၂၀၂၆ - အရှိန်အဟုန်သစ်ဖြင့် ချီတက်မည့် တော်လှန်ရေးနှင့် နိုင်ငံရေးအပြောင်းအလဲ

by Hla Soewai - Mar 29 2026

နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံး မှ ဖမ်းဝရမ်း မည်သည့် အချိန်တွင် ထုတ်လာမည်လဲ ဆိုသည်သာ ကျန်‌ တော့ ချိန်တွင် အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် သည် ၎င်း အသေအချာ အကွက်ချ ထားသော အတုအ‌ ယောင် လွတ်တော်မှ ၎င်းအား သမ္မတ တင်မြှောက်လာမည်ကို အာသာငန်းငန်း ဖြင့် ဆေးရုံ ပေါ်မှ စောင့်မျှော်လျက် ရှိနေဆဲပင် ဖြစ်သည်။ စစ်တပ်မှ အဝတ်အစား ပြောင်းကာ တက်ရောက်လာသည့် လွတ်တော်လည်း ဖြစ်ပြီး ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘဝ များ ကို နင်းခြေပြီး ၎င်းတို့ မှ မအုပ်ချုပ် လျင် တိုင်းပြည်သည် အစိတ်စိတ် အမွာမွှာ ပျက်စီးသွား‌ တော့ မည်ဟု နှစ်‌ ပေါင်း ၆၀ လုံးလုံး လိမ်ညာကာ အားမနာ ရှာမကျိုး ဆက်၍ အုပ်ချုပ်သွားမည့် လူလွန်မသားများ သာ ဖြစ်ပေသည်။

 

တကယ်တမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (ERO) များသည် ခွဲထွက်ရေးကို ဦးတည်ခြင်းထက် အပြန်အလှန် အမှီသဟဲပြုမှုအပေါ် အခြေခံသည့် "အောက်ခြေမှ အထက်သို့ တက်လှမ်းသော ဖက်ဒရယ်စနစ်" ပုံစံသို့ ဦးတည်ရွေ့လျားနေကြသည်မှာ ကြာပြီဖြစ်သည်ဟု စစ်တွေတွင် ၂၀၁၇ မှ ၂၀၂၀ အထိ တာဝန်ထမ်းဆောင်ခဲ့သော ကုလ အကြီးတန်း အရာရှိကြီး ပေါလ် ဂရင်းနင်းက ဧရာဝတီ တွင် ရေးသားလာခဲ့သည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် စစ်အာဏာရူးများထက် လက်တွေ့ကျကျ စဉ်းစားတတ်သူများလည်း ဖြစ်ကြသည်။ အချုပ်အခြာအာဏာပိုင် သီးခြားနိုင်ငံများ တည်ထောင်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်း ၎င်းတို့ သိရှိကြသည်။ ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများတွင် အခြားတိုင်းရင်းသား လူမျိုးစုပေါင်း များစွာလည်း ရောပြွမ်း နေထိုင် နေကြရာ ထိုလူများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှု မရှိဘဲ ခွဲထွက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

 

ထို့အပြင် နိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပါက ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခြင်း၊ အဓိက နယ်စပ်ဂိတ်များသို့ ဝင်ရောက်နိုင်ခွင့် ဆုံးရှုံးခြင်းနှင့် စီးပွားရေးအရ အထီးကျန်ဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ နိုင်ငံတော် ပြိုကွဲပျက်စီးခြင်းထက် ကောင်းမွန်စွာ လည်ပတ်နိုင်သော ဖက်ဒရယ်စနစ်တစ်ခုသည်သာ ၎င်းတို့၏ ရေရှည်စီးပွားရေး ရှင်သန်မှုအတွက် အကောင်းဆုံးဖြစ်ကြောင်း ERO များက ကောင်းစွာ သဘောပေါက်ထားကြသည်။

 

အလားတူပင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အများစုတွင် လွတ်လပ်သော နိုင်ငံတစ်ခုကို အပြည့်အဝ အုပ်ချုပ်ရန် လိုအပ်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေး မျိုးလည်း မရှိကြသေးပေ။ ၎င်းတို့သည် နယ်မြေအတော်များများကို ထိန်းချုပ်ထားနိုင်သော်လည်း ယင်းနယ်မြေများကို လွတ်လပ်သော နိုင်ငံများအဖြစ် ပြောင်းလဲရန်မှာ လက်ရှိတွင် မရှိသေးသည့် အုပ်ချုပ်ရေးစွမ်းဆောင်ရည်၊ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ လိုအပ်မည်ဖြစ်သည်။

 

မြန်မာ အရေးကို ထဲထဲဝင်ဝင် သိနားလည်ထား‌သော မစ္စတာ ဂရင်းနင်းက ဆက်လက် ရေးသားရာ တွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တိုင်းရင်းသားလူမျိုးစုများအကြား အဓိကကျသော နိုင်ငံရေးဆွေးနွေးမှုများသည် အပြည့်အဝ လွတ်လပ်ရေးရယူရန် ဆိုသည့်အချက်မှ ဖက်ဒရယ်စနစ်သို့ ကူးပြောင်းလာခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အာရက္ခတပ်တော် (AA) ကဲ့သို့သော အဖွဲ့များသည် ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခွင့်ပြုထားပြီး ညီညွတ်သော မြန်မာနိုင်ငံကို ဆက်လက်ထိန်းသိမ်းထားမည့် ဖက်ဒရယ်ပုံစံတစ်ခုအပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားသော စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများနှင့် ပိုမိုပူးပေါင်းလာကြသည်။

