ထို့နောက် သားအဖနှစ်ယောက် မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ သူတို့၏ ရပ်ကွက်ဟောင်းသို့ လိုင်းကားဖြင့် လာခဲ့ကြသည်။ သို့သော် ကားပေါ်မှဆင်း၍ ခြေလျင်ခရီးစတင်ရမည့်အချိန်တွင်မူ ဆီဗီးယား ဟာမန်း တစ်ယောက်တည်းသာ သွားရတော့မည်ဖြစ်သည်။ မျက်မမြင်ဂျူးလူမျိုး ဖခင်ဖြစ်သူကို ခေါ်ဆောင်၍ ရည်းစားဟောင်း၏အိမ်သို့ သွားရောက်မည် ဆိုက ပတ်ဝန်းကျင်က စိတ်ဝင်စားစရာ ဖြစ်လာပေလိမ့်မည်။
ဆီဗီးယားနှင့် လိုသာ တို့သည် ပြန်ဆုံမည့်နေရာကို သဘောတူသတ်မှတ်လိုက်ကြပြီးနောက်၊ ယခုအခါ အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်သော မိန်းကလေးသည် ကမ္ဘာ့အလိုအရှိဆုံး လူသတ်သမားတစ်ဦးကို ရှာဖွေရန် တစ်ကိုယ်တည်း ရဲရဲဝံ့ဝံ့ ထွက်ခွာခဲ့လေတော့သည်။ သူမ ဘယ်ကိုသွားနေသည်ဆိုသည်ကို ဖခင်ဖြစ်သူအပါအဝင် မည်သူမျှ အတိအကျမသိကြချေ။
ဆီလ်ဗီးယား၏ အစီအစဉ်မှာ အလွန်ရိုးရှင်းသည် - အိုလီဗို့စ် ရပ်ကွက် လမ်းမများအတိုင်း နစ်ခ် အိုက်ခ်မန်း ကို မတွေ့မချင်း လိုက်လံရှာဖွေရန်သာ ဖြစ်သည်။ တွေ့ပြီဆိုသည်နှင့် သူဘယ်မှာနေသလဲဟု မေးမြန်းမည် ဖြစ်သည်။
ကံအားလျှော်စွာပင် ဆီဗီးယား သည် နစ်ခ် ၏ လိပ်စာကို သိထားသည့် သူငယ်ချင်းဟောင်းတစ်ဦးနှင့် ဆုံမိသွားသည်။ ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည့် သူမသည် သတ္တိကို မွေးကာ ချာကာဘူကို လမ်း အမှတ် ၄၂၆၁ အိမ်ရှိရာသို့ တစ်ဦးတည်း လျှောက်လာခဲ့သည်။ (ပုံတွင် တွေ့နိုင်သည်) ပြောရန် ပြင်ဆင်လာသည့် ဇာတ်လမ်းမှာ ရိုးရိုးရှင်းရှင်း ပင် ဖြစ်သည် - သူမသည် နစ်ခ်၏ ရည်းစားဟောင်းဖြစ်ပြီး အဝေးသို့ ပြောင်းရွှေ့သွားရာမှ ခဏ ပြန်လာခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ ခြံရှေ့တံခါးကို ဖြတ်ကျော်ဝင်ရောက်ကာ အိမ်တံခါးကို ခေါက်လိုက်ချိန်တွင် သူမ၏ နှလုံးခုန်သံမှာ တဒိန်းဒိန်းနှင့် ကျယ်လောင်နေတော့သည်။
နစ်ခ်၏ မိခင်ဖြစ်သူက တံခါးလာဖွင့်ပေးသည်။ သူမသည် ဂျာမနီမှ ထွက်ခွာလာပြီးနောက် စတုတ္ထမြောက် ကလေးကို မွေး ဖွားခဲ့ပြီးဖြစ်၍ ကိုယ်အလေးချိန်မှာလည်း သိသိသာသာ တက်နေသည်။ "ဒါ အိုက်ခ်မန်း မိသားစုရဲ့ အိမ်ပါလားရှင့်" ဟု ဆီလ်ဗီးယားက မေးလိုက်သည်။
