စစ်အုပ်စု လောင်စာဆီများ ဒလဟော သုံးစွဲ နေမှု စာရင်း ထွက်ပေါ်

by Hla Soewai - Mar 29 2026

စစ်အုပ်စုသည် တနိုင်ငံလုံးကို ‌စက်သုံးဆီ အား တပတ်လျင် နှစ်ကြိမ်သာ ခွဲတမ်း ဖြင့် ရောင်းချရန် နှင့် တပတ်လျင် ဗုဒ္ဓဟူး နေ့ တရက် ရုံးမတက်ပဲ အိမ်မှ လုပ်ရန်အစရှိသည့် ကန့်သတ်မှု များ လုပ် နေသော်လည်း လူထု ကို ဗုံးကြဲ သတ်ဖြတ်မှု များ ကိုမူ အရှိန်အဟုန် မပျက် ဆက်၍ လုပ်နေသည်ကို ဒုက္ခ ပင်လယ်ဝေ နေ‌ သော လူထု မှ ဆီတန်းဆီရင်းက သိရှိနေကြရသည်။  

 

ပြည်သူများအဖို့ ဆိုင်ကယ်တစီးစာ ဆီဖြည့်ရန်ပင် တနေကုန် တန်းစီပြီး အခက်အခဲဖြစ်နေချိန်တွင် စစ်အုပ်စု အနေဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ ခိုလှုံရာ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ရန်အတွက် လေယာဉ်ဆီများကို အလုံအလောက် အသုံးပြုနိုင်နေကြောင်း Blood Money Campaign မှ စာရင်းဇယား တွက်ချက် ထုတ်ပြန်လာခဲ့သည်။

 

ထို အဖွဲ့ ၏ အဆိုအရ ပြီးခဲ့သည့် ၃ လအတွင်း၌ပင် လေတပ်သည် လောင်စာဆီ ဂါလန်ပေါင်း ၁.၉၄ သန်း (လီတာ ၈.၈ သန်း) ထက်မနည်း သုံးစွဲခဲ့ကြောင်း သိရသည်။

 

ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၄.၁၆ သန်း ထက်မနည်း ကုန်ကျသည့် တန်ဖိုးဖြစ်ပြီး ၎င်းသည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီ အကျပ်အတည်းနှင့် များစွာ ကွာခြားလျက် ရှိနေသည်။

 

ပြည်တွင်း ပြည်ပ လေယာဉ်များ ပျံသန်းရန် လေယာဉ် ဆီ အခက်အခဲများ ကြောင့် ခရီးစဉ်များ ရပ်ဆိုင်းလိုက်ရသည့် တပတ် အတွင်း စစ်အုပ်စုသည် ၎င်းတို့ တိုက်လေယာဉ် များ ကို စေလွှတ်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ အရာတော်နှင့် မြောင်မြို့နယ်များရှိ စာသင်ကျောင်းများနှင့် ကျေးရွာများကို လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။

 

အဆိုးဝါးဆုံး အဖြစ်သည် မတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကသာမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော် ခိုလှုံနေကြသည့် ဘုန်းကြီးကျောင်း တကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များ အပါအဝင် အနည်းဆုံး အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်။

 

ထို သို့ ဗုံးကြဲ တိုက်ခိုက် ပြီးလျင် ပြီးချင်းပင်သတင်းများ ပြန့်နှံ့ မသွားစေရန် စစ်အုပ်စုက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စနစ်တကျ စီမံခဲ့သည် ဆိုသည်မှာ ထင်ရှားနေသည်။

 

ရန်ကုန်မြို့တွင် ပရီမီယံဒီဇယ်ဈေးသည် တစ်ရက်အတွင်း ၃,၅၆၀ ကျပ်မှ ၄,၈၂၀ ကျပ်အထိ ခုန်တက်သွားသည်။ ပြင်ပမှောင်ခိုဈေးကွက်တွင် 92-Octane တစ်လီတာလျှင် ၇,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ် အထိ ပေါက်ဈေးရှိနေသည်။ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန် ကား တန်းရှည်ကြီးများ ဖြစ်ပေါ်လာနေသည်။

 

