ဒုတိယကမ္ဘာစစ်အတွင်း စစ် ရေး အရ ရှုံးနိမ့်ခဲ့ပြီးကတည်းက ဂျပန်သည် မိမိကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သည့် မူဝါဒအပေါ်တွင်သာ ရည်ရွယ်ချက်ရှိရှိ ရပ်တည်လာခဲ့သည်။
စစ်ပြီးခေတ် ငြိမ်းချမ်းရေး အခြေခံသည့် ဖွဲ့စည်းပုံ အရ ဂျပန် သည် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် စစ်အသုံးစရိတ်ကို အနည်းငယ်မျှသာ ထားရှိခဲ့ပြီး၊ အမေရိကန်၏ လုံခြုံရေးထီးရိပ် အောက်တွင် ခိုလှုံကာ ပိုမို အာဏာပြလာသည့် တရုတ်နိုင်ငံကို တိုက်ရိုက် ထိပ်တိုက်တွေ့ ခြင်းမျိုးမှ ရှောင်ကြဉ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်၏ စိတ်ဒဏ်ရာများ ခံစားခဲ့ရသော ဂျပန်ပြည်သူများကလည်း ထိုသို့သော ချဉ်းကပ်ဆောင်ရွက်မှုကိုပင် ထောက်ခံခဲ့ကြသည်။
သို့သော်လည်း တရုတ်နိုင်ငံအပေါ် ပိုမိုတင်းမာသော ချဉ်းကပ်မှုနှင့် ဂျပန်စစ်တပ်ကို ပိုမိုအားကောင်းခိုင်မာစေရန် ပွင့်ပွင့်လင်းလင်း တိုက်တွန်းပြောဆိုလေ့ရှိသည့် သဘောထားတင်းမာသူ ဝန်ကြီးချုပ် ဆာနာအေး တာကာအီချီ ၏ တခဲနက် မဲအနိုင်ရရှိခဲ့မှုက ထိုခေတ်ကာလ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ညွှန်ပြနေသည်။ ယင်း၏ အကျိုးဆက်များသည် ဒေသတွင်းအတွက် အလွန်ပင် နက်ရှိုင်းကြီးမားနိုင် ပေသည်။
ပိုမို ရန်လိုလာသော တရုတ်နိုင်ငံနှင့် ခန့်မှန်းရခက်ခဲလာသော အမေရိကန်ပြည်ထောင်စုတို့ကြားတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံသား အတော်များများသည် မိမိတို့၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရန်အတွက် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ယုံမျှ ဖြင့် မလုံလောက်တော့ကြောင်း သဘောပေါက် နားလည်လာကြပြီ ဖြစ်သည်။
ထို့အတွက် အမေရိကန်၏ မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံသည် ပိုမိုပြတ်သားလာကာ၊ စစ်ရေးအရလည်း ပိုမိုစွမ်းဆောင်ရည် မြှင့်တင်လာပြီး တရုတ်ကို ဟန့်တားရာတွင် အဓိကကျသော အခန်းကဏ္ဍသို့ ရောက်လာဖွယ် ရှိသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုကဲ့သို့သော ပြောင်းလဲတိုးတက်မှုကို အားပေးရန် အရေးကြီးသလို ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အားနည်းသွားစေရန် မဟုတ်ဘဲ ပိုမိုခိုင်မာလာစေရန်လည်း သေချာစွာ လုပ်ဆောင်ရမည် ဖြစ်သည်။
ဂျပန်တို့၏ အတွေးအမြင် ပြောင်းလဲလာမှုသည် မစ္စက် တာကာအီချီ ကြောင့် စတင်ခဲ့ခြင်း တော့ မဟုတ်။
ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲလာမှု၊ အထူးသဖြင့် တရုတ်နိုင်ငံသည် စစ်ရေးအရ အာဏာပြလိုသော အင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာမှုနှင့်အတူ ဤအခြေအနေမှာ နှစ်ပေါင်းများစွာကတည်းက တဖြည်းဖြည်း ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဂျပန်က စီမံခန့်ခွဲသည့် အရှေ့တရုတ်ပင်လယ်ပြင်ရှိ ကျွန်းစုများသို့ သင်္ဘောများ စေလွှတ်ခြင်းနှင့် ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်တွင် ခြိမ်းခြောက်သည့် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ တရုတ်၏ နယ်မြေချဲ့ထွင်လိုမှု သို့မဟုတ် ဒေသတွင်း ပဋိပက္ခဖြစ်ပွားမှုများသည် ကုန်သွယ်ရေးကိုသာ အဓိကအားထားနေရသည့် ဂျပန်စီးပွားရေးအတွက် အလွန်အရေးပါသော ပင်လယ်ရေကြောင်းလမ်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အန္တရာယ်ဖြစ်လာစေသည်။
ထိုကဲ့သို့ ခြိမ်းခြောက်လာမှုများ ကြောင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက် ၂၀၁၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် စစ်အင်အားသုံးစွဲနိုင်သည့် အခြေအနေအရပ်ရပ်ကို ပိုမိုကျယ်ပြန့်စေရန် ၎င်း၏ အခြေခံဥပဒေကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုလာခဲ့သည်။ ထို့အပြင် အာဘေးသည် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုများကို ပိုမိုခိုင်မာစေရန် အမျိုးသားလုံခြုံရေးကောင်စီ ကို ဖွဲ့စည်းခဲ့ပြီး အင်ဒို-ပစိဖိတ် ဒေသတွင်း၌လည်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို တိုးမြှင့်ခဲ့သည်။ ၎င်း၏ ဆက်ခံသူများ၊ အထူးသဖြင့် ဖူမီယို ကီရှီဒါ သည် ဤလမ်းစဉ်ကို ဆက်လက်ဖော်ဆောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးသော ကာကွယ်ရေးအင်အား တည်ဆောက်မှုကို အတည်ပြုပေးခဲ့ကာ၊ တိုက်ခိုက်ခံရပါက ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်း ရှိရမည်ဟူသော အချက်ကိုလည်း ထောက်ခံခဲ့သည်။ ဤသည်ကပင် ယခင်က နိုင်ငံရေးအရ မဖြစ်နိုင်ဟု ယူဆခဲ့ကြသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။
တာကာအီချီကမူ လက်ရှိထက် ပိုမိုတွန်းအားပေး လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း အရိပ်အယောင်ပြသခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘေဂျင်းအစိုးရက ၎င်းတို့၏ ပိုင်နက်အဖြစ် ကြေညာထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီကျွန်းဖြစ်သည့် ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာပါက ဂျပန်အနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ကြောင်း သူမက သွယ်ဝိုက်ပြောဆိုခဲ့သည်။ ယင်းသည် ထိုင်ဝမ်ကို ကူညီနိုင်သည်ဟု နှစ်ပေါင်းများစွာအတွင်း ဂျပန်ခေါင်းဆောင်တစ်ဦးက လူသိရှင်ကြား အပြတ်သားဆုံး ထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ဘေဂျင်းကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများဖြင့် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ သို့သော်လည်း ဂျပန်မဲဆန္ဒရှင်များသည် ထိုခြိမ်းခြောက်မှုကို ကြောက်ရွံ့ခြင်းမရှိဘဲ အမတ်နေရာ ၄၆၅ နေရာရှိသည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် တာကာအီချီနှင့် နှစ်ပေါင်းများစွာ အာဏာရယူထားသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကို အမတ်နေရာ သုံးပုံနှစ်ပုံအထိ အပြတ်အသတ် အနိုင်ပေးခဲ့ကြသည်။
၎င်းသည် စစ်ပြီးခေတ်ကာလအတွင်း နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပထမဆုံးအကြိမ် ထိုမျှအထိ အောင်မြင်မှုရရှိခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဂျပန်ဝန်ကြီးချုပ်များသည် မဲအနည်းငယ် အသာဖြင့်သာ အုပ်ချုပ်ရလေ့ရှိပြီး ပါတီတွင်း သို့မဟုတ် မဟာမိတ်အဖွဲ့များ၏ ကျေနပ်မှုကိုရရန် မိမိတို့၏ လုပ်ငန်းစဉ်များကို အကြီးအကျယ် လိုက်လျောညှိနှိုင်းရလေ့ရှိသော်လည်း၊ ယခုအောင်မြင်မှုသည် တာကာအီချီအတွက် သမိုင်းတွင်မည့် လုပ်ပိုင်ခွင့်အာဏာကို ရရှိစေခဲ့ခြင်း ဖြစ်သည်။
တာကာအီချီသည် ဆရာသမား ဖြစ်သူ အာဘေး မအောင်မြင်ခဲ့သည့် နေရာတွင် အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်သော နိုင်ငံရေး အသာစီးရမှု ကို ယခုအခါ ရရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် စစ်တပ်အပေါ် ကန့်သတ်ချက်များကို လျှော့ချမည့် ဂျပန်အခြေခံဥပဒေကို ပြင်ဆင်နိုင်ခွင့် ရလာခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၉ သည် စစ်မတိုက်ရန် ကတိပြုထားပြီး "စစ်အင်အား" ထားရှိခြင်းကို တားမြစ်ထားသည်။ အမှန်တကယ်တွင် ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အလွန်စွမ်းဆောင်ရည်မြင့်မားသော "ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ" ကို တည်ဆောက်ခဲ့သော်လည်း၊ ပုဒ်မ ၉ သည် စစ်အသုံးစရိတ်၊ တိုက်စစ်စွမ်းရည်နှင့် ပြည်ပတပ်ဖြန့်မှုများအပေါ် အစဉ်အလာအရ ကန့်သတ်ထားသည့် နိုင်ငံရေးဆိုင်ရာ အတားအဆီးတစ်ခုအဖြစ် ကြာရှည်စွာ တည်ရှိခဲ့သည်။
အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် တစ်ညတည်းနှင့် အပြောင်းအလဲကြီး ဖြစ်သွားမည်ဟု မဆိုလို။ သို့သော် ရေရှည်အကျိုးဆက်များမှာ အလွန်ပင် ကျယ်ပြန့်လာနိုင်သည်။ စစ်တပ်၏ အခန်းကဏ္ဍကို ပုံမှန်နိုင်ငံများကဲ့သို့ တရားဝင်အသိအမှတ်ပြုခြင်း၊ စစ်အသုံးစရိတ် ပိုမိုသုံးစွဲရန် လမ်းပွင့်သွားခြင်းနှင့် ဂျပန်နိုင်ငံပြင်ပအထိ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်လာစေနိုင်ပါသည်။
ယခင်က စိတ်ကူးယဉ်ဆန်သော ကိစ္စတစ်ခုအဖြစ်သာ သဘောထားခဲ့ကြသည့် ဂျပန်ရုပ်သံဝေဖန်သူများသည်ပင် ယခုအခါ မည်သည့်အချိန်တွင် ဖြစ်လာမည်နည်းဆိုသည့် အချိန်ကာလအပိုင်းအခြားကို ငြင်းခုံဆွေးနွေးနေကြပြီ ဖြစ်သည်။