ဗီရာ အိုက်ခ်မန်း သည် ရည်မွန်သော်လည်း အနည်းငယ် သတိထားနေသည့် ပုံစံရှိသည်။ ဆီဗီးယား အံ့အားသင့်သွားရသည်မှာ ထိုအမျိုးသမီးဘေးသို့ ရောက်လာ သော အသက် ၆၀ ခန့်ရှိမည့် အမျိုးသားတစ်ဦး ကို တွေ့လိုက်ရ၍ ဖြစ်သည်။ သူသည် မျက်မှန်တပ်ထားပြီး ကိုယ်နေဟန်ထားမှာ အနည်းငယ် ကိုင်းနေသည်။ ရုပ်သွင်မှာမူ ဓာတ်ပုံထဲက အိုက်ခမန်းနှင့် တထပ်တည်း ဖြစ် နေသည်။
ဆီဗီးယား က သူမကိုယ်သူမ သူတို့ သားဖြစ်သူ၏ သူငယ်ချင်းတစ်ယောက်အဖြစ် မိတ်ဆက်လိုက်သည်။ "နစ်ခ် အိမ်မှာ ရှိပါသလားဟင်" လို့ ဆီဗီးယားက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်မိသည်။
"တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေး" လို့ အိမ်ရှင်ဖြစ်သူ အမျိုးသားက ဂျာမန်ဘာသာနဲ့ ပြန်ဖြေသည်။ သူက ခါးကို အသာအယာညွှတ်ပြီး ဥရောပတိုက်သားဟောင်းတို့၏ ယဉ်ကျေးပျူငှာမှု ကို ပြသလိုက်သည်။ ဆီလ်ဗီးယား အံ့သြသွား သည်ကတော့ သူမကို အိမ်ထဲဝင်ပြီး ကော်ဖီနဲ့ ကိတ်မုန့်သောက်ဖို့ ဖိတ်ခေါ်လိုက်၍ ဖြစ်သည်။ နစ်ခ်ကတော့ အပြင်ခဏသွားနေ သော်လည်း ဆီဗီးယားအနေနဲ့ အိမ်ထဲမှာပဲ စောင့်နိုင်တယ်လို့ ဆိုလာသည်။
ဗီရာ က တံခါးကို ဖွင့်ပေးလိုက်သည်။ ဆီဗီးယားသည် ဒီအဆင့်အထိ ရောက်အောင် အဝေးကြီးကနေ လာခဲ့ရတာဖြစ်၍ ယခုအချိန် ရောက်မှတော့ ကြောက်နေ၍ မဖြစ်။
သူမ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ ဧည့်ခန်းကျဉ်းလေးထဲတွင်တော့ နစ်ခ်၏ ညီဖြစ်သူ ဒီတာ အိုက်ခမန်း ထိုင်နေသည်ကို တွေ့ရသည်။ "သူ ထွက်သွားတာ တစ်နာရီလောက် ရှိပြီ" လို့ ဒီတာက ဆီဗီးယားကို လှမ်းပြောလိုက်သည်။
နစ်ခ်၏ အမေသည် ဒီတာ့ကို နာမည်တပ်ပြီး မခေါ် သော်လည်း ဂျာမန်အစိုးရ ရှေ့နေ၏ မှတ်တမ်းဖိုင် ထဲတွင် ဖော်ပြထားသည့် အတိုင်း သူသည် ဆယ်ကျော်သက်အရွယ်နှောင်းပိုင်းလောက် ရှိပုံရသည်။
ယခုအချိန်အထိတော့ အိုက်ခမန်းမိသားစု ထံတွင် ဘာမှမသင်္ကာစရာ မတွေ့ရသေးပေ။ လုံးဝသူစိမ်းဖြစ်သော ဧည့်သည်တစ်ဦးအပေါ် သူတို့၏ နွေးထွေးပျူငှာသော ဆက်ဆံမှုမှာ မျှော်လင့်မထားလောက်အောင်ပင် ဖြစ်သော်လည်း ဆီဗီးယား ကတော့ သတိ လက်လွတ် မဖြစ် အောင် သတိထားနေခဲ့သည်။
