ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(14)

by Hla Soewai - Mar 29 2026

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော စာပေ၊ အယူဝါဒနှင့် အနုပညာဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသည် တရုတ်ပညာတတ်များနှင့် တက္ကသိုလ်ကျောင်းသားများအပေါ် နက်ရှိုင်းစွာ ရိုက်ခတ်မှုများ ရှိလာခဲ့သည်။ အချို့က ဤလှုပ်ရှားမှုကို "အသိအမြင်ပွင့်လင်းလာခြင်း" Enlightenment ဟုပင် ခေါ်ဆိုခဲ့ကြသည်။ အကြောင်းမှာ ထိုစဉ်က တင်ပြခဲ့သော အတွေးအခေါ်နှင့် တန်ဖိုးထားမှုများသည် ယေဘုယျအားဖြင့် လူသားဆန်ခြင်း၊ ကမ္ဘာ့အမြင်ကျယ်ခြင်းနှင့် လွတ်လပ်မှုကို ရှေ့ရှုခြင်းဆိုသည့် Liberal ဝါဒ တို့အပေါ် အခြေခံထားသောကြောင့်ဖြစ်သည်။

 

ထိုဆယ်စုနှစ်အတွင်း ရရှိခဲ့သော နှိုင်းယှဉ်ချက်အရ လွတ်လပ်သည့် တွေးခေါ်မြော်မြင်ခွင့်များသည် ဒီမိုကရေစီလိုလားသော တန်ဖိုး များကို မျိုးဆက်သစ် ကျောင်းသားများကြား စိမ့်ဝင်စေခဲ့ပြီး၊ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီရရှိရေးအတွက် တွန်းအားပေး တောင်းဆိုလာစေခဲ့သည်။ ဤရုန်းကန်လှုပ်ရှားမှုသည် နောက်ဆုံးတွင် ၁၉၈၉ ခုနှစ်၊ ဇွန်လ၌ ကွန်မြူနစ်ပါတီနှင့် ထိပ်တိုက်တွေ့ဆုံကာ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်ဖြင့် နိဂုံးချုပ်သွားခဲ့ရလေသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း လွတ်လပ်ပွင့်လင်းလာမှု အပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြင်းထန်သော တုံ့ပြန်မှုများအကြောင်း ရေးသားချက် အတော်များများတွင် ပါတီ၏ ဝါဒဖြန့်ချိရေးနှင့် သဘောတရားရေးရာကို တာဝန်ယူထားသည့် သဘောထားတင်းမာသူ နှစ်ဦး၏ အခန်းကဏ္ဍကိုသာ အဓိကထား ဖော်ပြလေ့ရှိကြသည်။ တစ်ဦးမှာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် (၁၉၈၂-၁၉၈၇) နှင့် မော်စီတုံး၏ မိန့်ခွန်းများ ရေးပေးခဲ့ရသူ ဟူ ချောင်မူ ဖြစ်ပြီး၊ အခြားတစ်ဦးမှာ ၁၉၈၂ မှ ၁၉၈၇ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူ တိန့်လီချွန် တို့ ဖြစ်သည်။

 

အပေါ်ယံကြည့်လျှင် ၎င်းတို့၏ နိုင်ငံရေးကျောထောက်နောက်ခံဖြစ်သူ ချန်ယွန်း ၏ ပံ့ပိုးမှုကြောင့် ဟူချောင်မူနှင့် တိန့်လီချွန်တို့သည် လွတ်လပ်ပွင့်လင်းမှုကို လိုလားသူများ၊ အထူးသဖြင့် ဟူ ယောင်ပန်း ကို ဦးဆောင်တိုက်ခိုက်ရန် ရဲတင်းလာခဲ့ကြခြင်း ဖြစ်သည်ဟု ယူဆစရာ ဖြစ်လာခဲ့သည်။

 

 သို့သော် လက်တွေ့တွင်မူ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း လွတ်လပ်ပွင့်လင်းလာသည့် လမ်းကြောင်းကို ထိန်းချုပ်ရန် ပါတီ၏ လိုအပ်ချက်နှင့် ပတ်သက်၍ ၎င်းတို့သည် တိန့်ရှောင်ဖိန် နှင့် ထပ်တူကျသော အယူအဆများ ရှိနေခဲ့ကြသည်။

 

