နှစ်ဆန်းပိုင်းတွင် ရုရှားစီးပွားရေးမှာ ပြိုလဲလုနီးပါး ဖြစ်နေပုံရသည်။ စစ်ပွဲဒဏ်နှင့် ပိတ်ဆို့အရေးယူမှုများကြောင့် အခွန်ဘဏ္ဍာငွေများ လျော့ကျလာခြင်း၊ ထုတ်လုပ်မှုများ ကျဆင်းလာခြင်းနှင့် ကုန်သွယ်မှုများ ရပ်ဆိုင်းလုနီးပါး ဖြစ်လာခြင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ခံစားနေရသည်။ အခွန်အခများ မြင့်တက်လာခြင်းနှင့်အတူ ချေးငွေရယူခနှုန်းထားများမှာလည်း မတတ်နိုင်လောက်အောင်ပင် မြင့်မားနေပြီး ရရှိရန်မှာလည်း လုံးဝမဖြစ်နိုင်သလောက် ရှိနေသည် - အကျိုးဆက်အနေဖြင့် ကုမ္ပဏီများစွာ ဒေဝါလီခံရမည့် နီးပါး ဖြစ်လာနေသည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် ရုရှားသည် အိန္ဒိယနိုင်ငံသို့ ရေနံတစ်စည်လျှင် ၂၂ ဒေါ်လာနှုန်းဖြင့်သာ အတင်းအကျပ် ရောင်းချခဲ့ရပြီး ယင်းမှာ ကမ္ဘာ့ပေါက်ဈေး၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်။ စီးပွားရေးအရ မည်သို့ မျှ ရေရှည်မရပ်တည်နိုင်တော့။
သမ္မတ ဗလာဒီမာ ပူတင်သည် စစ်ပွဲတစ်လျှောက်လုံးတွင် ထိုကဲ့သို့သော ညည်းငြူ နေသံ များကို မသိချင်ယောင် ဆောင် နေခဲ့သည်။ အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း စစ်ပွဲကို ဆက်လက်ဆင်နွှဲရေးသည်သာ ပူတင်အတွက် အကြွင်းမဲ့ဦးစားပေးဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ အရေးမကြီးလှကြောင်း နားလည်ထားကြသည်။
သို့သော် ဖေဖော်ဝါရီလတွင် တစုံတရာ ပြောင်းလဲသွားခဲ့သည်။ ပူတင်သည် ကျဆင်းနေသော စီးပွားရေးအခြေအနေကို ရုတ်တရက် အာရုံစိုက်လာခဲ့သည်။ ယူကရိန်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ၎င်း၏ သဘောထား ပြောင်းလဲလာနိုင်သည့် အရိပ်အယောင်များပင် တွေ့ရပြီး စစ်ပွဲမှ ထွက်ပေါက်တစ်ခုကို ရှာဖွေနေပုံရသည်။
ပူတင်သည် စစ်ပွဲအဆုံးသတ်ရန် စတင်စဉ်းစားနေပြီဟု ထင်ရသည့် အချိန်မှာ ပင် အီရန်စစ်ပွဲ စတင်လိုက်ခြင်းသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မည့် အလားအလာကို ရပ်တန့်ပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
တခဏ ချင်းမှာပင် ရေနံဈေးနှုန်းများ တက်လာခြင်း၊ အနောက်အုပ်စုအတွင်း သဘောထားကွဲလွဲခြင်းနှင့် အမေရိကန်၏ အတိုင်းအဆမဲ့ လုပ်ဆောင်လာမှုများကြောင့် ပူတင်အနေဖြင့် ယူကရိန်း နှင့် သဘောတူညီချက်တစ်ခုရယူရန် မလိုတော့ သလောက် ဖြစ်သွားခဲ့ရသည်။
ရေနံစျေးနှုန်းများသည် တစည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ထိုးတက်သွားခဲ့ပြီး အဓိကကျသော ပြောင်းလဲမှုတစ်ခုအနေဖြင့် ရုရှားရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမေရိကန်က ရုပ်သိမ်းပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာ ထောက်ပံ့မှုကွင်းဆက်များ ပြတ်တောက်မှုဒဏ်ကို ခံစားနေရချိန်တွင် ရုရှားနိုင်ငံထုတ် မြေသြဇာများအပေါ် ဝယ်လိုအားမှာ အဆမတန် မြင့်တက်လာခဲ့သည်။ ရုရှားနိုင်ငံကို ဒုက္ခပေးနေသော စီးပွားရေးပြဿနာများအားလုံးမှာ ရုတ်တရက်ဆိုသလိုပင် လွင့်ပျယ် ပျောက်ကွယ်သွားခဲ့ပုံရလေသည်။
