နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(28)

by Hla Soewai - Mar 29 2026

ချိမ်ဘားစ် က စာရွက်စာတမ်းများကို ထုတ်ဖော်ပြရန် အချိန်ဆွဲနေခဲ့ခြင်းမှာ သူငယ်ချင်းဟောင်းတစ်ဦး ဟစ် ကို လိုအပ်သည်ထက် ပို၍ ဒုက္ခမရောက်စေလိုသောကြောင့် ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ သို့သော် "ဟစ်ဟာ ကျွန်တော့်ကိုရော၊ ဖြစ်နိုင်ရင် ကျွန်တော့်ဇနီးကိုပါ ဖျက်ဆီးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ယုံကြည်သွားတဲ့အချိန်ကျမှသာ" ထုတ်ပြခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

 

ထို့နောက်တွင် လူအများကို အံ့အားသင့်စေမည့် နောက်ထပ် သတင်းကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ ချိမ်ဘားစ်သည် ရှေ့နေများထံ မပေးဘဲ ချန်ထားခဲ့သော ၃၅-မီလီမီတာ ဖလင်လိပ်များကို အထဲတွင် အခေါင်းပေါက်ဖောက်ထားသည့် ဖရုံသီး တစ်လုံးထဲသို့ ထည့်ဝှက်ထားခဲ့သည်။ ထို့နောက် ထိုဖရုံသီးကို မေရီလန်း ပြည်နယ်ရှိ သူ၏ ခြံထဲက ဖရုံခင်းထဲတွင် ပြန်ထားခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ၏ ညနေခင်းတစ်ခုတွင် ချိမ်ဘားစ်သည် HUAC (အမေရိကန် လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ) မှ စုံစမ်းစစ်ဆေးသူ နှစ်ဦးကို သူ၏ခြံထဲသို့ ခေါ်ဆောင်သွားပြီး ဖရုံခင်းရှိရာသို့ လမ်းပြကာ အခေါင်းပေါက်ဖောက်ထားသည့် ဝှက်ထားသော ဖရုံသီးကို ပြသခဲ့သည်။

 

ဖရုံသီးထဲမှ ဖလင်များတွင် နိုင်ငံခြားရေးဌာနနှင့် ရေတပ်ဌာနတို့၏ လျှို့ဝှက်စာရွက်စာတမ်း ဓာတ်ပုံများ ပါဝင်နေသည်။ ထိုအချိန်မှစ၍ ဟစ် နှင့် ချိမ်ဘားစ် တို့၏ အငြင်းပွားမှုတစ်လျှောက် သတင်းမီဒီယာများက ဤသက်သေခံစာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို "ဖရုံသီးထဲက စာတမ်းများ" ဟု ကင်ပွန်းတပ်ကာ ခေါ်ဝေါ်ခဲ့ကြတော့သည်။

 

"ဖရုံသီး စာတမ်းများ" ပေါ်ထွက်လာမှုက အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ ဟစ် အနေနှင့် ချိမ်ဘားစ် ကို သူဝန်ခံထားတာထက် ပိုပြီးရင်းနှီးသလား၊ သို့မဟုတ် သူသည် ကွန်မြူနစ်တစ်ယောက် ဖြစ်သလား ဆိုသည့် မေးခွန်းများက အရေးမပါတော့သည့် အသေးအဖွဲကိစ္စ ဖြစ်သွားခဲ့‌ ပေပြီ။ ထိုအစား မေးခွန်းထုတ်စရာ ဖြစ်လာရသည်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိကြီး အဲဂါ ဟစ် သည် ဆိုဗီယက်သူလျှိုတစ်ယောက်လား ဆိုသည်ပင် ဖြစ်သည်။

 

ဟစ် အတွက် ကံကောင်းသွားသည့် အချက်က ထိုခေတ်ကာလတွင် သူလျှိုလုပ်မှု အတွက် တရားစွဲဆိုနိုင်သည့် သက်တမ်းကန့်သတ်ချက် ကို ၅ နှစ်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းကို အပြစ်ပေးနိုင်မည့် သက်သေအထောက်အထားများ အားလုံးသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က လွှဲပြောင်းပေးခဲ့သည့် စာရွက်စာတမ်းများ ဖြစ်နေသည်။ 

