အရှေ့တောင် အာရှတွင် ဘာလုပ်၍ ဘာလုပ်နေမှန်း မသိရအောင် လျှို့ဝှက်နက်နဲလွန်းလှသော အဖွဲ့အစည်း တခု ဖြစ်သည့် မြန်မာ စစ်တပ်မှ သောကြာနေ့တွင် ကျင်းပမည့် နှစ်ပတ်လည်စစ်ရေးပြအခမ်းအနားအပြီး၌ ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ ပြုလုပ်တော့မည် ဟုလူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။
ယခုကဲ့သို့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် အသစ်ဖွဲ့စည်းလိုက်သော လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်များ တနင်္လာနေ့တွင် မစတင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် အဆိုပါ သမ္မတရာထူးကို ရယူရန် ဆယ်စုနှစ် တစု နီးပါး စောင့်ဆိုင်းနေရသူ လည်း ဖြစ်သည်ဟု ရိုက်တာ သတင်းတွင် ရေးသားထားသည်။
တပ်မတော်နေ့ အခမ်းအနားအပြီးတွင် "ခေါင်းဆောင်မှု အပြောင်းအလဲများ" ရှိလာမည်ဖြစ်ကြောင်း ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက ကြာသပတေးနေ့တွင် ပြုလုပ်သည့် စစ်တပ်အငြိမ်းစား အရာရှိကြီးများကို ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မည်သူကပင် ဦးဆောင်သည်ဖြစ်စေ တပ်မတော်သည် ဆက်ခံသူခေါင်းဆောင်များ၊ အကြံပေးများ၏ လမ်းညွှန်ချက်များအပြင်၊ ချမှတ်ထားပြီးသား စစ်ဘက်ဆိုင်ရာ မူဝါဒများနှင့် လမ်းစဉ်များကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း” စိုးဝင်းက ပြောကြားခဲ့သည်ဟု ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာနှင့် ဇန်နဝါရီလများက ကျင်းပခဲ့ပြီး အယောင်ဆောင်ရွေးကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီးနောက် နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက် နောက်ခံပြု ပါတီက အနိုင်ရရှိခဲ့ပြီး မင်းအောင်လှိုင် သမ္မတဖြစ်လာရန် လမ်းစပွင့်သွားခဲ့သည်။
နိုင်ငံသည် စစ်တပ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့မှုကြောင့် ပြင်းထန်သော ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ ယခုရွေးကောက်ပွဲသည် ဆင်းရဲမွဲတေနေသော နိုင်ငံကို ပိုမိုဆိုးရွားသည့် ပဋိပက္ခအတွင်းသို့ တွန်းပို့နေသည့် အဆိုပါ ပြည်တွင်းစစ်ကာလအတွင်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
စစ်မျက်နှာအနှံ့အပြားတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် စစ်တပ် အနေဖြင့် ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်မှုအပြောင်းအလဲကို ကြိုတင်ထုတ်ဖော်ပြောဆိုခြင်းသည် အလွန်ထူးခြားသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူ တဦးက ပြောကြားခဲ့သည်။
"ဒါဟာ ကြိုတင်စီစဉ်ထားတဲ့ အကူးအပြောင်းတစ်ခု ဖြစ်ပေမဲ့၊ အခုလို ထုတ်ဖော်ပြောကြားလာတာဟာ ခေါင်းဆောင်မှု အပြောင်းအလဲနဲ့ ထိပ်ပိုင်းရာထူး နေရာချထားရေးတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားရာ၌ စစ်အုပ်စု အနေဖြင့် အသစ်ရွေးကောက်တင်မြှောက်လိုက်သော အစိုးရထံသို့ "ရက်ပိုင်းအတွင်း" အာဏာလွှဲပြောင်းပေးမည်ဟု ဆိုသည်။