သို့သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးအရ ထိရှလွယ်မှုများ ကျန်ရှိနေသေးသောကြောင့် တာကာအီချီအနေဖြင့် သတိကြီးစွာ ဆက်လက်ကိုင်တွယ်ရဦးမည် ဖြစ်သည်။ အကယ်၍ သူမ၏ စီးပွားရေးချဲ့ထွင်မှု အစီအစဉ်များကြောင့် ငွေကြေးဖောင်းပွမှု ပိုမိုမြင့်တက်လာပါက သူမ အတွက် လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းမှာ ကျဉ်းမြောင်းသွားနိုင်ပါသည်။ သို့သော်လည်း တိုကျို၏ အခြေအနေအရပ်ရပ်မှာမူ သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဂျပန်နိုင်ငံ၏ နိုင်ငံတကာစံနှုန်းမီ ကာကွယ်ရေးရပ်တည်ချက်သည် ဘေဂျင်းအနေဖြင့် ထိုင်ဝမ်ကို ဦးတည်သည့် အကျပ်ကိုင်လှုပ်ရှားမှုများအပါအဝင် ဒေသတွင်း ၎င်း၏ အပြုအမူများကို ပြန်လည်သုံးသပ်ဖို့ ဖိအားများ ဖြစ်လာနိုင်သည်။
ယခုအချိန်အထိ တရုတ်နိုင်ငံသည် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး စီးပွားရေးနှင့် အဆင့်မြင့်ဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် ဂျပန်ကို ၎င်း၏ စစ်ရေးစွမ်းဆောင်ရည် အပြည့်အဝအသုံးမပြုနိုင်ရန် အခြေခံဥပဒေဖြင့် တားမြစ်ထားသည်ကို သိရှိထားသောကြောင့် စိတ်တိုင်းကျ အင်အားပြခွင့် ရရှိနေခဲ့သည်။
အာရှတွင် မည်သူကမျှ လက်နက်ပြိုင်ဆိုင်မှုကို မလိုလားကြသလို၊ စစ်ရေးအရ ပိုမိုစွမ်းဆောင်ရည်ရှိလာသော ဂျပန်သည် ၎င်းတို့၏ စစ်အတွင်း ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရသည့် ဒေသများ၊ အထူးသဖြင့် တရုတ်နှင့် ကိုရီးယားကျွန်းဆွယ်တို့တွင် နာကျင်စရာ အတိတ် ဇာတ် ကြောင်း များကို မလွဲမသွေ ပြန်လည်နှိုးဆွပေးလိမ့်မည်ဖြစ်သည်။ သို့သော် ယနေ့ခေတ် ဗျူဟာမြောက် ရွေးချယ်မှုများသည် လက်ရှိ ပထဝီနိုင်ငံရေး ပကတိအခြေအနေများအပေါ်တွင်သာ မူတည်ရမည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်များအတွင်း ကန့်သတ်ချက်များဖြင့် ဂျပန်၏ ရပ်တည်မှုသည် အမေရိကန်၏ အကျိုးစီးပွားအတွက် ဖြစ်နိုင်သော်လည်း ယခုအခါ ထိုသို့ မဟုတ်တော့။ မိမိတို့၏ အိမ်နီးချင်းဒေသ လုံခြုံရေးအတွက် တာဝန်ယူမှုနှင့် ကုန်ကျစရိတ်များကို ပိုမိုမျှဝေခံယူလိုသော ဂျပန်၏ ရပ်တည်ချက်ကိုထိုသို့လုပ်ဆောင်ရန် တွန်းအားပေးနေသည့် သမ္မတ ထရမ့်က ကြိုဆိုဖွယ်ရှိသည်။
အထူးသဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်လာနေချိန်တွင် အမေရိကန်၏ အင်အားမှာ အကန့်အသတ်ဖြစ်နေပြီး နိုင်ငံအတွင်း၌လည်း နိုင်ငံရေးအရ ကွဲပြားနေချိန်တွင် ဤအချက်သည် ပို၍ပင် အရေးကြီးလာသည်။ ဝါရှင်တန်အနေဖြင့် ဂျပန်၏ ပိုမိုကြီးမားသော ဗျူဟာမြောက် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိလာမှုကို ခေတ်သစ်ပကတိအခြေအနေများနှင့်အညီ လိုက်လျောညီထွေဖြစ်လာသည့် မဟာမိတ်ဆက်ဆံရေး၏ လက္ခဏာတစ်ခုအဖြစ် လက်ခံရမည်သာ ဖြစ်သည်။
