အိုင်စီစီ ဝရမ်း ကြန့်ကြာနေမှု

by Hla Soewai - Mar 29 2026

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တရားလို ရှေ့နေချုပ် က မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့သည်မှာ တစ်နှစ်နှင့် နှစ်လဝန်းကျင် ရှိလာပြီ ဖြစ်သည်။

 

ယခုအခါ အိုင်စီစီ ၏ Pre-Trial Chamber ခေါ် ရုံးမတင်မီ စစ်ဆေးရေး အဖွဲ့ တွင် ရောက်ရှိ နေသည်။ ထို အဖွဲ့သည် အမှုတစ်ခုကို တရားခွင်တွင် စစ်ဆေးဖို့ ခိုင်လုံမှု ရှိ၊ မရှိ ဆုံးဖြတ်ပေးရတဲ့ အခန်းကဏ္ဍ ကို တာဝန်ယူထားခြင်း ဖြစ်သည်။

 

အရပ်သားပြည်သူလူထုအပေါ် ကျူးလွန်နေဆဲဖြစ်သော အခြား ရာဇဝတ်မှု စွပ်စွဲချက်များ ရှိနေသော်လည်း၊ ယခု ဖမ်းဝရမ်းလျှောက်ထားမှုသည် သတ်မှတ်ထားသော ကာလအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။

 

သို့သော်လည်း စုံစမ်းစစ်ဆေးမှု၏ နယ်ပယ်မှာမူ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့ နောက်ပိုင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အထိ ဆန့်ထုတ်ထားသည်။

 

လက်တွေ့တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူထားသူတစ်ဦးကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခြင်းသည် ထူးခြားသည့် ခြေလှမ်းတစ်ခု ဖြစ်သည်။ သို့သော်လည်း Pre-Trial Chamber ဘက်က တုံ့ပြန်ရန် ပုံမှန်ထက် အချိန်ကြာမြင့်နေသည် ဟု ယူဆမိသည်။

 

ယခု တင်ပြချက်သည် အဆိုပါ လျှောက်ထားမှုအပေါ် ဆုံးဖြတ်ချက်မကျသေးမီ အခြေအနေတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်းအမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းထားခြင်း ဖြစ်ပါသည်။ ၎င်းသည် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး ကြိုးပမ်းချက်များအတွက် မရှိမဖြစ်လိုအပ်ပြီး အရေးကြီးသော အဆင့်တစ်ခုလည်း ဖြစ်ပါသည်။

 

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင် နိုင်ငံတကာရာဇဝတ်မှုများအတွက် တရားစွဲဆိုခြင်း လုပ်ငန်းစဉ်သည် Pre-Trial Chamber က ဖမ်းဝရမ်း သို့မဟုတ် ဆင့်ခေါ်စာ တစ်ခုခုကို ထုတ်ပြန်လိုက်သည့် အချိန်မှသာ တရားဝင်စတင်သည်ဟု ဆိုနိုင်ပါသည်။

 

သံသယရှိသူကို ဖမ်းဆီးရမိပြီးနောက် သို့မဟုတ် ကိုယ်တိုင်လာရောက် အဖမ်းခံပြီးနောက် ၎င်း၏ရှေ့မှောက်တွင် ကြားနာခြင်းသို့မဟုတ် မျက်ကွယ်တွင် ကြားနာခြင်း တို့ဖြင့် စွပ်စွဲချက်များကို အတည်ပြုသည်၊ ထိုအခါတွင်တော့ သံသယ ရှိသူ အဆင့်မှ တရားခံ အဆင့်သို့ ရောက်ရှိသွားသည်။ 

 

အိုင်စီစီ သည် လူကိုယ်တိုင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မျက်ကွယ်တွင် ကြားနာစစ်ဆေးနိုင်သည့် အခွင့်အရေးရှိသည်။ ထို့အတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း အရင် ထုတ်ပြန်နိုင်ဖို့က မရှိ မဖြစ် လိုအပ်နေသည်။

 

