တိုက်ခိုက်ရန် အချိန်နှောင်းသွားပြီ ဖြစ်၍ ကံဆိုးလှစွာဖြင့် ဗြိတိသျှ စစ်သည်များသည် တစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ကြားတွင် ကတုတ်ကျင်းများတူးခြင်း၊ အမြောက်တပ်ဆင်ခြင်းတို့ဖြင့် အချိန်ကုန်လွန်ခဲ့ကြရသည်။ ထိုအချိန်အတောအတွင်း မြန်မာတပ်သားများဘက်ကမူတစ်ညလုံး အော်ဟစ် ကြွေးကြော် နေကြပြီး ရံဖန်ရံခါ သေနတ်ပစ်ဖောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ တောတွင်းရှိ မျောက်များ၊ ငှက်များနှင့် ပိုးမွှားတို့၏ အော်မြည်သံများကလည်း ညဉ့်နက်သန်းခေါင်၏ ဆူညံသံများကို ပိုမိုအားဖြည့်ပေးနေခဲ့၏။
နံနက်ဦး၏ ဝိုးတဝါး အလင်းရောင်အောက်တွင် သစ်လုံး ခံတပ်အား ထင်ထင်ရှားရှား မြင်တွေ့လာရ၍ ဗိုလ်ချုပ်ကမ်းဘဲလ် သည် ၁၈ ပေါင်ဒါအမြောက်များနှင့် စိန်ပြောင်းများကို အသုံးပြု၍ ခံတပ်ကို နှစ်နာရီကြာအောင် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့သည်။ အောင်နိုင်တော့မည်ဟု အသေအချာ ယုံကြည်သွားသည့်အခါတွင် သူသည် ခံတပ်ကို ဝင်ရောက် စီးနင်းရန် တပ်ဖွဲ့များကို စေလွှတ်လိုက်လေသည်။
တပ်သားများ ရှေ့တိုးလာစဉ်အတွင်း သို့မဟုတ် ခံတပ်အပေါက်ငယ်များထဲသို့ တိုးဝင်လာစဉ်နှင့် လှေကားများဖြင့် ကျော်တက်စဉ်အတွင်း မြန်မာတို့ဘက်မှ တစ်ချက်မျှ ပြန်လည်ပစ်ခတ်ခြင်း မရှိခဲ့ပေ။ ခံတပ်မှာ လူသူကင်းမဲ့နေလေပြီ။ "အမြောက်ကြီးများ နှင့် မပစ်ခတ်ခင် ကတည်းက ရန်သူများသည် အကာအကွယ် မရှိသည့် လမ်းကြောင်းကနေ ခံတပ်ကို စွန့်ခွာသွားခဲ့ပုံရတယ်" ဟု ဒိုဗေတန် က မှတ်တမ်းတင်ခဲ့သည်။
"ခံတပ်အတွင်းကို ပထမဆုံးဝင်သွားတဲ့သူဟာ အိုင်ယာလန်လူမျိုးတစ်ယောက်လို့ ကျွန်တော်ကြားသိရတယ်။ သူဟာ ခံတပ်အကာအရံပေါ်ကနေ ပတ်ပတ်လည်ကို ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သူ့ရဲ့ရဲဘော်တွေကို 'ဟေ့... ဒီမှာ ဘယ်သူမှမရှိတော့ဘူးဟေ့၊ တယောက်မှကို မရှိတော့တာ' ဟု လှမ်းအော်ပြောခဲ့ သည်ဟု ဆိုသည်။
"တကယ်တမ်းတွင် လူသူ ကင်းမဲ့ နေခြင်း မျိုးတော့ မဟုတ်။ အဘွားအို တဦး ကိုတော့ ကျွန်တော်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသား ဟူ၍ တဦးတယောက်မျှ သေဆုံးနေတာဖြစ်ဖြစ်၊ ဒဏ်ရာရနေတာဖြစ်ဖြစ်၊ အသက်ရှင်လျက်ဖြစ်ဖြစ် မကျန်ရစ်ခဲ့" ဟု ဒိုနိုဗန်က မှတ်တမ်း တင်ထားခဲ့သည်။