 

ယနေ့မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအဖြစ် မကြာခဏ ရည်ညွှန်းခံရလေ့ရှိသော AA သည် လုံးဝခွဲထွက်ရေးကို အတိအလင်း ငြင်းပယ်ထားပြီး ဖက်ဒရယ် မြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ပြည်နယ် ဖြစ်ပေါ်လာစေရန် တွန်းအားပေးလျက်ရှိသည်။ 

 

AA အနေဖြင့် သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးယန္တရားတစ်ခုကို လက်တွေ့လည်ပတ်နေပြီဖြစ်သော်လည်း၊ အပြည့်အဝလွတ်လပ်ရေးရယူခြင်းသည် လွတ်လပ်သောရခိုင်ပြည်နယ်ကို ထောက်ခံမည်မဟုတ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် တိုက်ရိုက်ပထဝီနိုင်ငံရေး ပဋိပက္ခများဖြစ်ပွားစေနိုင်ကြောင်း ၎င်းတို့၏ ခေါင်းဆောင်များက နားလည်ထားကြသောကြောင့်လည်း ဖြစ်သည်။

 

နိုင်ငံရေးအရ ပိုမိုညီညွတ်လာသည့်အပြင်၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဒေသအသီးသီးရှိ တော်လှန်ရေး လက်နက်ကိုင်အင်အားစုများအကြားတွင်လည်း မကြုံစဖူးသော ပူးပေါင်းဆောင်ရွက်မှု အဆင့်ဆင့် ရှိလာခဲ့သည်။

 

လက်နက်ကိုင်တော်လှန်ရေး တစ်ရပ်လုံးသည် ယခင်ကထက် ပိုမို၍ စည်းလုံးညီညွတ်လာကြသည်။ ဒီဇင်ဘာလတွင် နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့ (Spring Revolution Alliance - SRA) ကို ဖွဲ့စည်းလိုက်ခြင်းသည် ယခင်က တစ်သီးပုဂ္ဂလဖြစ်နေသော တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ကို ဘုံလုပ်ငန်းစဉ်တစ်ခုအောက်သို့ စုစည်း ပေး နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ယင်းအဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ KNU၊ ကရင်နီတပ်မတော် (KA)၊ TNLA၊ MNDAA နှင့် AA ကဲ့သို့သော အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီးများထံမှ ထောက်ခံမှုနှင့် အသိအမှတ်ပြုမှုများကိုလည်း ရရှိထားပြီး ဖြစ်သည်။

 

လက်နက်ကိုင်ခေါင်းဆောင်အချို့ကမူ တစ်ဦးချင်း အာဏာနှင့် စည်းစိမ်ဥစ္စာ ပိုမို ပေးလာမည့် ကတိကဝတ်များနောက်သို့ မိန်းမော‌ တွေဝေစွာ လိုက်ပါနေကြဆဲ ဖြစ်သည်။

 

သို့သော် ထိုကဲ့သို့သော အဖြစ်မျိုးက ယေဘုယျခြွင်းချက် မျှသာ ဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် ပိုမိုခိုင်မာပြီး စည်းလုံးညီညွတ်သော စစ်ရေးနှင့် နိုင်ငံရေး တော်လှန်ရေးအင်အားစုကို တွေ့မြင်ရတော့မည်ဖြစ်သည်။ အခြေခံအုတ်မြစ်များ ချမှတ်ပြီးစီးပြီးနောက်တွင် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့သော စုပေါင်းစစ်ရေးထိုးစစ်တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းတွင် တွေ့မြင်ရရန် မျှော်လင့်နိုင်သည်ဟု ဆိုသည်။

 

အကယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အမိန့်ပေးစနစ်၊ NUG အမိန့်ပေးစနစ်နှင့် SRA အမိန့်ပေးစနစ်တို့သည် ၎င်းတို့၏ စစ်ဆင်ရေးများနှင့် အချိန်ကိုက် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဆိုလျှင်၊ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်မှာ သိသာထင်ရှားစွာ ပြောင်းလဲလာပြီး ညီညွတ်မှုခေတ်သစ်တစ်ခုသို့ ရောက်ရှိလာမည်ဖြစ်သည်။ ဤကဲ့သို့သော လမ်းစဉ်တူညီမှု (Ideological coherence) မျိုးမှာ မြန်မာ့သမိုင်းတွင် မကြုံစဖူးသော အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမည်ဆိုသော အယူအဆအမှား နှင့် သတင်း ထုတ်လွှင်‌ နေမှု များကို အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်သည် ဟု ရေးသားထားသော ကုလ ကျွမ်းကျင်သူ အကြီးတန်း အရာရှိ ပေါလ် ဂရင်းနင်း၏ ဆောင်းပါးကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!