ထိုသို့ ပြည်သူများ ဆီဖြည့်ရန် ခက်ခဲနေသော်လည်း စစ်ဆင်ရေးများအတွက် လောင်စာဆီက အလုံအလောက်ရှိနေသည်။

 

ပြီးခဲ့သည့် ၃ လအတွင်း လေတပ်၏ သုံးစွဲမှုမှာ -လောင်စာဆီ ဂါလန် ၁.၉၄ သန်း (လီတာ ၈.၈ သန်း) ခန့် ရှိပြီး ကုန်ကျစရိတ်: အမေရိကန်ဒေါ်လာ ၄.၁၆ သန်း ထက်မနည်း ရှိနေသည်။

 

၂၀၁၈ တွင် ရုရှား ချေးငွေ ‌ဒေါ်လာ သန်း ၄၀၀ ဖြင့် မှာ ယူထားသော Su-30SME ၆ စီး၏ နောက်ဆုံး အသုတ် အဖြစ် ရောက်ရှိလာ‌ သော နှစ်စီး အမြီးနံပါတ် 1901 နှင့် 1902 ကို မတ်လ ၁၂ ရက်နေ့က တပ်တော်ဝင် အခမ်းအနား ဆိုကာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

 

တနာရီ အလိုက် ‌ဆီစားနှုန်း မှာ Su-30SME အတွက် ၁,၅၀၀ ဂါလန် ဖြစ်ပြီး ကုန်ကျစရိတ် အများဆုံး ဖြစ်သည်။ MiG-29 သည် ဂါလန် ၉၀၀၊ JF-17 နှင့် F-7M တို့သည် ဂါလန် ၆၀၀ ခန့် ရှိနေသည်။

 

ဤတွက်ချက်မှုများသည် ပျံသန်းမှု တစ်နာရီလျှင် ဒေါ်လာ ၅၀၀ မှ ၃,၅၀၀ ခန့်အထိ ကုန်ကျနိုင်ပြီး လက်နက်၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး စရိတ်များ မပါဝင်သေးပေ။

 

ပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် သွားလာရေး ကန့်သတ်ချက်များ ရင်ဆိုင်နေရချိန်တွင် လေတပ်သည် လောင်စာဆီ အမြောက်အမြား အသုံးပြုကာ လေကြောင်းစီးနင်းမှုများကို ဒလဟော ဆက်၍ လုပ်ဆောင်နေသည်ကို တွက်ချက်ပြထားခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်အထိ စာရင်းဇယားများအရ စစ်အုပ်စု လေတပ်တွင် တိုက်လေယာဉ် စုစုပေါင်း ၆၃ စီး ရှိနေကြောင်း သိရသည်။ ၎င်းတို့မှာ -ရုရှားလုပ် အမျိုးမျိုး ပေါင်းစပ်ထားသော MiG-29 တိုက်လေယာဉ် ၃၁ စီး၊ F-7 (တရုတ်ထုတ်) တိုက်လေယာဉ် ၂၁ စီး၊ FT-7 (တရုတ်ထုတ်) လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးသုံး တိုက်လေယာဉ် ၁၁ စီး တို့ ဖြစ်သည်ဟု Defense Express စာစောင်တွင် ဖေါ်ပြထားသည်။

 

တောင်သူလယ်သမားများသည် ၎င်းတို့၏ စက်ယန္တရား များ သုံး၍ စပါးကို အချိန်မီ ရိတ်သိမ်းနိုင်ရန် ပြင်ပ မှောင်ခို ဈေးကွက် မှ ဒီဇယ် တလီတာ လျင် ၁၂,၀၀၀ ကျပ် အထိ ဝယ်ယူ အသုံးပြုနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု စင်္ကာပူ ၏ စထရိတ်တိုင်းမ် သတင်းစာ တွင် ဖေါ်ပြထားသည်။

 

၎င်းတို့၏ ဆိုင်ကယ်များ၊ လယ်ထွန်စက်များ အတွက် မြို့ကို တက်ပြီး မနက် သုံးနာရီ ထ၍ နှစ်ရက်ခန့် တန်းစီခဲ့ရသော်လည်း ငါးလီတာ၊ ခြောက်လီတာ ခန့်သာ ရခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများက ပြောပြခဲ့ကြသည်။