 

သို့သော်လည်း သက်တမ်းကန့်သတ်ချက်များသည် ချိမ်ဘားစ်နှင့် ပတ်သက်ပြီး ဟစ်၏ မကြာသေးမီက ထွက်ဆိုချက်များသည် "မုသားကျုးလွန် သက်သေခံမှု" (Perjury) မြောက်သလား ဆိုသည့် မေးခွန်းအတွက်တော့ အထောက်အကူ ဖြစ်မလာခဲ့။

 

၁၉၄၉ ခုနှစ် မေလ၊ ၎င်း၏ မုသား ပြောသက်သေခံခဲ့မှု အား စစ်ဆေးသည့် တရားခွင် ပထမဆုံးနေ့ တွင် တော့ ဟစ် သည် မီးခိုးရောင် ကုတ်အင်္ကျီနှင့် ဦးထုပ်ညိုကို ဆောင်းပြီး မန်ဟက်တန်ရှိ ဖက်ဒရယ်တရားရုံးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ဖက်ဒရယ် ဂျူရီအဖွဲ့ရှေ့မှောက် ထွက်ဆိုခဲ့သည့် ထွက်ချက်များအပေါ် အခြေခံပြီး စွဲချက်နှစ်ခုနှင့် ရင်ဆိုင်‌ နေရခြင်း ဖြစ်သည်။ ဝစ်တေကာ ချိမ်ဘားစ် ထံကို မည်သည့် စာရွက်စာတမ်းမှ မပေးခဲ့ဘူးဟု ထွက်ဆိုခဲ့မှု နှင့်၊ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ချိမ်ဘားစ်ကို တစ်ခါမှ မတွေ့ဖူးပါဟု လိမ်လည်ထွက်ဆိုခဲ့မှု များ နှင့် ဟစ်ကို စွဲချက်တင်ထားခြင်း ဖြစ်သည်။

 

အစိုးရဖက်က ရှေ့‌ နေ ဖြစ်သော လက်ထောက်အမေရိကန်ပြည်ထောင်စုရှေ့နေ သောမတ်စ် မာဖီ က သူ၏ အဖွင့်လျှောက်လဲချက်တွင် ဂျူရီလူကြီးများကို “အကယ်၍ ခင်ဗျားတို့အနေနဲ့ ချိမ်ဘားစ် ရဲ့ စကားကို မယုံကြည်ဘူးဆိုရင် ကျွန်တော်တို့မှာ ဒီအမှုကို ဆက်စွဲဖို့ အထောက်အထား မရှိတော့ပါဘူး” ဟု ပြောကြားခဲ့သည်။ မာဖီက တရားလိုဘက်တွင် ထိုသူသည် လိမ်လည်နေပါသည်ဟု သက်သေပြနိုင်သော “ဓာတ်ပုံမှတ်တမ်းများ” မရှိသော်လည်း၊ ယင်းအစား “လက်နှိပ်စက်ရိုက်ချက်နှင့် လက်ရေးလက်သားများကို စစ်ဆေးခြင်းအားဖြင့် ချိမ်ဘားစ်၏ ထွက်ဆိုချက်ကို ခိုင်လုံအောင် သက်သေပြသွားမည်” ဟု ဆိုသည်။

 

တရားခံရှေ့နေ လွိုက်ပေါလ် စထရိုက်ကာ ကမူ သူ၏အဖွင့်လျှောက်လဲချက်တွင် သူ၏အမှုသည် အယ်လ်ဂါဟစ် အနေဖြင့် “ဒီဇာတ်လမ်း စကတည်းက သူ့ အပေါ် မီးမောင်းထိုးလာ‌ နေတဲ့ ရုပ်မြင်သံကြား သတင်းတွေနဲ့ ဝါဒဖြန့်မှုတွေအားလုံးရဲ့ နောက်ကွယ်က တိတ်ဆိတ်ပြီး တရားမျှတတဲ့ တရားခွင်မျိုးကို ကြိုဆိုပါကြောင်း” ပြောကြားခဲ့သည်။ စထရိုက်ကာက ဤတရားခွင်သည် “အပြစ်အနာအဆာ ကင်းစင်သူ” ဖြစ်သော သူ၏အမှုသည်နှင့် “ခင်ဗျားတို့၊ ကျွန်တော်တို့ ချစ်တဲ့ တိုင်းပြည်ကို ဆန့်ကျင်ရန် သူ့ သဘောဆန္ဒအလျောက် ပူးပေါင်းကြံစည်ခဲ့သူ” ချိန်းဘားစ်တို့အကြား မည်မျှ ကွာခြားသည်ကို သက်သေပြသွားလိမ့်မည်ဟု ဆိုခဲ့သည်။