ဤသို့ဖြင့် ကြည်မြင့်တိုင်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗြိတိသျှတို့အနေဖြင့် ရန်ကုန်မြို့ပြင်သို့ နောက်ဆုံးတွင် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ၁၈ ပေါင်ဒါအမြောက်ကြီးများကို ပင်ပင်ပန်းပန်း ဆွဲယူခဲ့ရခြင်းနှင့် စိုစွတ်ထိုင်းမှိုင်းလှသော တောနက်ထဲတွင် တစ်ညလုံး အချိန်ကုန်ခဲ့ရခြင်းတို့မှာ စစ်သည်တို့၏ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ထိုက်တန်မှု ရှိ၊ မရှိမှာ သံသယဖြစ်ဖွယ် ဖြစ်လာခဲ့ရသည်။
အမြောက်ဆံကျည် များသည် ဝါးခံတပ်များကို ဖျက်ဆီးရာတွင် ထိရောက်မှု အလွန်နည်းပါးလှသည်။ အမြောက်ဆန် ဖြတ်သန်းသွားချိန်တွင် ဝါးမျှင်များမှာ ဘေးသို့ကားထွက်သွားပြီးနောက် မူလနေရာသို့ ပြန်လည်စေ့ပိတ်သွားသောကြောင့် ဖြစ်သည်။
ထိုခေတ်က အမြောက်များတွင် အသုံးပြုသည့် လုံးဝန်းသော သံလုံးကျည်ဆန်များ round-shot သည် ပေါက်ကွဲအားမရှိဘဲ အရှိန်ဖြင့် တိုက်ရိုက်ထိမှန်ကာ ပျက်စီးစေသည့် သဘောဖြစ်သည်။
ထိုအချိန်မှစ၍ ဝါးခံတပ်များကို အမြောက်ဆန်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မျိုး အသုံးမပြုကြတော့ဘဲ အမြောက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက်တွင် ခံတပ်ကို လှေကားဖြင့် ကျော်တက်ခြင်းနှင့် လှံစွပ်များဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းတို့ကသာ ပိုမိုသေချာထိရောက်သည့် နည်းလမ်းများ ဖြစ်လာခဲ့လေသည်။
ကြည့်မြင်တိုင်ကို ထိုနေ့ညနေမှာပင် အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေလိမ့်မည်။ အကြောင်းမှာ နံနက်ပိုင်းအောင်ပွဲကြောင့် စစ်သည်များ စိတ်ဓာတ်တက်ကြွနေချိန်ဖြစ်ပြီး ခံတပ်ကို ကျော်တက်ရန် လှေကားများလည်း အလုံအလောက် ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် အမိန့်ပေးသူများက လူမရှိတော့သော ခံတပ်အလွတ်ကြီးအတွင်းသို့ အမြောက်ကျည် ၁၈၅ တောင့်နှင့် အခြားကျည်များစွာကိုသာ ပစ်ခတ်နေခဲ့သဖြင့်၊ စစ်သည်များအဖို့ ပါးနပ်သော ရန်သူ၏ လှည့်ဖြားမှုကို ခံလိုက်ရသည်ဟူသော ခံစားချက်မျိုးသာ ကျန်ရစ်ခဲ့သည်။ ထိုကြည့်မြင်တိုင်ခံတပ်ကို စောင့်ကြပ်ရန် တပ်ရင်း (၁၀၂) မှ တပ်ခွဲလေးခုနှင့် စစ်ဗာရီ တပ်ရင်းတရင်း ကို ထားရှိခဲ့သည်။
