ဟိဂ်ရောက် တပ်မတော်သား နှစ်ဦး

by Hla Soewai - Sep 11 2020

တပ်မတော်သား နှစ်ဦး၏ ထွက်ဆိုချက် မှတ်တမ်းအား ကြည့်ရှုခဲ့သည့် အီကော်နော်မစ် မဂ္ဂဇင်းကြီးတွင် ဖေါ်ပြထားခဲ့သည်က တပ်သား မျိုးဝင်းထွန်းမှ ၂၀၁၇ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေး အတွင်း “ရိုဟင်ဂျာ” ဆိုသူ အယောက် သုံးဆယ်အား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ပြီး အားလုံးကို တနေရာတည်းတွင် မြုပ်နှံရန် ကျင်း တူးပေးခဲ့ကြောင်း နှင့် အမျိုးသမီးတဦးအား မတရားပြုကျင့်ခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

နောက်တဦး ဖြစ်သည့် တပ်သား ဇော်နိုင်ထွန်းကတော့ သူ၏ တပ်မသည် မူဆလင် ကျေးရွာပေါင်း ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် သူ၏ အထက်အဆင့် အရာရှိများ အမျိုးသမီးများကို အဓမ္မကျင့်နေစဉ် ကင်းစောင့်တာဝန် ယူခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

 

၎င်းတို့၏ ထွက်ဆိုချက် ဗီဒီယို မှတ်တမ်းကို Fortified Rights (FR) က ရရှိသွားခဲ့ပြီး အားလုံးကို ခြုံငုံသုံးသပ်ရာ ၎င်းတို့ နှစ်ဦးသည် “ရိုဟင်ဂျာ” အယောက် ၁၈၀ ကို သတ်ဖြတ်ရာတွင် တိုက်ရိုက် ပါဝင်ခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ကျွန်တော် အမြင် ပြောရလျှင် မိမိတို့၏ လုပ်ရပ်သည် နိုင်ငံတကာသို့ မည်မျှ အထိ ဂယက် ရိုက်သွားနိုင်ကြောင်း ကို ဆန်းစစ် နိုင်လောက်တဲ့ အမျှော်မမြင် မရှိမှု၊ နိုင်ငံတကာ စစ်ရာဇဝတ်မှု ဆိုင်ရာ ဥပဒေများကို သိရှိလေ့လာရကောင်းမှန်း မသိမှု ဆိုတဲ့ ကြောက်စရာ ကောင်းလှတဲ့ ဗဟုသုတ ပညာအရာမှာ အားနည်းမှုတွေကနေ အခြေခံလာတာ ဖြစ်ပါတယ်။

 

အစ္စရေး စစ်တပ်သည် လက်မြန်ခြေမြန် ရှိလှသော်လည်း ၎င်းတို့၏ စစ်ဖက်ဆိုင်ရာ ရှေ့နေချုပ်က အိုင်စီစီ စတင် ဖွဲ့စည်းလာပြီး နောက်မှာ ချက်ခြင်းလို စစ်သားများ လိုက်နာရမယ့် စစ်စည်းကမ်း ဥပဒေများကို ရေးဆွဲပြီး တိတိကျကျ လိုက်နာစေခဲ့တဲ့ အတွက် စစ်သားများ အနေနဲ့ မလွှဲသာ မရှောင်သာ ကိစ္စများမှာတောင် ကိုယ့်အပြစ်ကိုလွတ်အောင် ရှောင်နိုင်ခဲ့ကြပါတယ်။ ဒီကြားထဲ ကျူးလွန်လာခဲ့သူများကို စစ်ခုံရုံးဖွဲ့ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေး အရေးယူခဲ့ကြပါတယ်။

 

စစ်တပ်၏ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း မှ မြန်မာ တပ်မတော်သား နှစ်ဦး၏ ထွက်ဆိုချက်သည် ခြိမ်းခြောက် အကျပ်ကိုင်၍သာ ဖြစ်သည်ဟု ပြောဆိုခဲ့ပါတယ်။ သူ၏ အပြောသည် မမှားဟု ဆို၍ရပါတယ်။ အဘယ်ကြောင့် အဆိုပါ စစ်သား နှစ်ဦးသည် ၎င်းတို့ ကိုယ်တိုင် ကျူးလွန်ခဲ့ကြသော အမှုများကို လိုလိုလားလား အစစ်ခံခဲ့ကြပေသနည်းဟူ၍ မေးစရာ ဖြစ်လာရပါတယ်။