လူပုဂ္ဂိုလ် တဦးတယောက်ထက် တပ်မတော်ဆိုသည့် အဖွဲ့အစည်းကြီး တည်တံ့ခိုင်မြဲဖို့နှင့် မူဝါဒများ ဆက်ရှိနေဖို့က ပိုအရေးကြီးသည်ဟု စိုးဝင်းက အလေးအနက် ပြောဆိုခဲ့သည်။
ဆိုလိုသည်က "ငါတို့အားလုံးဟာ အဖွဲ့အစည်းအတွက်ပဲ" ဆိုတဲ့ စိတ်ဓာတ်ကို ရိုက်သွင်းလိုက်ချင်းလည်း ဖြစ်သည်။ ဤသည်ကပင် အထက် တွင် ဖေါ်ပြခဲ့ သလို ၎င်းတို့အကြား စိုးရိမ်စိတ်များ ကြီးထွားနေသည်မှာ သိသာထင်ရှားနေပေသည်။
အဆိုပါ အခမ်းအနားသို့ သမ္မတ ဟောင်း ဦးသိန်းစိန်၊ ရွေးကော် ဥက္ကဌ ဟောင်း ဦးတင်အေး၊ ဗိုလ်နေဝင်း၊ ဗိုလ်စန်းယု တို့၏ မိသားစုများ တက်ရောက်လာပြီး မင်းအောင်လှိုင် ကိုယ်စား စိုးဝင်းက ဦးဆောင် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဧရာဝတီ သတင်း အဆိုအရ စစ်ထောက်လှမ်းရေး အကြီးအကဲ ရဲဝင်းဦးသည် မကြာသေးမီကပင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းကြောင့် ၎င်းသည် မင်းအောင်လှိုင် နေရာ သို့ တက်လှမ်းလာနိုင်သည်ဟူသော ယူဆချက်များ အားကောင်းစေခဲ့သည်။ သို့သော်လည်း စစ်ထောက်လှမ်းရေးအကြီးအကဲ အဖြစ် တာဝန်ယူခဲ့သူ တဦး တလေမျှ ကာကွယ်ရေးဦးစီးချုပ်အဆင့်အထိ ရောက်ရှိခဲ့ဖူးခြင်း မရှိပေ။
တစ်ဖက်တွင်လည်း ရှမ်းပြည်နယ်ရှိ တပ်ရင်းများသို့ သွားရောက်စစ်ဆေးခြင်းနှင့် စစ်ဖက်ဆိုင်ရာ အခမ်းအနားများကို ဦးဆောင်ခြင်းအပါအဝင် စိုးဝင်းသည် သိသိသာသာ လှုပ်ရှားလာခဲ့ခြင်းကြောင့် ၎င်းအား နောက်ထပ် အလားအလာ ရှိသူ တဦး အဖြစ် ထွက်ပေါ် လာခဲ့သည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မကြာသေးမီက ဗိုလ်ချုပ်ကြီးများ အစည်းအဝေးတစ်ခုတွင် မင်းအောင်လှိုင်က စိုးဝင်းအား လွန်ခဲ့သည့် ၁၅ နှစ်တာကာလပတ်လုံး ၎င်း၏ "လက်တွဲဖော် လက်တွဲဖက်" အဖြစ် မတ်တပ် ထရပ်ခိုင်းကာ ချီးကျူးစကား ပြောကြားခဲ့သည်။
နိုင်ငံတကာဆက်ဆံရေးတွင်လည်း စိုးဝင်းသည် ပိုမိုအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော တရုတ်နှစ်သစ်ကူး ဧည့်ခံပွဲတွင် မင်းအောင်လှိုင်ကိုယ်စား တက်ရောက်ခဲ့သလို၊ ဘီလာရုစ်သမ္မတ လူကာရှန်ကို နေပြည်တော်သို့ လာရောက်စဉ်အတွင်း၌လည်း စစ်ကောင်စီဥက္ကဋ္ဌ၏ "ညာလက်ရုံး" အဖြစ် မိတ်ဆက်ခြင်း ခံခဲ့ရသည်။ ထို့ပြင် မကြာသေးမီက ထိုင်းတပ်မတော်အကြီးအကဲနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင်လည်း မင်းအောင်လှိုင်နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
သို့သော်လည်း အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော စိုးဝင်း၏ အသက်အရွယ်သည် ထိပ်တန်းရာထူးကို ရယူရန် ကြီးလွန်းနေပြီလားဟူသော မေးခွန်းများကို ပေါ်ထွက်စေခဲ့သည်။ မင်းအောင်လှိုင်ကိုယ်တိုင်မှာမူ ၎င်း၏ အသက် ၆၀ ကျော် နှောင်းပိုင်းကာလအထိ အဆိုပါရာထူးကို ဆက်လက်ဆုပ်ကိုင်ထားခဲ့သူ ဖြစ်သည်။
နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ဒုံးကျည်ပစ်စင်များ တပ်ဆင်ထားသော တင့်ကားများနှင့် စစ်ကားများ၊ ရွေ့လျားအမြောက်ကြီးများ လမ်းမပေါ်တွင် တအိအိ မောင်းနှင်လာကြပြီး စစ်သား ထောင်ပေါင်းများစွာလည်း စစ်ကြောင်းထိုး ချီတက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် မင်းအောင်လှိုင်က တပ်တွင်း စိတ်ဓာတ်မြှင့်တင်ရန်အတွက် ၎င်း၏ နှစ်စဉ်ပြောကြားမြဲဖြစ်သော မိန့်ခွန်းကို ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရန်နှင့် ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ ပြည်သူလူထုမှ တရားဝင်ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ကူညီပံ့ပိုးသွားမည်ဟု မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည် ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ပြောဆိုသွားသော ပုဂ္ဂိုလ်သည် တကယ်တမ်းတွင် ၂၀၂၁ ခုနှစ်တွင် ပြည်သူလူထုက သောင်ပြိုကမ်းပြို ထောက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချခဲ့ပြီးကတည်းက အာဏာရှင်ဆန်ဆန် အမိန့်အာဏာဖြင့် အုပ်ချုပ်လာခဲ့ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သူမ၏ ပါတီကို ဖျက်သိမ်းခြင်းနှင့် ပြည်တွင်းစစ်မီးကို တောက်လောင်စေခြင်းတို့ကို ပြုလုပ်ခဲ့သူဖြစ်သည်ဟု AFP သတင်းတွင် ထောက်ပြ ရေးသားထားသည်။
၎င်းသည် လက်ရှိတွင် ယာယီသမ္မတအဖြစ် တာဝန်ယူထားပြီးဖြစ်သော်လည်း၊ အဆိုပါရာထူးကို အတည်တကျရယူလိုက်ခြင်းက "အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်းသည် စစ်တပ်က အရပ်သားအသွင်ပြောင်းကာ မိမိကိုယ်မိမိ အာဏာပြန်လွှဲပေးခြင်းသာဖြစ်သည်" ဟု အားလုံးက ယူဆပြီး ဖြစ်သည်ကို အတည်ပြုလိုက်ခြင်းသာ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်း တရုတ်၊ ရုရှားတို့၏ ပံ့ပိုးပေးမှုဖြင့် အောင်ပွဲ အသင့်အတင့် ရရှိလာခဲ့သော်လည်း စစ်တပ်သည် ဝိုင်းရံပိတ်ဆို့ခံထားရကာ အသည်းအသန် ခုခံနေရသည့် ဒေသများစွာ ရှိနေဆဲ ဖြစ်သည်ဟု AFP သတင်းတွင် ဖေါ်ပြထားသည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ လူဦးရေ ၃.၇ သန်းကျော်သည် အိုးအိမ်မဲ့ ဘဝ ဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီ ဖြစ်သည်။
ထိုသို့ တိုင်းပြည်ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်ခဲ့သော မင်းအောင်လှိုင်သည် တရားမဝင် အာဏာသိမ်းပြီး နောက်တနှစ် အ တွင်းမှာပင် ၎င်း၏ မိသားစုသည် ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အဆင့်မြင့်အိမ်ရာစီမံကိန်းမှ ဇိမ်ခံကွန်ဒို တခုကို ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) ဖြင့် ဝယ်ယူခဲ့ကြောင်း မြန်မာ ပြည် အတွက် တရားမျှတ ရေး အဖွဲ့ Justice For Myanmar က စုံစမ်း ဖေါ်ထုတ်ပြီး မတ်လ ၂၅ ရက်တွင် အစီရင်ခံစာ အသေးစိတ် ထုတ်ပြန်လာခဲ့သည်။
အိန္ဒိယ ပါရဂူကြီးများ၏ အစွမ်းကလည်း အံ့မခန်းဟု ဆိုရပေမည်၊ ခါးရိုး ခွဲစိတ်ပြီးစ လူနာသည် တပတ်အတွင်း လူကောင်းနှင့် မခြား လမ်းလျှောက် နိုင်သည်ကိုလည်း တွေ့နေရသည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!