သိမ်းပိုက်ပြီးနောက် ရက်အနည်းငယ်ခန့်မှာတော့ အခြေအနေက ငြိမ်သက်သွားခဲ့သည်။ မြန်မာတို့သည် ဗြိတိသျှတို့၏ ကြည်းတပ်၊ ရေတပ် အင်အားကို အမှတ်ရသွားသလို၊ မိမိတို့ဘက်မှ အကျအဆုံးများပြားမှုကြောင့် ထိတ်လန့်သွားကာ ကျူးကျော်သူတို့၏ ရှေ့တန်းစစ်ကြောင်းနှင့် အတော်လှမ်းလှမ်းတွင်သာ နေကြတော့သည်။ ထို့ကြောင့် စစ်သည်များသည် ပထမဆုံးအကြိမ်အဖြစ် ညဘက်တွင် အနှောင့်အယှက်မရှိ အေးချမ်းစွာ အိပ်စက်ခွင့်ရခဲ့ကြသည်။
ထိုသို့ အနားယူခွင့်ရခြင်းမှာ အလွန်တန်ဖိုးရှိလှသည်၊ အကြောင်းမှာ ပင်ပန်းနွမ်းနယ်မှုနှင့်အတူ မှိုတက်နေသော ဘီစကစ်၊ ဆားနယ်ဝက်သားတို့ကဲ့သို့ အာဟာရမပြည့်ဝသည့် အစားအစာများကြောင့် စစ်သည်များ၏ ရောဂါဒဏ်ခံနိုင်ရည်မှာ အတော်ပင် ကျဆင်းနေပြီဖြစ်သည်။ ဝမ်းကိုက်ခြင်း၊ ကာလဝမ်းနှင့် ငှက်ဖျားရောဂါတို့ကြောင့် သေဆုံးရသူဦးရေမှာ ရန်သူ့လက်ချက်ဖြင့် သေဆုံးရသူထက်ပင် ပို၍များပြားနေသည်။ ထို့ကြောင့် ရာသီဥတု မခြောက်သွေ့မချင်း အခြေအနေမှာ ပိုမိုဆိုးရွားလာဦးမည့် သဘောရှိနေသည်။
ထိုစဉ်က ငှက်ဖျား ရောဂါ သည် အနောဖလိ ခြင်ကြောင့် ဖြစ်ပွားသည်ကို မသိရှိကြသေး၍ ကာကွယ်မှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့သဖြင့် ငှက်ဖျား သည် လူသတ်သမားသဖွယ် ဆက်လက်တည်ရှိနေခဲ့သည်။ ခြင်ကိုက်ခြင်းကို စိတ်အနှောင့်အယှက်ဖြစ်စရာ အဆင့်မျှသာ သဘောထားကြပြီး၊ နုန်းမြေနှင့် ရွှံ့နွံများမှ ထွက်ပေါ်လာသော အငွေ့အသက်များကို ရှူရှိုက်မိခြင်းကသာ အသက်အန္တရာယ်ဖြစ်စေနိုင်သည်ဟု ထိုခေတ်က ယုံကြည်နေကြဆဲ ဖြစ်သည်။
ငှက်ဖျားရောဂါဘေးမှ လွတ်ကင်းသူဟူ၍ မရှိကြတော့။ ဇွန်လအတွင်း၌ ဗိုလ်ချုပ် ကမ်းဘဲလ် နှင့် ကပ္ပတိန် မာရယတ် တို့နှစ်ဦးစလုံး ငှက်ဖျားမိ၍ အိပ်ယာထဲ လဲကုန်ကြတော့သည်။ ဇွန်လ ၁၄ ရက်နေ့တွင် မာရယတ်က ကျန်းမာရေးကြောင့် မြန်မာနိုင်ငံမှ စောစီးစွာ ထွက်ခွာသွားခဲ့ရသည့် ရေတပ်ဗိုလ်ချုပ် ဂရန့် ထံသို့ စာရေးသားပေးပို့ခဲ့ရာတွင် - ၎င်း၏ လက်အောက်၌ တာဝန်ထမ်းဆောင်နိုင်သည့် ပြန်တမ်းဝင်အရာရှိ သို့မဟုတ် အရာခံဗိုလ် တစ်ဦးတစ်လေမျှ မကျန်တော့ကြောင်း၊ လန်း သင်္ဘောမှ သင်္ဘောသား ခုနစ်ဦးမှာ ကာလဝမ်းရောဂါ သို့မဟုတ် သွေးဝမ်းကိုက်ရောဂါဖြင့် သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း၊ အခြား ၂၆ ဦးမှာလည်း အခြေအနေစိုးရိမ်ရသဖြင့် ဆေးရုံတင်ထားရကြောင်း၊ ထို့ပြင် အခြားသူအများအပြားမှာလည်း ရောဂါဝေဒနာ အနည်းငယ်စီ ခံစားနေရဆဲ သို့မဟုတ် နာလန်ထူစအဆင့်မှာသာ ရှိနေသေးကြောင်း ဖော်ပြခဲ့သည်။
