တီဟီရန်က ထရမ့် ၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ပယ်ချ၊ စစ်လျော်ကြေး တောင်းပြီ

by Hla Soewai - Mar 29 2026

ဗုဒ္ဓဟူးနေ့တွင် အီရန်နိုင်ငံက သမ္မတ ထရမ့်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လူသိရှင်ကြား ပယ်ချခဲ့သည်။ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးနှင့် နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ ဤပဋိပက္ခသည် အီရန်အစိုးရ က သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်းသာ အဆုံးသတ် ရလိမ့်မည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြသည်။

 

အီရန်အရာရှိများကမူ ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း အရိပ်အယောင်ပြသနေပြီး တိုက်ခိုက်မှုများ ရပ်တန့်သွားနိုင်ခြေရှိလာသဖြင့်၊ အစ္စရေး ဖက်ကမူ အီရန်၏ လက်နက်ပရိုဂရမ်များကို မဖျက်သိမ်းနိုင်မီ စစ်ပွဲပြီးဆုံးသွားမည်ကို စိုးရိမ်လာ နေပြီး တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်တင်ရန် စီစဉ်နေသည်ဟု အစ္စရေးအစိုးရ ပိုင်း မှ အဆင့်မြင့်အရာရှိကြီး နှစ်ဦးက ‌ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

အီရန်၏ တိုက်ချင်းပစ် ဒုံးကျည် ပရိုဂရမ်ကို အပြီးတိုင် ဖျက်သိမ်းရန်၊ ၎င်းတို့၏ နျူကလီးယား စီမံကိန်းများ ဆက်လက် လုပ်ဆောင် လာနိုင်မည့် အခွင့်အလမ်းများကို ပိတ်ဆို့တားဆီးရန် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်၏ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစုများကို အင်အားချည့်နဲ့သွားစေရန် ရည်ရွယ်သည့် ၄၈ နာရီကြာ အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုအစီအစဉ် တစ်ရပ်ကို အမိန့်ပေးလာခဲ့သည်။

 

ထရမ့်သည် ရန်လိုမှု များ အဆုံးသတ် ပေးမည် ဆိုကာ အချက် ၁၅ ချက်ပါ အဆိုပြုချက်ကို ချပြလာခဲ့သည်။ သို့သော် အီရန်ကမူ သမ္မတ ထရမ့်အား 'စစ်ပွဲရပ်စဲမည့်အချိန်ကို ၎င်း စိတ်ကြိုက်သတ်မှတ်ခွင့်' ပေးမည်မဟုတ်ဟု ဆိုသည်။ ၎င်းအစား အီရန်ဘက်က ကိုယ်ပိုင်စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းတို့တွင် စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စစ်လျော်ကြေး မပေးမချင်း၊ ဟော်မုဇ် ရေလက်ကြား အပေါ် အီရန်၏ အချုပ်အခြာ အာဏာကို အသိအမှတ် မပြုမချင်း ရပ်ဆိုင်းမည် မဟုတ်ဟု အီရန် သတင်းဌာနက ကြေညာခဲ့သည်။

 

အစောပိုင်း တရက်ကမူ အီရန်အရာရှိများက သမ္မတ ထရမ့်၏ အဆိုပြုချက်ကို ဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်အတွင်း ပါကစ္စတန်နိုင်ငံ၌ အမေရိကန် ညှိနှိုင်းရေးမှူးများနှင့် တွေ့ဆုံရန် စဉ်းစားမည်ဖြစ်ကြောင်း အရိပ်အယောင်ပြခဲ့ကြသည်။ သို့သော်လည်း ယာယီအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 

အစ္စရေးနှင့် အမေရိကန်တို့သည် ထိုသို့ ယာယီအပစ်ရပ်နားသည့်အချိန်ကို အသုံးချကာ တိုက်ခိုက်မှုများ ပြန်မစတင်မီ ၎င်းတို့၏ စစ်အင်အားကို ဖြည့်တင်းလာမည်ကို အီရန်က စိုးရိမ်သောကြောင့် ဖြစ်သည်။

 