အင်အားတောင့်တင်းသော ဂျပန်နိုင်ငံဖြစ်လာခြင်းသည် အရာအားလုံးအတွက် ကုထုံးတစ်ခုတော့ မဟုတ်။ အကယ်၍ အမျိုးသားရေးဝါဒ ရှေ့တန်းတင် ပြောဆိုမှုများ သို့မဟုတ် ရန်စသော လုပ်ရပ်များ ယှဉ်တွဲလာပါက ဒေသတွင်းကို တည်ငြိမ်စေမည့်အစား မငြိမ်မသက် ဖြစ်စေနိုင်ပါသည်။ ယင်းအစား တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော အင်အားကို ပြသနိုင်ရန်သာ ရည်မှန်းသင့်သည်။ ထိုသို့ဖြစ်ရန်အတွက် တိုကျို၏ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်မှု၊ ဝါရှင်တန်၏ စည်းကမ်းစနစ်ကျမှုနှင့် မဟာမိတ်နှစ်နိုင်ငံကြား နီးကပ်သေချာသော ပူးပေါင်းညှိနှိုင်းမှုတို့ လိုအပ်မည်ဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲတွင် မစ္စက် တာကာအီချီ အနိုင်မရမီကတည်းက မစ္စတာထရမ့်က သူမကို "အပြည့်အဝ ထောက်ခံကြောင်း" ပြောကြားခဲ့ဖူးသည်။ ဝါရှင်တန်တွင် ခိုင်မာသော စည်းလုံးညီညွတ်မှု ပြသနိုင်မှသာ ထွက်ပေါ် လာမည့် ပကတိအခြေအနေများကို ဘေဂျင်းအနေဖြင့် ရှင်းရှင်းလင်းလင်း သိရှိသွားမည် ဖြစ်သည်။
ကမ္ဘာ့အပြောင်းအလဲများက ဂျပန်ကို ၎င်းတွင်ရှိပြီးသား အင်အားထက် ပိုမိုလုပ်ဆောင်ဖို့ လိုသည့် လမ်းကြောင်းသို့ တွန်းပို့နေပြီးဖြစ်သောကြောင့် အဓိက ထွက်ပေါ်လာသည့် မေးခွန်းသည် ဂျပန်သည် ထိုကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲကို ဝါရှင်တန်နှင့် အတူ ဒေသတွင်း၌ မည်သို့မည်ပုံ စီမံခန့်ခွဲကိုင်တွယ်သွားမည်နည်း ဆိုသည်သာ ဖြစ်သည်။
တင်းမာသည့် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားဖြစ်သော မစ္စက် တာကာအီချီ သည် သူမ၏ ဝါရှင်တန် ခရီးစဉ် အတွင်း ခက်ခဲသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒကျင့်သုံးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာမကဘဲ၊ လူထု၏ ပြင်းထန်သော ကန့်ကွက်မှုများကြောင့်လည်း အကျပ်ရိုက်နေရသည်။ အာဆာဟိရှင်ဘွန်း (Asahi Shimbun) သတင်းစာ၏ လတ်တလော လူထုသဘောထားစစ်တမ်းအရ ဂျပန်ပြည်သူ ၉ ရာခိုင်နှုန်းသာ အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုကို ထောက်ခံကြသည်။
ထို့သို့ သော အ ခြေ အ နေများ ကြောင့် စစ်ပွဲအတွင်း ပါဝင်ပတ်သက်ခြင်း မရှိစေဘဲ ထရမ့် အပေါ် ထောက်ခံမှုပြသနိုင်မည့် နည်းလမ်းကို ရှာဖွေရမည့် သိမ်မွေ့နက်နဲသော လုပ်ငန်းတာဝန်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
(၂၀၂၆ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ နယူး ယောက် တိုင်းမ် သတင်းစာပါ Joshua Walker ၏ "Sanae Takaichi’s Rise Changes the Game for China" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)