၎င်းက ဆက်လက်၍ “ကျွန်တော်တို့ ဒီနေရာကနေ မထွက်ခွာခင်မှာ လူတွေအများကြီး ဆုံးရှုံးရလိမ့်မယ်လို့ စိုးရိမ်မိပါတယ်။ သည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုး၊ သန့်ရှင်းမှုမရှိတဲ့ ရေနဲ့ နာလန်ထူစလူတွေ အင်အားပြန်ပြည့်ဖို့အတွက် လတ်ဆတ်တဲ့ ရိက္ခာတွေ ရှာဖွေဖို့ မဖြစ်နိုင်တာတွေက ဒီနေရာဟာ ဒီစစ်ဆင်ရေးတပ်ဖွဲ့ကြီးရဲ့ အစိတ်အပိုင်း အတော်များများအတွက် သင်္ချိုင်းဂူဖြစ်လာတော့မယ်ဆိုတာကို အထင်အရှား ပြနေပါတယ်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ထို့ကြောင့် HMS ဆိုဖီ သင်္ဘောကို ကာလကတ္တား သို့ သွားရောက်ရန် အမိန့်ပေးခဲ့ပြီး၊ တိုက်သင်္ဘောငယ်နှစ်စင်းစလုံးအတွက် ရိက္ခာများနှင့်အတူ စုဆောင်းရရှိသမျှ သင်္ဘောသားအသစ်များကို (အလိုအလျောက် ဝင်ရောက်လာသူဖြစ်စေ၊ အတင်းအဓမ္မ ဖြစ်စေ) တတ်နိုင်သမျှ အမြန်ဆုံး ခေါ် ဆောင်လာရန် ညွှန်ကြားခဲ့ရသည်။ ဤဖြစ်ရပ်သည် ကုန်းကြောင်းနှင့် ရေကြောင်းရှိ အရာရှိများနှင့် စစ်သည်များအကြား ရောဂါဘေးကြောင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အသက်ပေါင်းများစွာ ဆုံးရှုံးရတော့မည့် ရှေ့ပြေးနိမိတ်ပင် ဖြစ်တော့သည်။
အင်္ဂလိပ်တို့ မြန်မာ့မြေပေါ် ခြေချမိသည်ကို နောင်တရနေကြ ချိန်တွင်၊ မြန်မာတပ် များသည် လည်း မမျှော်လင့်ဘဲ ကြုံခဲ့ရသည့် အရေးနိမ့်မှု ဒဏ်ရာဒဏ်ချက် များမှ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာခဲ့ကြပြီ ဖြစ်သည်။ ကြည့်မြင်တိုင် တိုက်ပွဲအပြီး ခဏတာ ရပ်တန့်သွားခဲ့သည့် အင်္ဂလိပ် ကင်းစောင့်တပ်နှင့် ကင်းပုန်းများကို ညဘက် ဝင်ရောက်စီးနင်းမှုများ ပြန်လည် စတင်လာခဲ့သည်။
ဇွန်လ ၂၃ ရက်နေ့ တွင် မြန်မာတို့သည် လှေအစင်း ၃၀၊ ၄၀ ခန့်ကို တွဲချည်ပြီး ရေနံစိမ်းစည်များ၊ ထင်းများ အပုံလိုက် တင်ဆောင်ထားသည့် အလျားကိုက် ၁၀၀ ခန့်ရှိ "မီးဖောင်" ကြီးတစ်ခုကို မြစ် ကြောင်း အတိုင်း မျှောချ တိုက်ခိုက်လာကြသည်။