ထိုဆယ်စုနှစ်အတွင်း လွတ်လပ်ပွင့်လင်းမှုအပေါ် ရှေးရိုးစွဲဝါဒီများ၏ တုံ့ပြန်တိုက်ခိုက်ခဲ့သော အဓိက ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ကြည့်လျှင်၊ အမှန်စင်စစ်အားဖြင့် တိန့်ရှောင်ဖိန်ကိုယ်တိုင်ကပင် ထိုတုံ့ပြန်မှုများကို စတင်ရာတွင် ပိုမိုထင်ရှားပြီး တိုက်ရိုက်ကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ဟူချောင်မူနှင့် တိန့်လီချွန်တို့သည် တိန့်ရှောင်ဖိန်၏ ညွှန်ကြားချက်နှင့် ထောက်ခံချက်များဖြင့်သာ အမြဲတစေ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

 

တိန့်ရှောင်ဖိန်သည် ၁၉၇၈ ခုနှစ်အကုန်တွင် နိုင်ငံရေးအာဏာကို စတင်ချုပ်ကိုင်နိုင်သည်နှင့်တစ်ပြိုင်နက် လွတ်လပ်ပွင့်လင်းသောအယူအဆများ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြသခဲ့သည်။ မော်စီတုံးလွန်ခေတ်၏ ပထမဆုံးသော အဓိကဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုကြီးဖြစ်သည့် "ဒီမိုကရေစီတံတိုင်း" လှုပ်ရှားမှု ၁၉၇၈ နှောင်းပိုင်းတွင် ပေါ်ပေါက်လာစဉ်က တိန့် ရှောင်ဖိန် သည် အတိုင်းအတာတစ်ခုအထိ ထောက်ခံမှုပေးခဲ့သည်။ ယင်းမှာ ထိုစဉ်က ပါတီခေါင်းဆောင်ဖြစ်သူ ဟွကိုဖုန်း ၏ အာဏာကို အား‌ ပျော့ သွားစေရန် ရည်ရွယ်ပုံရသည်။

 

သို့သော် ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဟွကိုဖုန်းအား ရာထူးမှ ဖယ်ရှားနိုင်ခဲ့ပြီးနောက်တွင်မူ တိန့် ရှောင်ဖိန် သည် ဒီမိုကရေစီအပေါ် ၎င်း၏ သဘောထား အမှန် ကို ထုတ်ဖော်ခဲ့တော့သည်။ ၁၉၇၉ ခုနှစ်၊ မတ်လတွင် သူသည် "ဒီမိုကရေစီတံတိုင်း" လှုပ်ရှားမှုကို ပိတ်ပစ်ခဲ့ရုံသာမက၊ အထင်ရှားဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝေကျင်းရှန်း ကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။ ထို့ပြင် ကွန်မြူနစ်ပါတီ၏ တစ်ပါတီအာဏာစနစ်နှင့် တရားဝင်ဝါဒကို မည်သူမျှ စိန်ခေါ်ခွင့်မရှိကြောင်း အတည်ပြုထားသည့် "အခြေခံမူကြီး လေးရပ်" (Four Cardinal Principles) ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း လွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားမှုများ အရှိန်အဟုန် မြင့်တက်လာသည့်အခါတွင် တိန့် ရှောင်ဖိန် သည် ထိုလှုပ်ရှားမှုများကို နှိမ်နင်းရန်အတွက် ကိုယ်တိုင်ဦးဆောင်ခြင်း သို့မဟုတ် သဘောထားတင်းမာသူများကို ကျောထောက်နောက်ခံပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အကုန်ပိုင်းတွင် ပေါ်ပေါက်လာသော လွတ်လပ်ခွင့်ပေးရေး အရိပ်အယောင်များကို စိုးရိမ်တကြီး ဖြစ်လာပုံရသည့် တိန့် ရှောင်ဖိန် သည် အဆင့်မြင့်ခေါင်းဆောင်အားလုံး တက်ရောက်သည့် အစည်းအဝေးတစ်ခုတွင် ပြတ်သားသော စကားလုံးများဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

 

 "အခြေခံမူကြီးလေးရပ် ကို ဆန့်ကျင်နေသော မှားယွင်းတဲ့ အတွေးအခေါ်တွေကို တိုက်ဖျက်ဖို့အတွက် ပါတီအနေနဲ့ တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်မှု မရှိခဲ့ဘူး" ဟု ၎င်းက ညည်းတွား ပြောဆိုလာခဲ့သည်။

 