ဝါရှင်တန် သည်လည်း စစ်ရှိန်လျှော့ချရေးနှင့် ပတ်သက်၍ ရှေ့နောက်မညီသော အရိပ်အယောင်များကို ပြသနေသည်။ အင်္ဂါနေ့တွင် အရာရှိနှစ်ဦး၏ ပြောကြားချက်အရ ပင်တဂွန်စစ်ဌာနချုပ်သည် အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ် စစ်သည်အင်အား ၂,၀၀၀ ခန့် ထပ်မံစေလွှတ်ရန် အမိန့်ပေးခဲ့၍၊ ယခုအခါ စေလွှတ်ခဲ့သည့် စုစုပေါင်း စစ်သည်အင်အားကို ၇,၀၀၀ နီးပါးအထိ ရှိလာခဲ့သည်။

 

အီရန်ရေတပ် တပ်မှူးတစ်ဦးက အမေရိကန် လေယာဉ်တင်သင်္ဘောသည် ၎င်းတို့၏ ပစ်ခတ်မှု အကွာအဝေးအတွင်း ရောက်ရှိလာပါက တိုက်ခိုက်မည်ဟု သတိပေးပြီး နာရီပိုင်းအကြာတွင်၊ အမေရိကန်၏ အေဘရာဟမ် လင်ကွန်း လေယာဉ်တင်သင်္ဘောကို ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် မဲရ် သတင်းဌာနက ဖော်ပြခဲ့သည်။

 

ထရမ့်က မူ အဆိုပါလေယာဉ်တင်သင်္ဘောသို့ ဒုံးကျည်ပေါင်း ၁၀၀ ကျော်ဖြင့် ပစ်ခတ်ခဲ့သော်လည်း "ဒုံးကျည်တိုင်းကို တစ်ခုမကျန် ကြားဖြတ်ပစ်ချနိုင်ခဲ့သည်" ဟု ပြောကြားခဲ့သည်။

 

အမေရိကန်၏ အဆိုပြုချက်တွင် ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးထားသည်။ အီရန်ဘက်ကမူ ကုလသမဂ္ဂ ရေကြောင်းအဖွဲ့ချုပ် သို့ ပြောကြားရာတွင် မိမိတို့အပေါ် ရန်လိုတိုက်ခိုက်မှုများကို ကူညီပံ့ပိုးခြင်းမရှိသည့်အပြင် အမေရိကန် သို့မဟုတ် အစ္စရေးနှင့်လည်း သက်ဆိုင်ခြင်းမရှိသော 'ရန်လိုမှုမရှိသည့်' သင်္ဘောများကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုမည်ဟု ဆိုသည်။ သို့သော်လည်း အီရန်၏ ဤကမ်းလှမ်းချက်သည် အဓိက ရေနံတင်သင်္ဘော လုပ်ငန်းစုကြီးများအား ဟောမုဒ် ရေလက်ကြားသို့ ပြန်လည်ဝင်ရောက်လာစေရန် ဆွဲဆောင်နိုင်ဖွယ်မရှိကြောင်း ရေကြောင်းကုန်သွယ်မှု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။

 

စစ်ပွဲစတင်ခဲ့သည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်သော်လည်း၊ ဗုဒ္ဓဟူးနေ့အထိ နှစ်ဖက်စလုံးက ၎င်းတို့သာ စစ်ပွဲတွင် အသာစီးရနေပြီး တစ်ဖက် ရန်သူမှာမူ ထွက်ပေါက်မရှိဘဲ အသည်းအသန် ဖြစ်နေသည်ဟု အသီးသီး အခိုင်အမာ ပြောဆိုနေကြသည်။

 

ပါကစ္စတန်သည် နှစ်နိုင်ငံ အကြား အောင်သွယ် လုပ်‌ ပေး နေခြင်းဖြစ်ပြီး၊ မြို့တော် အစ္စလာမ်မာဘတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လာမည့်ရုံးပိတ်ရက်အတွင်း၌ပင် ဆွေးနွေးပွဲကျင်းပမည့်ရက်များကို အဆိုပြုထားသည်။

 

 နှစ်ဖက်စလုံးကမူ ၎င်းတို့သာ ပဋိပက္ခတွင် အသာစီးရနေကြောင်း ပြသလိုကြပြီး၊ ငြိမ်းချမ်းရေးအတွက် အသည်းအသန်ဖြစ်နေသည်ဟု ထင်မြင်ခံရမည် စိုး၍ ဟန်လုပ်နေကြသဖြင့် ဆွေးနွေးမှုများ ရှိနေသည်ကို အတည်မပြုကြသေးပေ။

 