 

နောက်ထပ် ပြဿနာ တခုက ဓါတ်မြေဩဇာ ပြတ်လတ်လာမည့် အရေးပင် ဖြစ်သည်။

 

ပြီးခဲ့သည့် သုံးနှစ်အတွင်း အီရန်နိုင်ငံသည် မြေဩဇာထုတ်လုပ်ရာတွင် အသုံးပြုသည့် ယူရီးယား ကို မြန်မာ အား အဓိက တင်သွင်းပေးနေသည့် နိုင်ငံဖြစ်လာခဲ့သည်။ တနှစ်လျှင် ယူရီးယား တန်ချိန် ၄ သိန်း မှ ၆ သိန်း ကြား တင်သွင်းနေကြောင်း သိရသည်။ ယူရီးယားများကို စိုက်ပျိုးရေးအတွက် မြေဩဇာအဖြစ် အသုံးပြုရုံသာမက စစ်အုပ်စုသည် ၎င်းတို့အတွက် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနေကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။ ယခုအခါ ထိုလမ်းကြောင်းသည်လည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

 

အရှေ့ အလယ်ပိုင်း စစ်ပွဲ ကြောင့် တကမ္ဘာလုံး ငတ်မွတ်ခေါင်းပါးမှု အဆင့်အတန်းသည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင်အထိ မြင့်တက်လာနိုင်ကြောင်း မတ်လအတွင်း WFP က သတိပေးပြောကြားခဲ့သည်။ နောက်ထပ် လူဦးရေ ၄၅ သန်း ခန့်သည် ဆိုးရွားသော ငတ်မွတ်ဘေး နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေသည်။

 

ထိုအထဲတွင် မြန်မာသည် ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး ပဉ္စမမြောက် (၅ ခုမြောက်) နိုင်ငံ ဖြစ်လာပြီး နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံဖြစ်သော လူပေါင်း ၁၂.၄ သန်း ခန့်သည် တထွာ သော ဝမ်းစာအတွက် နေစဉ်လို ပင်ပန်းကြီးစွာ ရုန်းကန်နေကြရသည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ထွက်ကုန်များ လျော့ကျသွားနိုင်သည့် ဘေးအန္တရာယ်နှင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများကို တားဆီးနိုင်ရန်အတွက် အရေးပေါ် ကြားဝင်ဆောင်ရွက်မှုများ ချက်ချင်းလိုအပ်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အမှုဆောင် စီးပွားရေး ပညာရှင်များ အကြီးအကဲ Maximo Torero က ပြောကြားခဲ့သည်။

 

စစ်အုပ်စု သည် ပြည်သူများ၏ စားဝတ်နေရေး အတွက် အရေးတကြီး လိုအပ်နေသော လောင်စာဆီကို ၎င်းတို့ စစ်အနိုင်ရရေး ‌ဆိုသည့် ရည်ရွယ်ချက်ဖြင်ု မျက်စိပိတ် နားပိတ် လုပ်‌လာနေ၍ လူထု သည် ၎င်းတို့ ကြုံတွေ့လာရသော စားဝတ်နေရေး ပြဿနာ အပြင် ထိုသို့သော အချိန်မျိုး တွင်ပင် မိမိတို့ ၏ တရေတည်းနေ တမြေထဲသောက် နိုင်ငံသားများကို နေ့စဉ်လို ဗုံးကြဲသတ်ဖြတ်နေသည့် အဖြစ်ကို ရပ်ဆိုင်းရကောင်းမှန်း မသိ သူရဲသဘက် စီးနေမှု အတွက် ဒေါသများက ၎င်းတို့ အပေါ် နှစ်ဆ တိုးလာနေပြီ ဖြစ်သည်။

 

စစ်အုပ်စုက ၎င်းတို့ သည် PDF ထောက်ခံနေသူများကို သင်ခန်းစာ ပေးနေသည်ဟု ယူဆနေ‌သော်လည်း တတိုင်းပြည်လုံး ရှိ ပြည်သူများက မူ မိမိတို့ ဘဝတူ သားချင်းများကို သတ်ဖြတ်နေသည်ဟုသာ ရှုမြင်ကြမည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!