ထိုသို့ သတိပေးပြီးနောက်တွင် မော်စီတုန်းခေတ် ၏ အောင်မြင်မှုများနှင့် အပြုသဘောဆောင်သည့် အချက်များကို ပြန်လည်အတည်ပြုရန် လိုအပ်ကြောင်း တိန့် ရှောင်ဖိန်က အလေးပေးပြောကြားခဲ့သည်။ ၎င်း၏ မိန့်ခွန်းထွက်ပေါ်ပြီး တစ်လအကြာတွင် ပါတီက မီဒီယာများအပေါ် ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရန် တောင်းဆိုသည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းပါ စကားလုံးအချို့မှာ တိန့် ရှောင်ဖိန် ၏ မိန့်ခွန်းထဲမှ စကားလုံးများကို တစ်လုံးမကျန် ကိုးကားဖော်ပြထားခြင်း ဖြစ်သည်။

 

အချို့သော ဖြစ်ရပ်များတွင် တိန့်ရှောင်ဖိန် ကိုယ်တိုင်က "ဓနရှင်ဝါဒ လွတ်လပ်ခွင့်" ကို တိုက်ဖျက်ရန် ကိုယ်တိုင်ကိုယ်ကျ ကြားဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် "နေမင်းနှင့် လူသား" (The Sun and the Man) ရုပ်ရှင်ကို ပိတ်ပင်တားဆီးခဲ့ခြင်းမှာ ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။ ဤရုပ်ရှင်ကို ၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေခဲ့သော "မတုံ့ပြန်ခဲ့သော အချစ်" (Unrequited Love) အမည်ရှိ ဇာတ်ညွှန်းကို အခြေခံ၍ ရိုက်ကူးထားခြင်း ဖြစ်သည်။

 

ဇာတ်လမ်း၏ ခေါင်းဆောင်မှာ ၁၉၅၀ ပြည့်နှစ်တွင် အနောက်နိုင်ငံမှ တရုတ်ပြည်သို့ ပြန်လာခဲ့သော ထူးချွန်သည့် ပန်းချီပညာရှင်တစ်ဦး ဖြစ်သော်လည်း၊ မော်စီတုန်းလက်ထက် နိုင်ငံရေးအရ အဆက်မပြတ် ဖိနှိပ်ညှဉ်းပန်းမှုများကိုသာ ခံစားခဲ့ရသူ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အာဏာပိုင်များလက်မှ ထွက်ပြေးတိမ်းရှောင်နေစဉ် တောတောင်ထဲ၌ အအေးမိ၍ အေးခဲသေဆုံးသွားခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ဤဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးသောအခါ တိန့်ရှောင်ဖိန် အပါအဝင် ပါတီတွင်းရှိ အမာခံစွဲကိုင်ထားသူများကို ဒေါသထွက်စေခဲ့သည်။

 

တိန့်ရှောင်ဖိန်သည် ထိုရုပ်ရှင်ကို အကြိုကြည့်ရှုစစ်ဆေးပြီးနောက်တွင် “ဒီရုပ်ရှင်ဟာ ဆိုရှယ်လစ်စနစ်ကို နာမည်ဖျက် စော်ကားထားတာပဲ... တချို့ကတော့ ဒါဟာ အနုပညာမြောက်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီလို အနုပညာမြောက်နေလို့ပဲ သူ့ရဲ့ အဆိပ်အတောက်က ပိုပြီးတော့တောင် ပြင်းထန်နေသေးတာ... အကယ်၍ 'နေမင်းနှင့် လူသား' ရုပ်ရှင်ကို လူထုကြားထဲမှာ ပြသလိုက်မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်မလား?” ဟု ပြောခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လစ်ဘရယ်အုပ်စုဘက်မှ ခုခံကာကွယ်ပေးခဲ့ခြင်းကြောင့် ဤဖြစ်ရပ်နောက်ပိုင်းတွင် ပညာတတ်လူတန်းစားများအပေါ် အလုံးအရင်းဖြင့် နှိမ်နင်းဖမ်းဆီးမှုများ မဖြစ်ပေါ်အောင် တားဆီး ပေးနိုင်ခဲ့သည်။

 

"ပြည်သူ နှင့် ကင်းကွာမှု" Alienation ဆိုင်ရာ အခြေအတင်ဆွေးနွေးပွဲများအတွင်း တိန့်ရှောင်ဖိန် ၏ ကြားဝင်စွက်ဖက်မှုကြောင့် ၁၉၈၃ ခုနှစ်တွင် ပါတီ၏ "ဝိညာဉ်ရေးရာညစ်ညမ်းမှု ဆန့်ကျင်ရေး" ကမ်ပိန်း ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် မော်စီတုန်း အလွန်ခေတ်တွင် လွတ်လပ်စွာတွေးခေါ်မှု အပေါ် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းမှုပင် ဖြစ်သည်။

 