အကယ်၍ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့သည် ဆိုလျင်ပင် ဒုတိယသမ္မတ ဂျေဒီဗန့်စ် နှင့်သာ ပြုလုပ်လိုကြောင်း အီရန်အရာရှိများက ပြောကြားခဲ့ကြသည်။ ဂျေဒီဗန့်စ်သည် အမေရိကန်၏ ရေရှည်နိုင်ငံရပ်ခြား စစ်ရေးစွက်ဖက်မှုများနှင့် ပတ်သက်၍ ၎င်း၏ သံသယရှိမှုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့ရှိသူ ဖြစ်သော ကြောင့်ပင်။

 

ထရမ့် ၏ အချက် ၁၅ ချက်ပါ အဆိုပြုထားသည့် အထဲတွင် ယူရေနီယံ သန့်စင်မှုအားလုံးကို ရပ်တန့်ရန်နှင့် လက်ရှိရှိနေသော နျူကလီးယားလောင်စာ သိုလှောင်မှုများကို နိုင်ငံပြင်ပသို့ ရွှေ့ထုတ်ရန်၊ ဗုံးအဆင့်နီးပါး ထုတ်လုပ် နိုင်စွမ်း ရှိသည့် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ပေါင် ၉၇၀ ခန့် ရှိ ယူရေနီယံများကို စတင်ရွှေ့ထုတ်ရန် နှင့် ရေလက်ကြားအတွင်း လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ ပါရှိသည်။

 

သို့သော် အီရန်၌ အစိုးရအပြောင်းအလဲလုပ်ရန်၊ ဆန္ဒပြသူများကို အကာအကွယ်ပေးရန် သို့မဟုတ် လာမည့်လများ သို့မဟုတ် နှစ်များအတွင်း စစ်မှန်သော ရွေးကောက်ပွဲများ ကျင်းပရန်တို့ကိုမူ ဖော်ပြထားခြင်း မရှိပေ။ 

 

သမ္မတ ထရမ့်၏ အီရန်အနီး စစ်အင်အားဖြည့်တင်းမှုသည် ဇန်နဝါရီလအတွင်း အီရန်အစိုးရသည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က သမ္မတက "အကူအညီများ လာနေပြီ" ဟု ကြေညာခဲ့သည်။ သို့သော် ယခုအခါ ၎င်းတို့အတွက် အကာအကွယ်ပေးမှုများ မပါဝင်သော သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးမည်ဆိုပါက၊ ယင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်က တိုက်ပွဲများအဆုံးသတ်ချိန်တွင် အစိုးရကို တော်လှန်ပုန်ကန်ရန် ၎င်း တိုက်တွန်းခဲ့သည့် အီရန်ပြည်သူများအပေါ် ပေးထားသော ကတိကို စွန့်လွှတ်လိုက်ခြင်းဟု ရှုမြင်ခံရနိုင်သည်။

 

အီရန်နိုင်ငံသည် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စဉ်းစားနေသော်လည်း၊ အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ရယူနိုင်ရန်နှင့် ထိုသဘောတူညီချက် တည်မြဲစေရန်အတွက် မည်သူ၌ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသနည်းဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

 

အမြင့်ဆုံးခေါင်းဆောင်ဟု ယူဆရသူ မိုဂျတာဘာ ခါမေနီ ကို ၎င်း၏ဖခင်ဖြစ်သူ ယခင်ခေါင်းဆောင်ကြီး ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲအစတွင် အသတ်ခံရပြီးကတည်းက လူမြင်ကွင်းတွင် မတွေ့ရတော့သလို သတင်း အစအနလည်း မကြားရတော့ပေ။ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီ အပါအဝင် အဆင့်မြင့် အကြံပေးများနှင့် တပ်မှူးကြီးများမှာလည်း အသတ်ခံခဲ့ရပြီး ဖြစ်သည်။

 

ထိုသို့ လစ်လပ်သွားသော နေရာကို အင်အား ၁၉၀,၀၀၀ ရှိ တော်လှန်ရေး အစောင့်တပ်က နေရာ ဝင်ယူလိုက်ပြီး နိုင်ငံ နှင့် စစ်ပွဲ ကို ဦးဆောင် နေပြီ ဖြစ်၍ ယခင် ဘာသာရေး အခြေခံသည့် စနစ်မှ စစ်အာဏာရှင်စနစ်သို့ ကူးပြောင်းလာနေသည်ကို တွေ့လာခဲ့ရသည်။

 

(နယူးယောက် တိုင်းမ် နှင့် အီ‌ ကော‌ နော်မစ်သတင်းဆောင်းပါးများကို ကိုးကားသည်)