 

AA အကြီးအကဲ ထွန်းမြတ်နိုင်၏ အဆိုအရ ၎င်းတို့နှစ်ဦး အား မြန်မာစစ်တပ်မှ ထွက်ပြေးခွင့်ရအောင် AA အဖွဲ့မှ ကူညီပေးခဲ့သည်ဟု ဆိုပါတယ်။ ထိုစစ်သားနှစ်ဦး၏ ထွက်ဆိုချက်များကို AA မှ မှတ်တမ်းရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

 

၎င်းတို့ နှစ်ဦးသည် AA အကူအညီ ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ကြရာမှ ဘင်္ဂလားဒေ့ရှ် အစိုးရမှ အိုင်စီစီကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

 

၎င်းတို့၏ ထွက်ဆိုချက်များအား ပြည်ပ မီဒီယာများ နဲ့ လူ့အခွင့်အရေး အဖွဲ့များက အလွယ်တကူပဲ လက်ခံခဲ့ကြပြီး တပ်မတော်၏ ထိပ်တန်း အရာရှိကြီးများကို တရားစွဲဆို အရေးယူရန် အခိုင်မာဆုံး သက်သေ smoking gun လို့ ပြောဆိုခဲ့ကြပါတယ်။ smoking gun ဆိုတာကတော့ သေနတ် နဲ့ ပစ်တဲ့ အချိန်မှာ မမြင်လိုက်ရပေမယ့် သေနတ်က ထွက်လာတဲ့ မီးခိုး တွေ ကို တော့ မြင်ခဲ့ရတယ် ဆိုတဲ့ အင်္ဂလိပ် အသုံးအနှုံး ဖြစ်ပြီး တိုက်ရိုက်သက်သေ မဟုတ်သော်လည်း အခိုင်မာဆုံးသော သွယ်ဝိုက် သက်သေ အဖြစ် တရားရုံးမှာ တင်သွင်းမယ်လို့ ဆိုပါတယ်။

 

အိုင်စီစီမှ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုရင် ဆူဒန် သမ္မတ ဘာရှီရားလို မျက်ကွယ်မှာ တရားစီရင်ပြီး စစ်ရာဇဝတ်ကောင် များ အဖြစ် ဖမ်းဝရမ်းထုတ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အဲ့ဒီအခါကျရင်တော့ နိုင်ငံအကြီးအကဲ များ လုပ်ဖို့ဝေးစွ ပြည်တွင်းမှာပင် မိမိတို့ ဘဝတလျှောက်လုံး စစ်ရာဇဝတ်ကောင်များ အဖြစ် မျက်နှာငယ်စွာ နေသွားကြရတော့မှာ ဖြစ်ပါတယ်။

 

မြန်မာ တပ်မတော် အဖို့ကတော့ အရိုးစွဲနေပြီ ဖြစ်တဲ့ သောင်းကျန်းသူ တန်ပြန်တိုက်ဖျက်ရေး ဖြတ်လေးဖြတ် ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးချလာနေခဲ့ရာက နေ စည်းပျက်ကမ်းပျက် ထင်တိုင်းကြဲလာတဲ့ သာဓက များကလည်း ရှမ်း၊ ကရင်၊ ကချင် ပြည်နယ်တွေ မှာ နားမဆန့်အောင် ကြားခဲ့ကြရပြီ ဖြစ်လို့ အားလုံးကလည်း ယခု ကိစ္စမှာ အလွယ်တကူ ယုံကြည်ဖို့ မခဲယဉ်းလှတာကြောင့် ကိုယ်ပြုသည့် ကံ ကိုယ်ထံ ပြန်လာခြင်းပဲလို့ သာ ယူဆကြရတော့မှာ ဖြစ်ပါတယ်။

 

ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း အလှူဒါန ပြုနေတာ ခဏ ရပ်ပြီး လောလောဆယ် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တပ်မတော်သားတွေ စိတ်ဓါတ် မြင့်တက်လာအောင် ၎င်းတို့နဲ့ အတူ ရပ်တည်နေကြောင်း၊ ယခင် ကာကွယ်ရေး ဦးစီးချုပ်များ လုပ်ခဲ့သလို ဖမ်းဆီးရမိတဲ့ လက်နက်များကို နိုင်ငံခြား စစ်သံမှူးများအား ခေါ်ယူပြသခြင်းမျိုးတွေကို သတ္တိရှိရှိ လုပ်သင့်လှပါတယ်။

Image Credit -- The Economist