အင်္ဂလိပ် သင်္ဘောသားများသည် ၎င်းတို့ ရေတပ် စခန်းချရာစီ မီးဖောင်ကြီး မရောက်ခင်မှာပင် လှေများနှင့် ခက်ခက်ခဲခဲ ထွက်ပြီး၊ မီးလောင်ခံရမည့် အန္တရာယ်ကြားမှ သင်္ဘောများ ကျောက်ချထားတဲ့ နေရာနှင့် ဝေးရာသို့ တွန်းထုတ်နိုင်ခဲ့၍သာ သင်္ဘောများ မီးဘေးက လွတ်သွားခဲ့ရသည်။
ကပ္ပတိန် မာရယတ် က နောက်ထပ် မီးဖောင်များ၏ အန္တရာယ်မှ ကာကွယ်ရန် အတွက် သစ်လုံးကြီးများကို သံကြိုးနှင့် တွဲချည်ပြီး မြစ်ကို ဖြတ်ကျော် ကျောက်ချ တားဆီးထားဖို့ အမိန့်ပေးလာခဲ့သည်။
မည်သို့ပင် ဖြစ်စေ မြန်မာတို့သည် ၎င်းတို့ဘုရင် အမိန့်ပေးထားသည့်အတိုင်း ကျူးကျော်သူများကို ပြန်လည် တိုက်ခိုက်ကြတော့ ပေတော့မည်။ ဇူလိုင်လ ၂၁ ရက်နေ့ တွင်တော့ ရန်ကုန်နှင့် ရွှေတိဂုံ စေတီတော်ကြားက အင်္ဂလိပ်တပ်များ တပ်စွဲထားသည့် ရှေ့တန်းတောအုပ်အတွင်း ထူးထူးခြားခြား လှုပ်လှုပ်ရှားရှား ဖြစ်လာမှု များက မျှော်လင့်ထားသည့် တိုက်ပွဲနီးလာပြီဆိုသည်ကို အချက်ပြနေသည်။
အင်္ဂလိပ် ကင်းထောက်များ၏ တွက်ချက်မှုအရ တစ်ရက်အတွင်းမှာတင် ကြည့်မြင်တိုင် အထက်ပိုင်းမှ မြစ်တစ်ဖက်ကမ်း ရန်ကုန်ဘက်ခြမ်းကို စစ်သည်အင်အား ရှစ်ထောင်လောက် ကူးဖြတ်လာခဲ့ကြသည်။ မြန်မာတို့သည် ၎င်းတို့ဖက်က ထိုသို့လှုပ်ရှားလာမှု များ ကို ဖုံးကွယ်ရန် မကြိုးစားခဲ့ကြ။ တောအုပ်အတွင်းရှိ ၎င်းတို့ စခန်းချရာနေရာ များမှ မီးခိုးလုံးတွေ ထွက် နေသည် ကို အတိုင်းသား မြင်နေရပြီး၊ ဇူလိုင်လ ၁ ရက်နေ့ မွန်းတည့်ချိန်လောက် တွင်တော့ ၎င်းတို့သည် စေတီတော်ကြီး၏ ညာဘက်နှင့် ရှေ့မျက်နှာစာ များမှ နေ အုပ်စုလိုက်ကြီးထွက်ပေါ်လာပြီး ရန်ကုန်ဘက်ကို ဦးတည် ချီတက်လာခဲ့ကြသည်။
မြို့နှင့် မိုင်ဝက်ခန့်အကွာတွင် မြန်မာတို့က ဖက် က စတင်တိုက်ခိုက်လာခဲ့သော်လည်း အားနည်းနေသဖြင့် အင်္ဂလိပ်ဘက်မှ စစ်ဗာရီ တပ်ခွဲသုံးခုနှင့် အမြောက်နှစ်လက်ဖြင့် အလွယ်တကူပင် ခုခံတွန်းလှန်နိုင်ခဲ့ရာ အင်္ဂလိပ်တို့ဘက်မှ တစ်ဦးတစ်ယောက်မျှ အကျအဆုံးမရှိခဲ့ပေ။
ဤသည်ကို ကြည့်ပြီး မြန်မာတို့သည် ဗြိတိသျှတို့ကို အကာအကွယ် မဲ့ သော စစ်တလင်းတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်ရန် နောက်ထပ် သင်ခန်းစာရသွားခဲ့ကြသည်။ ထိုအချိန်မှစ၍ မြန်မာတို့သည် တောနက်ရာအရပ်များတွင် ခံတပ်အခိုင်အမာ တည်ဆောက်ပြီး ညအချိန်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်သည့် "ပြောက်ကျားစစ်ဗျူဟာ" သို့ ပြောင်းလဲကျင့်သုံးခဲ့ကြသည်။ ဤနည်းဖြင့် "ကုလားဖြူ သူပုန်" များကို အမှုန့်ခြေဖျက်ရန် ကြိုးပမ်းခဲ့ကြသည်။ ဤသို့ ညစဉ်ညတိုင်း နှောင့်ယှက်တိုက်ခိုက်ခံရခြင်းနှင့် မြန်မာတပ်သားဦးရေ တိုးပွားလာခြင်းတို့ကြောင့် တစ်ဖက်တွင်လည်း ဖျားနာမှုများကြောင့် မိမိတပ်အင်အား လျော့နည်းလာနေသော ဗြိတိသျှစစ်ဗိုလ်ချုပ် ကမ်ဘဲလ် မှာ စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
ကျဆင်းနေသော စစ်သည်တို့၏ စိတ်ဓာတ်ကို မြှင့်တင်ရန်နှင့် ဆိုးရွားလှသော မိမိ တို့၏အခြေအနေကို ကုစားနိုင်ရန်အတွက် အောင်ပွဲတစ်ခုခုရရှိရန် သူသည် အသည်းအသန် လိုအပ်တော့သည်။ ထို့ကြောင့် ကမ်ဘဲလ်သည် ရန်ကုန်မြစ်နှင့် လှိုင်မြစ်ဆုံရာ "စေတီကုန်း" ရှိ အခိုင်အမာ တည်ဆောက်ထားသော မြန်မာခံတပ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုခံတပ်သည် မြစ်နှစ်သွယ်ကြားရှိ ကုန်းမြေအငူပေါ်တွင် တည်ရှိပြီး ရန်ကုန်မြစ်၏ အောက်ဘက် မိုင်ဝက်ခန့်အကွာရှိ မြစ်ကမ်းနှစ်ဖက်လုံးတွင်လည်း ခံတပ်နှစ်ခုဖြင့် အကာအကွယ်ပေးထားလေသည်။
ဗိုလ်ချုပ်ကမ်းဘဲလ်သည် တိုက်စစ်အတွက် စစ်ကြောင်းနှစ်ကြောင်း ခွဲခဲ့သည်။ သူကိုယ်တိုင်သည် စစ်သည် ၈၀၀ နှင့်အတူ ဇူလိုင်လ ၈ ရက်နေ့ အစောပိုင်းတွင် ရေတပ်အစုအဖွဲ့ဖြင့် အတူ မြစ်ကြောင်း အတိုင်း ထွက်ခွာခဲ့ပြီး၊ ဗိုလ်မှူးချုပ် မက်ဘင်း ကမူ စစ်သည် ၁,၂၀၀ နှင့်အတူ ရန်သူများ ဆုတ်ခွာမည့်လမ်းကို ဖြတ်တောက်ရန် ဘုရားကုန်း အထက် တစ်မိုင်ခွဲခန့်အကွာရှိ ကမာရွတ်သို့ ကုန်းကြောင်းမှ ချီတက်ခဲ့သည်။
ရန်သူတို့အတွက် ဤနေရာသည် အလွန်အရေးပါသော စခန်းဖြစ်ကြောင်း ကမ်းဘဲလ်က သတိပြုမိသည်။ အကြောင်းမှာ မြစ်ကမ်းတစ်လျှောက်ရှိ ရင်တားခံတပ်များကို တစ်ခုနှင့်တစ်ခု အပြန်အလှန် အကူအညီပေးနိုင်ရန် သေချာစွာ တည်ဆောက်ထားပြီး အကျအဆုံးများစွာ မရှိဘဲ တိုက်ခိုက်သိမ်းပိုက်ရန် ခဲယဉ်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ကပ္ပတိန် မာရယတ်အား အမြောက်တင်လှေများဖြင့် ခံစစ်စည်း ကို ပစ်ခတ်ချေမှုန်းရန် အမိန့် ပေးခဲ့သည်။
အမြောက်တင်လှေ လေးစင်းကို ထိုတာဝန်ပေးအပ်ခဲ့ပြီး လက်ထောက်ဗိုလ် ဖရေဇာ ၏ ကွပ်ကဲမှုဖြင့် ခံတပ်များကို တခုပြီးတခု တနာရီခန့် ကြာအောင် ပစ်ခတ်ချေမှုန်းခဲ့သည်။