သူမသည် စိတ်ထဲရှိသည့်အတိုင်း "ရှင်က မစ္စတာ အိုက်ခမန်းလား" ဟု ရုတ်တရက် မေးလိုက်မိသည်။ ထိုသက်ကြီးရွယ်အို အမျိုးသားက ဘာမှပြန်မဖြေပေ။ "နစ်ခ်ရဲ့ ဖခင်များလား ရှင်" ဟု ဆီဗီးယားက ထပ်ပြီး အတည်ပြုဖို့ ကြိုးစားသည်။ လူကြီးတစ်ယောက်ကို ဆယ်ကျော်သက်တစ်ဦးက ဆက်ဆံသည့်အတိုင်း သူမ၏ လေသံမှာ ယဉ်ကျေးပျူငှာပြီး ရိုသေမှုရှိပါသည်။
သို့သော်လည်း ထိုလူကြီးသည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။ "မဟုတ်ဘူး" ဟု သူက လေသံမာမာနှင့် ပြန်ဖြေသည်။ သူ၏ လေသံမှာ "နားမခံသာအောင် စူးရှခက်ထန်နေသည်" ဟု ဆီဗီးယားက မှတ်မှတ်ထင်ထင် သတိရ နေခဲ့သည်။ ထိုလူကြီး ဘာဆက်ပြောရမည်ကို စဉ်းစား နေစဉ်အတွင်း အခန်းထဲတွင် စိတ်မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
"ငါက သူ့ရဲ့ ဦးလေးပါ" ဟု သူက နောက်ဆုံးတွင် ထုတ်ပြောလာသည်။ ထိုအခါတွင်တော့ ဆီဗီးယားက ဆက်မမေးဘဲ နေလိုက်သည်။ နစ်ခ် အိမ်ပြန်အလာကို စောင့်နေကြစဉ် စကားဝိုင်းမှာလည်း အရေးမပါသော သာကြောင်းမာကြောင်း အပြောအဆိုများအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
မည်သူကမှလည်း ဆီဗီးယား တွင် မရိုးသားသော နောက်ကွယ်က ရည်ရွယ်ချက်တစ်ခု ရှိနေလိမ့်မည်ဟု သင်္ကာမကင်း မဖြစ်ခဲ့ကြ ပေ။ သူမ၏ ဖခင်ဖြစ်သူက နောက်ပိုင်းတွင် ထောက်ပြခဲ့သကဲ့သို့ပင် အိုလီဗို့စ် အရပ်တွင် ဟာမန်း မိသားစုကို "ဂျာမန်လူမျိုး အစစ်အမှန်” အဖြစ် လူအများက လက်ခံထားကြသည်။ ဆီဗီးယားကိုယ်တိုင်ကလည်း အိုင်းခ်မန်း မိသားစု၏ ထိုသို့ အထင်ရောက်နေမှုကို ဆက်၍ ဟန်ဆောင် နိုင်ခဲ့သည်။
ကော်ဖီ သောက်ရင်းက အချိန်များ ကုန်ဆုံးသွားသည်။ နစ်ခ် ၏ ဦးလေးဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ထားသော လူကြီး သည်လည်း ဆီဗီးယားအပေါ် ဒေါသ ပြေသွားခဲ့သည်။ သူမက တစ်နေ့တွင် နိုင်ငံခြားဘာသာစကားများကို လေ့လာလိုကြောင်း ပြောလိုက်သောအခါ၊ ထိုလူကြီး ကပင် သူသည် စစ်မှုထမ်းစဉ်အတွင်း ပြင်သစ်ဘာသာစကား အနည်းငယ် တတ်မြောက်ခဲ့ကြောင်း ဝန်ခံခဲ့သေးသည်။