ထို့အပြင် ဟော်မုဇ် ရေလက်ကြား သို့ စစ်သင်္ဘောများ စေလွှတ်ရန် ငြင်းဆန်ခဲ့ကြသည့် နေတိုး မဟာမိတ်များနှင့် အမေရိကန်ပြည်ထောင်စုအကြား သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ သမ္မတ ထရမ့် ကယင်းကို "အလွန်မိုက်မဲသော အမှားတစ်ခု" ဟု ခေါ်ဆိုခဲ့သည်။
အနောက်အုပ်စုအတွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးခြင်းအပေါ်တွင် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို တည်ဆောက်ထားသည့် ပူတင်အတွက်မူ ဤအခြေအနေမှာ ကြိုဆိုဖွယ်ရာပင် ဖြစ်နေသည်။
ထို့အပြင် အမေရိကန်၏ အာရုံစိုက်မှုများသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိသွားယုံ သာ မကဘဲ ယူကရိန်းသို့ ပေးပို့နိုင်မည့် လက်နက်ခဲယမ်းများကိုလည်း အမေရိကန်ပြည်ထောင်စုက အီရန် တွင်ပုံ အော် သုံးစွဲနေရခြင်းပင် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင်လည်း ကရင်မလင် သဘောကျစရာ များ တွေ့လာရသည်။ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် ရေရှည်လာသည်နှင့်အမျှ ထရမ့်၏ နိုင်ငံရေးအခြေအနေကို မည်မျှ အထိ တိုက်စားသွားနိုင်ပြီး ရီပတ်ဘလစ်ကန်ပါတီကို မည်သို့အားနည်းသွားစေနိုင်သည်ကို အလွယ်တကူပင် ခန့်မှန်း နိုင်ခဲ့ပြီ ဖြစ်သည်။ ထရမ့် အတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများသည် အထူးပင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိစေသည်။
ဤအခြေအနေသည် အမေရိကန် နိုင်ငံရေး၏ ရေရှည်မတည်မြဲမှုအပေါ် ပူတင်၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေသည်။ ထရမ့် သည်လည်း ယာယီသာဖြစ်ပြီး နောက်ဆုံးတွင် အစိုးရသစ်တစ်ရပ် တက်လာမည်ဖြစ်ကာ ထိုအစိုးရသည် ရုရှားအပေါ် ထားရှိသည့် သဘောထားမှာလည်း လုံးဝကွဲပြားခြားနားသွားနိုင်ခြေ ရှိသည်။
အီရန်စစ်ပွဲသည် ထိုအပြောင်းအလဲကို ပိုမိုမြန်ဆန်လာစေနိုင်သည်။ ဤရှုထောင့်မှကြည့်လျှင် ယူကရိန်းအရေးတွင် အလျှော့ပေးလိုက်လျောရန်မှာ အဓိပ္ပာယ်မရှိသော လုပ်ရပ်သာ ဖြစ်ပေတော့မည်ဟု ယူဆလာခဲ့သည်။
သို့သော် လက်ရှိ ရုရှားနိုင်ငံအတွင်းသို့ စီးဝင်နေသော ငွေကြေးများသည် ပူတင်အနေဖြင့် စစ်ပွဲကို အကန့်အသတ်မရှိ ဆက်လက်ဆင်နွှဲနိုင်မည်ဟု မည်သို့မျှ အာမမခံနိုင်ပေ။ ထို့ပြင် အစိုးရနှင့် နီးစပ်သူအချို့ကမူ လက်ရှိအခြေအနေမှာ ခဏတာသာ ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။
မော်စကိုရှိ လူအများက မေလအရောက်တွင် အီရန်စစ်ပွဲ ပြီးဆုံးသွားနိုင်ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများလည်း ပြန်လည်သက်ရောက်လာနိုင်သည်ဟု မျှော်လင့်ထားကြသည်။ အကျပ်အတည်းဆိုက်နေသော ရုရှားစီးပွားရေးအတွက်မူ အမြဲတမ်းကယ်တင်ရှင်ဟူသည် မရှိနိုင်ပေ။
ရုရှားနိုင်ငံအတွင်းပိုင်း အခြေအနေမှာလည်း ကသောင်းကနင်း ဖြစ်လာနေသည်။ ယခုနှစ်ဆောင်းဦးပေါက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ ကရင်မလင်သည် တခုခု ဖြစ်လာမည်လားကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသည့် အခြေအနေတွင် ရှိနေပြီး လွှတ်တော်အတွင်း စစ်ပြန်များဖြင့် အစားထိုးဖြည့်တင်းမည့် အစီအစဉ်ကို ဝေခွဲမရ ဖြစ်နေသည်။
ထို့ပြင် ပူတင်ကို လူသိရှင်ကြား ပြန်လည်တော်လှန်ခဲ့သည့် အစိုးရလိုလားသော ဘလော့ဂါတစ်ဦးကိုလည်း ပြင်းထန်စွာ အရေးယူကိုင်တွယ်ခဲ့သည်။