မကြာမီမှာပင် မြန်မာတို့၏ အမြောက်သံများ တိတ်ဆိတ်သွားပြီး ဖရေဇာသည် သင်္ဘောထိပ်တိုင်မှ "ခံတပ်ပေါက်ပြီ၊ တိုက်စစ်ဆင်နိုင်ပြီ" ဟူသော အချက်ပြအလံ လွှင့်ထူလိုက်သည်။
ထိုအခါ ကာနယ် ဂေါ့ဒ်ဝင် နှင့် အဓိကတပ်ခွဲမှူး ဝါဟပ်တို့ ဦးစီးသော ဗြိတိသျှခြေလျင်တပ်ရင်း (၄၁) နှင့် မဒရပ်ခြေလျင်တပ်ရင်း (၁၇) တို့သည် လှေများဖြင့် မြစ်ကိုဖြတ်ကူးခဲ့ကြသည်။ ကမ်းတက်ရာတွင် အခက်အခဲဖြစ်စေရန် စိုက်ထူထားသော တံစို့များနှင့် အခြားအတားအဆီးများ ရှိနေသော်လည်း ၎င်းတို့သည် စည်းကမ်း စနစ်ကျစွာဖြင့် ကမ်းတက်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာတို့ဘက်မှ အပြင်းအထန် ခုခံခဲ့သော်လည်း ဦးတည်ချက်မမှန်သော ပစ်ခတ်မှုများ ကြောင့် ဗြိတိသျှတို့ ခံတပ်အတွင်း ဝင်ရောက်လာချိန်တွင် ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။ လူအများအပြား သေဆုံးခဲ့ရသလို အချို့မှာလည်း ထွက်ပြေးရန် ကြိုးစားရင်း ရေနစ်သေဆုံးခဲ့ကြသည်။ ဒုတိယခံတပ်ကိုလည်း ထိုနည်းအတိုင်းပင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တတိယခံတပ်သို့ ရောက်သောအခါတွင်မူ ခုခံမှု မရှိဘဲ စွန့်ခွာသွားကြပြီဖြစ်ကြောင်း တွေ့ရှိရသည်။
တစ်ဖက်တွင်မူ ဗိုလ်မှူးချုပ် မက်ဘင်း၏ တပ်ဖွဲ့သည် တောတွင်း၌ အမြောက်များ သယ်ဆောင်ရာတွင် ရွှံ့နွံပိတ်မိနေသဖြင့် နောက်ဆုံးတွင် အမြောက်များကို ကင်းစောင့်ဖြင့် ထားရစ်ခဲ့ကာ ကမာရွတ်သို့ အမြောက်များမပါဘဲ ချီတက်ခဲ့ရသည်။ တောအုပ်အတွင်းမှ လွင်ပြင်သို့ ထွက်လာချိန်တွင် မက်ဘင်း၏ တပ်ဖွဲ့သည် အခိုင်အမာ တည်ဆောက်ထားသော မြန်မာခံတပ် ခုနစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ အနီးဆုံးရှိ ခံတပ်နှစ်ခုကို လျင်မြန်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် မြန်မာတို့သည် တခုနှင့်တခု ကပ်လျက်ရှိသော ခံတပ်ကြီး သုံးခုရှိရာသို့ ဆုတ်ခွာသွားကြသည်။ ဤနေရာတွင် မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးသည် ပရမ်းပတာဖြစ်နေသော မိမိ၏တပ်များကို ပြန်လည်စုစည်းကာ ရှေ့ဆုံးမှနေ၍ ဗြိတိသျှတို့ကို ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ဗြိတိသျှတို့၏ ပထမအကြိမ် ထိုးစစ်အတွင်းမှာပင် ကျဆုံးသွားခဲ့သည်။ မကြာမီမှာပင် ထိုခံတပ်ကြီးကိုလည်း ဗြိတိသျှတို့ သိမ်းပိုက်နိုင်ခဲ့လေသည်။