ထိုစဉ် ရုတ်တရက်ပင် နစ်ခ်သည် တံခါးကို ဝုန်းခနဲ ဖွင့်ကာ ဝင်လာတော့သည်။ ဆီဗီယားကို မြင်လိုက်ရသည်နှင့် သူသည် ဒေါသအမျက် ချောင်းချောင်းထွက်သွားသည်။ သူတို့နှစ်ဦးကြားတွင် တစ်ဦးကိုတစ်ဦး ခံစားချက်များ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် တစိမ်းတရံစာ ကဲ့သို့ပင်။ "ငါ့လိပ်စာကို မင်း ဘယ်သူ့ဆီက ရတာလဲ" ဟု မရမက မေးတော့သည်။ "ငါ တစ်ခုခု မှားလုပ်မိလို့လား" ဟု ဆီဗီးယားက ပြန်ပြောရင်း၊ သူတို့နှစ်ဦးလုံးနှင့် သိသော သူငယ်ချင်းတ ယောက်က လမ်းညွှန်ပေးလိုက်၍ ဖြစ်ကြောင်း ပြောလိုက်သည်။
အခြေအနေကို ကြားမှ ပြေလည်အောင် လုပ်ပေးလိုက်သူမှာ ဦး လေး ဆိုသူပင် ဖြစ်သည်။ နစ်ခ်အား ဆီဗီးယား ရောက်လာသည့် အတွက် မိမိတွင် ပြဿနာမရှိကြောင်း သူက ပြောလိုက်သည်။ သို့သော် ဆီဗီးယားအတွက်မူ ဤမျှနှင့်ပင် လုံလောက်သွားပြီဖြစ်သည်။
သူမတွင် အဒေါ့ဖ် အိုက်ခ်မန်း ဆိုသူ နှင့် တစ်ခန်းတည်း အတူရှိနေသည်ဟု ယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေပြီ ဖြစ်သည်။ ဤသည်ကပင် သူမ လာရောက်ရသည့် ရည်ရွယ်ချက်ဖြစ်ပြီး ထို့ထက်ပို၍ သိရှိရန် မလိုအပ်တော့ချေ။
ထိုလူလတ်ပိုင်းအရွယ် ဦးလေးဖြစ်သူက ဆီဗီးယားကို တံခါးဝအထိ လိုက်ပို့စဉ် နစ်ခ်က နောက်က လိုက်လာသည်။ ထို အခိုက်အတန့် လေးတွင်တွင် နစ်ခ်က သတိလက်လွတ်ဖြစ်ကာအမှားတစ်ခုကို ကျူးလွန်လိုက်မိ တော့သည်။
“ကျေးဇူးတင်ပါတယ် အဖေ” ဟု သူက ဆိုလိုက်သည်။ “ကျွန်တော် ဆီဗီးယားကို ဘတ်စ်ကားဂိတ်အထိ လိုက်ပို့လိုက်ပါဦးမယ်။”
မိသားစုဝင်များက နွေးထွေးစွာ နှုတ်ဆက်ကြသော်လည်း ဆီဗီးယားကို ကားဂိတ်သို့ လိုက်ပို့ပေးနေသည့် နစ်ခ်မှာမူ ဒေါသ ထွက်နေသည်။ သူ့အား အိမ်သို့ ဧည့်သည် ခေါ်မလာရန် တားမြစ်ထားပြီး ဖြစ်၍ အိမ်ပြန်ရောက်သည့်အခါ မည်သို့သော အပြစ်ပေးမှုမျိုးနှင့် ရင်ဆိုင်ရမည်ကို မသေချာဘဲ စိုးရိမ်နေမိသည်။
ဆီဗီးယား၏ အတွေးများကမူ တစ်ခြားစီပင်။ သူမ၏ စိတ်ထဲတွင် နစ်ခ်အပေါ် မည်သည့် ခံစားချက်မျှ မရှိတော့ချေ။ နစ်ခ် ဒေါသအမျက် ထွက်ခဲ့သည်ကို တွေ့လိုက်ရ၍ ထိတ်လန့်သွားခဲ့ရပြီး နောက်ထပ် ဒေါသပေါက်ကွဲလာမည်ကိုလည်း စိုးရိမ်နေမိသည်။ သို့သော် သူတို့နှစ်ဦး မခွဲခွာမီ နောက်ထပ် မေးခွန်း တခုကို မေးရန်မှာ သူ မ အတွက်အလွန်ပင် အရေးကြီးနေသည်။
“ဘာလို့ နင့်ဦးလေးကို ‘အဖေ’ လို့ ခေါ်တာလဲ” ဟု ဆီဗီးယားက မေးလိုက်လေသည်။
*******************