 

ဝစ်တေကာ ချိမ်ဘားစ် သည် တရားလိုဘက်မှ အဓိကသက်သေဖြစ်သည်။ ဟစ် သည် ၁၉၃၇ ခုနှစ်အစောပိုင်းမှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများကို မိမိထံသို့ စတင်ပေးပို့ခဲ့ကြောင်း သူက သက်သေခံခဲ့သည်။ ဆိုဗီယက်အေးဂျင့်တစ်ဦး အကြံပြုထားသည့် သူလျှိုလုပ်ငန်းစဉ်များအတိုင်း ဟစ်က လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။ ဟစ်သည် ထိုဖိုင်တွဲများကို ညစဉ်အိမ်သို့ ယူဆောင်လာပြီး လက်နှိပ်စက်ဖြင့် ပြန်လည်ကူးယူလေ့ရှိသည်ဟု ဆိုသည်။

 

တရားခံရှေ့နေ စထရိုက်ကာ က ပြန်လှန်စစ်မေးရာတွင် ချိမ်ဘာစ်၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အားနည်းချက်များကို ထင်ရှားအောင် ထုတ်ဖေါ်လာခဲ့သည်။ ချိမ်ဘားစ် ကိုလံဘီယာတက္ကသိုလ်ကျောင်းသားဘဝက ရေးသားခဲ့သည့် ပြဇာတ်တစ်ခုတွင် ခရစ်တော်အပေါ် "စော်ကားသော အရေးအသားများ" ပါဝင်ခဲ့သည်ကို ထောက်ပြမေးမြန်းခဲ့သည်။ ထို့ပြင် သူသည် နယူးအော်လင်းရှိ "အောက်တန်းစားအရက်ဆိုင်" များတွင် နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိနှင့် "မျက်လုံးတစ်ဖက်လပ် အန်နီ" ဟုခေါ်သော ပြည့်တန်ဆာတစ်ဦးနှင့် ပတ်သက်ခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ ချိမ်ဘားစ်က "မရှိပါ" ဟု ဖြေကြားခဲ့သည်။

 

ရှေ့နေက ချိမ်ဘားစ်အား "ခင်ဗျား (၁၄) နှစ်တိုင်တိုင် အမေရိကန်ပြည်ထောင်စု၏ ရန်သူနှင့် သစ္စာဖောက်တစ်ဦး ဖြစ်ခဲ့တယ် မဟုတ်လား" ဟု ခက်ထန်စွာ မေးခွန်းထုတ်ခဲ့ရာ ချမ်ဘာစ်က "မှန်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့လေသည်။ (ချိမ်ဘားစ်သည် ၁၉၂၀ နှင့် ၁၉၃၀ ကြား အမေရိကန် ကွန်မြူနစ်ပါတီဝင်တစ်ဦး ဖြစ်ခဲ့သလို၊ ဆိုဗီယက်ယူနီယံအတွက် သူလျှိုလုပ်ပေးနေခဲ့သည့် မြေအောက်လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သူ ဖြစ်သည်)

 

ချိမ်းဘားစ် ထွက်ဆို အပြီး တွင် ၎င်း၏ ဇနီးဖြစ်သူ အက်စသာ သည် သက်သေခုံပေါ်သို့ တက်ရောက်လာခဲ့သည်။ သူမတို့ ဇနီးမောင်နှံနှင့် အယ်ဂါ ဟစ်၊ ပရစ်စီလာ ဟစ် တို့ ဇနီးမောင်နှံနှစ်ဦးအကြား နှစ်အတော်ကြာ ရင်းနှီးကျွမ်းဝင်ခဲ့သည့် ဆက်ဆံရေးအကြောင်းကို ဂျူရီလူကြီးများအား ထွက်ဆိုခဲ့သည်။