နိုင်ငံအတွင်း အသုံးအများဆုံး Telegram ကို ပိတ်ပင်ရန် လုပ်ဆောင်ခဲ့သလို မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့ကြီးများတွင်လည်း အင်တာနက် ပြတ်တောက်မှုများမှာ ယုံကြည် အားထား၍ မရအောင် ဖြစ်လာနေသည်။ အစိုးရအဖွဲ့အတွင်း အကြီးအကျယ် အပြောင်းအလဲများ ပြုလုပ်တော့မည်ဟူသော ကောလာဟလများမှာလည်း ပျောက်ကွယ်မသွားဘဲ ဆက်လက် ပျံ့နှံ့ နေဆဲပင် ဖြစ်သည်။
ယခင်က ခေါင်းထဲ ထည့်ထားစရာ မလိုဟု ထင်မှတ်ထားခဲ့သော လူထု၏ မကျေနပ်မှု သည် ယခုအခါ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပြီဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် မစ္စတာပူတင်အနေဖြင့် အကျိုးဆက်ကြီးမားမည့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မည်ဟု ယူဆရသည် - ယင်းမှာ ယူကရိန်းစစ်ပွဲကို အရှိန်လျှော့ချရန် သဘောတူညီခြင်း (ဖြစ်နိုင်ခြေအနေဖြင့် စစ်ပွဲကို အဆုံးသတ်ခြင်း အပါအဝင်) သို့မဟုတ် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ကာ နယ်ပယ်အသီးသီးတွင် ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်ခြင်းနှင့် စစ်အင်အားအသစ်များ စုဆောင်းခြင်း အထိ လုပ်ဆောင်လာခြင်းတို့ ဖြစ်သည်။
ပူတင်အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ်မည်နည်းဆိုသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့သော် အဓိကကျသော အချက်တစ်ချက်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ရှိစစ်ပွဲကို ဆက်လက်ဆင်နွှဲနေမည်လော ဆိုသည့်အချက်ပင် ဖြစ်လိမ့်မည်။
သို့သော် ပူတင်သည် လက်ရှိ အနေအထားကို သာယာ နေလောက် အောင် မိုက်မဲသူ တဦး တော့ မဟုတ်၊ ရုရှားစီးပွားရေးလုပ်ငန်းရှင်ခေါင်းဆောင်များကို ပြောကြားသည့် မိန့်ခွန်းတစ်ခုတွင် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းက ရုရှားအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသော်လည်း ဈေးကွက်အခြေအနေမှာ ပြောင်းပြန် ပြန်လှန်သွားနိုင်သဖြင့် သတိကြီးစွာထားကြရန် သတိပေးပြောကြားခဲ့သည်။
အီရန်စစ်ပွဲသည် နောက်ဆုံးတွင် တစ်ကမ္ဘာလုံး၌ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို သိသိသာသာ နှေးကွေးသွားစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကဲ့သို့ပင် သက်ရောက်မှုရှိလာနိုင်သည်ဟု ရုရှားခေါင်းဆောင်က ဆိုသည်။
တံခါးပိတ်အစည်းအဝေးတစ်ခုတွင်မူ ပူတင်က အီရန်စစ်ပွဲသည် သုံးပတ်မှ လေးပတ်အတွင်း ပြီးဆုံးသွားလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း စီးပွားရေးခေါင်းဆောင်များကို ပြောကြားခဲ့သည်။ ထို့ကြောင့် ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခုလို ထီ ပေါက် သကဲ့သို့ ရရှိနေ သော ဝင်ငွေများ မှာ ရေရှည်တည်တံ့မည်ဟု မတွက်ဆထားသင့်ကြောင်း ရုရှားစက်မှုလက်မှုနှင့် လုပ်ငန်းရှင်များသမဂ္ဂ ဥက္ကဋ္ဌ အလက်ဇန်းဒါး ရှိုကင်း က အခမ်းအနားအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
(၂၀၂၆ မတ်လ ၂၅ ရက်နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာပါ For Putin, the War in Iran Changed Everything ဆောင်းပါးကို ပြန်လည် တင်ပြသည်)