Pre-Trial Chamber အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရန် ယခုကဲ့သို့ အချိန် အလွန်ကြာမြင့်နေခြင်းသည် ပြဿနာတစ်ရပ် ဖြစ်နေပါသည်။ နိုင်ငံတော်အကြီးအကဲများအပေါ် စွပ်စွဲချက်များရှိခဲ့သည့် အခြားသော သာဓကများနှင့် နှိုင်းယှဉ်ကြည့်လျှင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းလျှောက်ထားချိန်မှ ထုတ်ပြန်ချိန်အထိ ကြာမြင့်နေသောကာလမှာ ယနေ့အထိ အရှည်ကြာဆုံး ဖြစ်နေပါသည်။

 

ဥပမာ ပူတင်နှင့် ဒူတာတေး တို့အား ဖမ်းဝရမ်းထုတ်ရန် တလမပြည့်မီ အချိန်အတွင်း ပြီးမြောက်ခဲ့သည်။ ကဒါဖီအတွက် တစ်လ ကြာမြင့်ခဲ့သည်။ နေတန်ယာဟု သည် ခြောက်လ ကြာမြင့်ခဲ့သည်။ ဆူဒန် သမ္မတ အယ်လ်ဘာရှီးယား အား ရှစ်လအထိ အကြာဆုံး စောင့်ဆိုင်းခဲ့ရသော်လည်း ယခု မြန်မာနိုင်ငံဖြစ်စဉ်မှာ ထိုထက်ပင် ပိုမိုကြာမြင့်နေပြီ ဖြစ်ပါသည်။

 

လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သော နိုင်ငံတော် အကြီးအကဲများအပေါ် ICC က ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ အဖွဲ့အစည်းအပေါ် ယုံကြည်မှု တိုးတက်လာခြင်းနှင့် နိုင်ငံရေးအရ ကြီးမားသော ခုခံဟန့်တားမှုများ ရှိနေသည့်တိုင် အစိုးရအဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ရန် ပိုမိုပြတ်သားစွာ သန္နိဋ္ဌာန်ချထားခြင်းကို ပြသနေပါသည်။

 

ယခုလျှောက်ထားမှုအပေါ် ဆုံးဖြတ်ချက်မှာမူ မကြုံစဖူးလောက်အောင် အချိန်ကြာမြင့် နေဆဲ ဖြစ်သည်။ တစ်ဖက်တွင်မူ ICC ပြင်ပ မှလည်း ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် အထောက်အထားများ ခိုင်လုံလာစေရန် ကူညီပေးလျက် ရှိသည်။

 

မြန်မာ စစ်အုပ်စု ကို နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ပြုခဲ့ခြင်းသည် အစိုးရတစ်ရပ်၏ တရားဝင်မှု နှင့် နိုင်ငံတော်အကြီးအကဲ၏ ကင်းလွတ်ခွင့် ဆိုင်ရာ မေးခွန်းများကို ပေါ်ထွက်လာစေခဲ့သည်။

 

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့မှောက်တွင် နိုင်ငံတော်အကြီးအကဲများအနေဖြင့် ကင်းလွတ်ခွင့် မရရှိကြသော်လည်း၊ တရားမဝင်သောအစိုးရအဖွဲ့ဝင်များသည် အခြားနိုင်ငံများ၏ ပြည်တွင်းတရားစီရင်ရေး (Domestic Jurisdictions) နယ်ပယ်များတွင် ထိုကဲ့သို့သော အကာအကွယ်မျိုး ဆက်လက်ရရှိနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင် ဖြစ်ပါသည်။

 

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကသာ ဖမ်းဝရမ်းထုတ်ပြန်လိုက်မည်ဆိုက ‌၎င်းကို ဖမ်းဆီးနိုင်ရန်အတွက် ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေမည်ဖြစ်ပါသည်။

 

ထို့အပြင် ရောမ စာချုပ် (Rome Statute) အပိုဒ် ၈၇(၁)(ဘ) အရ အင်တာပိုလ် အနီရောင်အဆင့် အကြောင်းကြားစာ (INTERPOL Red Notice) လည်း ထွက်ပေါ်လာနိုင်သည်။ ၎င်းသည် ထုတ်ပြန်ထားသော ဖမ်းဝရမ်း သို့မဟုတ် တရားရုံးအမိန့်အပေါ် အခြေခံ၍ ကမ္ဘာတစ်ဝန်းရှိ ရဲတပ်ဖွဲ့များအနေဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်အား ရှာဖွေဖော်ထုတ်ရန်နှင့် ယာယီဖမ်းဆီးရန် တောင်းဆိုချက်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ၏ လွတ်လပ်စွာ သွားလာခွင့်ကို သိသိသာသာ ကန့်သတ်နိုင်မည်ဖြစ်ပါသည်။