 

ဘော်လ်တီမိုးရှိ ဟစ်၏ တိုက်ခန်းသို့ သွားရောက်လည်ပတ်ခဲ့ပုံများကိုလည်း သူမက ရှင်းပြခဲ့သည်။

 

ယင်းနောက် တရားလိုဘက်မှ တင်သွင်းထားသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်နှိပ်စက်ရိုက်ထားသော စာရွက်စာတမ်းများနှင့် ဟစ် တို့အကြား ဆက်စပ်မှုကို သက်သေပြနိုင်မည့် လူအများအပြားကို ဆင့်ခေါ်ခဲ့သည်။ ထိုသက်သေများအနက် တစ်ဦးဖြစ်သူသည် ဟစ်၏ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးခန်းမှ အတွင်းရေးမှူး ဟောင်းတစ်ဦး ဖြစ်ပြီး ၎င်းက "ဟစ်သည် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို ရုံးမှ အိမ်သို့ မကြာခဏ ယူသွားလေ့ရှိသည်" ဟု သက်သေခံထွက်ဆိုခဲ့သည်။

 

သို့သော်လည်း ဟစ် ကို ထိုစာရွက်စာတမ်းများနှင့် ပတ်သက်ဆက်နွှယ်နေကြောင်း သက်သေပြနိုင်သည့် အရေးကြီးဆုံး ထွက်ဆိုချက်မှာ FBI ဓာတ်ခွဲခန်း ကျွမ်းကျင်သူတစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၆ နှင့် ၁၉၃၇ ခုနှစ်များအတွင်း ဟစ် ကိုယ်တိုင် ရိုက်နှိပ်ခဲ့သည်ဟု အတည်ပြုထားသော ပေးစာအမျိုးမျိုးနှင့် ဘရွတ်ကလင်းရှိ အမှိုက်ပစ်ရန်တပ်ဆင် ထားသည့် ပိုက် အတွင်း၌ တွေ့ရှိခဲ့သော စာရွက်စာတမ်းများသည် တစ်မျိုးတည်းသော Woodstock လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ထားခြင်းဖြစ်ကြောင်း ထိုကျွမ်းကျင်သူက ဂျူရီလူကြီးများကို ပြောကြားခဲ့သည်။

 

စာရွက်စာတမ်း နှစ်အုပ်စုစလုံးပေါ်တွင် တွေ့ရသည့် အင်္ဂလိပ်အက္ခရာ အသေး “g” ပုံစံမှာ ထူးခြားစွာ တူညီနေခြင်းကဲ့သို့သော အချက်များကို အခြေခံ၍ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

 

တရားခံရှေ့နေများဘက်ကမူ ဂျူရီလူကြီးများ ယုံကြည်လက်ခံလာစေရန် အချက်သုံးချက်ဖြင့် ကြိုးပမ်းခဲ့ကြသည်။

၁။ ဟစ်၏ ဂုဏ်သိက္ခာမှာ အပြစ်ပြောစရာ မရှိ၍ သူလျှိုလုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုခြင်းမှာ မဖြစ်နိုင်ဟု ဆိုခြင်း။

၂။ သက်သေဖြစ်သူ ချိမ်းဘားစ် သည် စိတ်မနှံ့သူဖြစ်၍ သူ၏စကားကို မယုံကြည်သင့်ဟု ဆိုခြင်း။

၃။ ဟစ်၏ Woodstock လက်နှိပ်စက်ကို ၁၉၃၈ ခုနှစ်မတိုင်မီကပင် အိမ်အကူဖြစ်သူ ကလောဒီယာ ကက်တလက်ထံ ပေးလိုက်ပြီးဖြစ်သောကြောင့်၊ အယ်လ်ဂျာ သို့မဟုတ် ပရစ်စကာ ဟစ် တို့အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန စာရွက်စာတမ်းများကို ပြန်၍ ကူးယူ ရိုက်နှိပ်ရန် ထိုစက်ကို အသုံးပြုခဲ့ခြင်းမှာ မဖြစ်နိုင်ကြောင်း အစရှိသည် တို့ကို အခိုင်အမာ ပြောဆိုခဲ့ကြသည်။