျော်သိမ်းပိုက်ရန် ကြိုးပမ်းပါက ပဋိပက္ခသည် ပိုမိုပြင်းထန်လာနိုင်ပြီး ထိုအဖွဲ့၏ ရပ်တည်ချက်သည် လည်း ပိုမိုခိုင်မာလာမည် ဖြစ်သည်။
ပင်လယ်ကွေ့ ရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများသည် စစ်ပွဲကို မလိုလားခဲ့ကြသော်လည်း ယခုအခါတွင် တော့ ကျားနာတကောင်လို ဖြစ်လာသည် အီရန်အား ယခင်ကထက် ပို၍ စိုးရိမ်လာကြသည်။ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ် များနှင့် တန်ဖိုးကြီး ဒုံး ဖျက်ဒုံးကျည်များသည် အပြည့်အဝ စိတ်မချရသေးသလို၊ စီးပွားရေးသည် လည်း အီရန်၏ ခြိမ်းခြောက်မှုအောက် ဓားစာခံ လုပ်ခံနေရသည်ဟု ခံစားနေကြရသည်။
၎င်းတို့အတွက် တခုတည်း သော ရွေးချယ်စရာ သည်က အမေရိကန်နှင့် အတူ စစ်ပွဲထဲ အစွမ်းကုန် ပါဝင်ဆင်နွှဲဖို့သာ ရှိ တော့သည်။ ယူအေအီး မှ အီရန်သည် ဒေသတွင်း "စီးပွားရေး အကြမ်းဖက်မှု" ကို ကျူးလွန်နေခြင်း ဖြစ်၍ ၎င်းတို့ နှင့် မဆွေးနွေးမှုရန် မလုပ်ဖို့ သတိပေးထားသည်။ ဆော်ဒီအာရေဗျကမူ အမေရိကန်အနေနှင့် ကြည်းတပ်ဖွဲ့ဝင်များကိုပါ စေလွှတ် ပေးရန် ဆန္ဒရှိ နေသည်ဟု သတင်းများက ဆိုသည်။
အစ္စရေးသည်လည်း မလုံခြုံ တော့။ ဘင်ဂျမင် နေတန်ယာဟု ကတော့ အီရန်အပေါ် အဆက်မပြတ် တိုက်ခိုက်နေရသည်ကို ဝမ်းသာအားရ ဖြစ်နေသည်။ သို့သော် အီရန် ဒုံးကျည်များသည် အစ္စရေး လေပိုင်နက်ထဲကို ဖောက်ထွက်ဝင်ရောက်နိုင်ခဲ့ပြီး အရပ်သားများ သေဆုံးခဲ့ရသည်။ အီရန်၏ နျူကလီးယား ခြိမ်းခြောက်မှုသည်လည်း အမြစ်ပြတ်သွားခြင်း မရှိသေး။
အီရန်အစိုးရသာ အပြောင်းအလဲမဖြစ်ဘူးဆိုက တာဝေးပစ် ဒုံးကျည်များ၏ ခြိမ်းခြောက်မှုများ ပြန်လာဦးမည် ဖြစ်ပြီး အစ္စရေးအနေနှင့်အီရန်ကို လအနည်းငယ်ခြား တခါဆိုသလို ပုံမှန်တိုက်ခိုက်နေရမည့် အခြေအနေမျိုး ဆိုက်သွားပေလိမ့်မည်။
ဂျူးများအတွက် အစိုးရိမ်ရဆုံးအချက်သည်က အမေရိကန်နှင့် ကာလရှည်ကြာ တည်ဆောက်ထားသည့် ဆက်ဆံရေး ထိခိုက်လာမည့် အရေးပင် ဖြစ်သည်။
ထိုစစ်ပွဲကို အမေရိကန်ပြည်သူ အများစုက မနှစ်သက်ကြတော့။ အကယ်၍ အသေအပျောက် များလာမည်၊ စက်သုံးဆီဈေးများ ထိုးတက်လာမည်၊ ဈေးကွက်များလည်း ထိုးဆင်းသွားမည်ဆိုက မည်သူ့ကို အပြစ်တင်ကြရမည်နည်း။
ရီပတ်ဘလစ်ကန် လက်ယာစွန်းဝါဒီတချို့ကတော့ အစ္စရေးကို အပြစ်ဖို့နေကြပြီ ဖြစ်သည်။ အထူးသဖြင့် လူငယ်များသည် အစ္စရေးအပေါ် ပိုပြီး ရန်လိုမုန်းတီးလာကြသလို၊ အမေရိကန်ရှိ အစ္စရေး လော်ဘီသမား များလည်း မျက်နှာမလှ ဖြစ်လာနေသည်။