လွတ်လပ်သော အမြင်ရှိသည့် ပညာတတ်များက "ဆိုရှယ်လစ်စနစ်အောက်ရှိ တစိမ်းပြင်ပဖြစ်မှု" အကြောင်းကို စတင်ဆွေးနွေးလာကြပြီးနောက် ဟူချောင်မု နှင့် တိန့်လီချွန်း တို့ ဦးဆောင်သော သဘောထားတင်းမာသူများက ထိုဆွေးနွေးမှုကို နှိမ်နင်းရန်နှင့် အဆိုပါအယူအဆကို တင်ပြသူများကို အပြစ်ပေးရန် ကြိုးပမ်းခဲ့ကြသည်။ ဟူယောင်ပန်းက ထိုကြိုးပမ်းမှုများကို ဟန့်တားခဲ့သော်လည်း သဘောထားတင်းမာသူ နှစ်ဦးသည် တိန့်ရှောင်ဖိန်ထံ တိုက်ရိုက်သွားရောက်ကာ ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလတွင် ထိုဆွေးနွေးမှုကို စတင်ခဲ့သည့် လွတ်လပ်သောအမြင်ရှိသူများကို အပြစ်ပေးရန်အတွက် တိန့်ရှောင်ဖိန်၏ ထောက်ခံမှုကို ရယူနိုင်ခဲ့ကြသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏ "ဆိုရှယ်လစ်စနစ်အောက် လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာလာမှု" ဆိုင်ရာ အငြင်းပွားဖွယ်ရာများမှ ထွက်ပေါ်လာသည့် အရေးအကြီးဆုံး နောက်ဆက်တွဲရလဒ်မှာ "ဝိညာဉ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု" ပင် ဖြစ်သည်။

 

၁၉၈၃ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သော အခြေအတင် ဆွေးနွေးပွဲ၌ သဘောထားတင်းမာသူများဘက်မှ ရပ်တည်ပြီး တိန့်ရှောင်ဖိန်က "ကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုကို ခွင့်မပြုရ" ဟု ပြောကြားခဲ့သည်။ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး၌လည်း "သဘောတရားရေးရာ ရှေ့တန်းမျက်နှာစာတွင် ဝိညာဉ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုကို လုံးဝခွင့်မပြုနိုင်ကြောင်း" ၎င်း၏ ဆုံးဖြတ်ချက်ကို ထပ်လောင်း အတည်ပြုခဲ့သည်။

 

တိန့်ရှောင်ဖိန်၏ လူသိရှင်ကြား ရပ်တည်ချက်သည် နိုင်ငံရေး အခင်းအကျင်းကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ ပါတီ၏ ဝါဒဖြန့်ချိရေး ယန္တရားသည် အရှိန်အဟုန်ဖြင့် စတင်လှုပ်ရှားလာပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိညာဉ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆင်နွှဲခဲ့သည်။ အစဉ်အလာ ရှေးရိုးစွဲသမားများသည် ကနဦးတွင် လွတ်လပ်သော အတွေးအခေါ်ရှိသည့် ပညာတတ်များကိုသာ ပစ်မှတ်ထားခဲ့သော်လည်း၊ မကြာမီမှာပင် ခေတ်ပေါ် ပေါ့ ယဉ်ကျေးမှု ဖျော်ဖြေရေးနှင့် လူတို့၏ နေထိုင်မှုပုံစံများကိုပါ နှိပ်ကွပ်ရန် လှုပ်ရှားမှုကို ချဲ့ထွင်လာခဲ့သည်။ 

 

ထို့အတွက် "ယဉ်ကျေးမှု တော်လှန်ရေး" တစ်ကျော့ပြန် ဖြစ်ပွားလာမည်ကို လူထုကြားတွင် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်စေခဲ့သည်။ ရှေးရိုးစွဲသမားများ၏ တန်ပြန်တိုက်စစ်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရိပ်မိသောကြောင့် ဟူယောင်ပန်း နှင့် ကျောက်ကျီယန် တို့သည် ဤလှုပ်ရှားမှုကို ဘရိတ်အုပ်ရန် ပူးပေါင်းခဲ့ကြသည်။ တိန့်ရှောင်ဖိန်သည်လည်း ၎င်း၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် ထိခိုက်နစ်နာစေကြောင်း သိရှိလာသောအခါ လမ်းကြောင်းကို ပြောင်းလဲလိုက်သည်။ ရလဒ်အနေဖြင့် ထိုလှုပ်ရှားမှုသည် တလ အတွင်းမှာပင် တိတ်တဆိတ် ရပ်တန့်သွားခဲ့ရလေသည်။