 

အရေးကြီးဆုံးက ဖမ်းဝရမ်းထုတ်ပြန်နိုင်မှသာ စွပ်စွဲချက်များ တင်သွင်းနိုင်ရန်နှင့် စွပ်စွဲချက်များ အတည်ပြုခြင်းဆိုင်ရာ ကြားနာပွဲ ကို ပြုလုပ်ရန် လမ်းခင်းပေးနိုင်မည် ဖြစ်သည်။ ထိုသို့ ကြားနာစစ်ဆေးရာတွင် သက်ဆိုင်ရာပုဂ္ဂိုလ် လူကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသည့်တိုင် မျက်ကွယ်တွင် ကြားနာစစ်ဆေးမှုကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

အိုင်စီစီ သည် ယာယီသမ္မတအပေါ် လူသိရှင်ကြား မကြေညာဘဲ သက်ဆိုင်ရာ အစိုးရ များနှင့် ရဲတပ်ဖွဲ့များကိုသာ တိုက်ရိုက်အကြောင်းကြားထားသည့် လျှို့ဝှက်ဖမ်းဝရမ်း (sealed warrant) ကို ထုတ်ပြန်ပြီး ဖြစ်နိုင်သော်လည်း၊ ယင်းမှာ လျှို့ဝှက်ချက် ဖြစ်သောကြောင့် အတည်ပြုရန် မဖြစ်နိုင်။ သို့သော်လည်း အခြားသော နိုင်ငံတော်အကြီးအကဲများ၏ ဖြစ်စဉ်များကဲ့သို့ပင် လူသိရှင်ကြား ဖမ်းဝရမ်း ထုတ်ပြန်ခြင်းသည်သာ ကျူးလွန်သူများနှင့် နစ်နာသူများထံသို့ သတင်းစကား ပေးရာ ရောက်နိုင်‌ ပေသည်။ 

 

နောက်ထပ် ရာဇဝတ်မှုများ မကျူးလွန်နိုင်စေရန် ဟန့်တားရာတွင်လည်း အထောက်အကူပြုနိုင်သည်။ နစ်နာသူများနှင့် သက်သေများအား ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးမှုကို ဘေးကင်းလုံခြုံစေရန်အတွက် ဖမ်းဝရမ်း၏ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားနိုင်သော်လည်း၊ ဖမ်းဝရမ်းရှိကြောင်းကိုမူ လူသိရှင်ကြား ထုတ်ပြန်နိုင်သည်။ ယူကရိန်းဖြစ်စဉ်တွင် တရားရုံးက ဖမ်းဝရမ်းရှိကြောင်း၊ သံသယရှိသူ အမည်များ၊ သတ်မှတ်ထားသော ရာဇဝတ်မှုများနှင့် တာဝန်ရှိမှုပုံစံများကိုသာ ထုတ်ဖော်ပြောကြားခဲ့သည့် အစဉ်အလာ ရှိပြီး ဖြစ်သည်။

 

ဆောင်းပါးရှင် မိုဟာမက် တန်ဗီးရ် ဟာရှမ် မူနင် သည် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ အကြံပေးရှေ့နေတဦး ဖြစ်ပြီး University of the West of England (UWE) ရှိ ဝတ်လုံတော်ရရှေ့နေ သင်တန်း ၏ ကထိကတစ်ဦးလည်း ဖြစ်ပါသည်။

 

၎င်း၏ နိုင်ငံတကာရာဇဝတ်မှုများအတွက် နိုင်ငံတော်အကြီးအကဲများကို တရားစွဲဆိုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ တွင် ဖတ်ကြားခဲ့သော ဆောင်းပါးမှ ကောက်နှုတ် တင်ပြခြင်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!