အတိုချုပ် ဆိုက အမေရိကန်နှင့် အစ္စရေးတို့၏ စစ်အင်အား မည်မျှပင် ကြီးမားဆန်းသစ်နေ စေကာမူ၊ အီရန်ကတော့ ထရမ့်အပေါ် အသာစီးရနေသည်ဟု ယူဆလာကြသည်။ ထိခိုက်နာကျင် နေသည့်ကြားမှ ပြန်လည်တိုက်ခိုက်နိုင်စွမ်းရော၊ ဒဏ်ရာဒဏ်ချက်များကို ကြံ့ကြံ့ခံနိုင်စွမ်းမှာပါ အမေရိကန်ထက် ပိုမိုသာလွန်ကြောင်း သက်သေပြ နိုင်ခဲ့ကြသည်။
ထရမ့်သည် စစ်ပွဲကို အဘယ့်ကြောင့် ဆင်နွှဲရသလဲဆိုသည့် မဟာဗျူဟာမြောက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးနိုင်ဘဲနှင့် စတင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆင်ရေးပိုင်းမှာ အောင်မြင်မှုတချို့ ရခဲ့ခြင်းနှင့်၊ တီဟီရန် အစိုးရကို အပြောင်းအလဲ လုပ်နိုင်ခဲ့ပြီဆိုသည့် အဓိပ္ပာယ်မရှိသည့် ပြောဆို နေမှုများသာ ကြား နေရသည်၊ တကယ်တမ်းတွင် တော့ လက်ရှိစစ်ပွဲမှ သိသာထင်ရှားသည့် အကျိုးအမြတ် တခုတလေမျှ ထွက်မလာသေးပေ။
နိုင်ငံရေးအရ ပေးဆပ်ရမှုတွေ များပြားလာတာနှင့် အမျှ ထရမ့်သည် ဖိအားများနှင့် ပိုမိုရင်ဆိုင်လာရတော့မည် ဖြစ်သည်။ ယခုအခါ ရွေးချယ်စရာ လမ်းနှစ်သွယ်သာ ရှိ တော့သည်။ ဤသည်က စစ်ကို ပိုပြီးချဲ့ထွင်မလား သို့မဟုတ် ဆွေးနွေးပွဲစားပွဲဝိုင်းကို တက်မလားဆိုသည်ပင် ဖြစ်သည်။
ဒေသတွင်းကို စစ်အင်အား အလုံးအရင်း နှင့် အရင်းအမြစ်ပါမကျန် ရွှေ့ပြောင်းလိုက်ပါက တခြားနေရာများ (အထူးသဖြင့် အာရှဒေသတွင်) အမေရိကန်၏ စစ်အင်အား ချိနဲ့သွားမည် ဖြစ်သည်။
ရေလက်ကြားကို ပြန်ဖွင့်ဖို့နှင့် အီရန်၏ နျူကလီးယားအစီအစဉ်များကို စွန့်လွှတ်ဖို့ ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းရတော့မည် ဖြစ်သည်။ မည်သို့ သော သဘောတူညီချက် မျိုး မဆို စစ်မဖြစ်ခင်က ရရှိနိုင်သည်ထက် ပိုပြီးဆိုးရွားလာမည်သာ ဖြစ်သည်။
ထရန့်သည် မရည်ရွယ်ဘဲနှင့် အီရန်ရှိ သဘောထားတင်းမာသူများကို အင်အားတောင့်တင်းလာအောင် လုပ်ပေးလိုက်သလို၊ ရေလက်ကြားနှင့် ပတ်သက်၍ ၎င်းတို့ မည်မျှအထိ အသာစီးရနေသလဲ ဆိုသည်ကိုလည်း ပေါ်လွင်သွားပေ လိမ့်မည်။ (၎င်းတို့အပေါ် နောက်ဆို လာတိုက်ရဲတော့မည် မဟုတ်ဟုလည်း မှတ်ယူသွားနိုင်ပေသည်။)
အနည်းဆုံးတော့ လက်ရှိအချိန်အထိ အီရန်က အသာစီးရနေတဲ့ အနေအထားတွင် ရှိနေသည်။
(၂၀၂၆ မတ်လ ၂၈ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Advantage Iran" ဟု ခေါင်းစဉ် ပေးထားသော အယ်ဒီတာ အာဘော် ကို ပြန်လည် တင်ပြသည်။