အီကောနော်မစ် က ပြောသော မြန်မာ အခြေအနေ

by Hla Soewai - Mar 29 2026

ရုပ်သေး လွှတ်တော်သည် လူထု လက်ရှိကြုံတွေ့နေရသော ပြဿနာ တခုတလေမျှ ဖြေရှင်း နိုင်လိမ့်မည် မဟုတ်ဆိုကာ အစချီ ရေးသားလာခဲ့သည်။

 

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများသည် စုံဂဏန်းကျသည့် ရက်များတွင် သိသိသာသာ လျော့ကျသွားခဲ့သည်။ ယခုလတွင် စတင်လိုက်သည့် စက်သုံးဆီချွေတာရေး အစီအစဉ် များကြောင့် လိုင်စင်နံပါတ် ၂၊ ၄၊ ၆ ၊ ၈ နှင့် စသည့် ကားများကိုသာ မောင်းနှင်ခွင့်ပြုထား၍ ဖြစ်သည်။

 

နံပါတ် ၈ နှင့် စသော ကားများသည်က မြန်မာပြည်တွင်းမှာပင် အစိတ်အပိုင်းတွေ တပ်ဆင်ထုတ်လုပ်ထားသည့် Semi-Knocked Down SKD ကားများ အတွက် သီးသန့် သတ်မှတ်ထားခြင်း ဖြစ်ပြီ အရေအတွက် အားဖြင့်လည်း များများစားစား မရှိ။ ထို့အတွက် ကြောင့်လည်း လမ်းပေါ်ထွက်ခွင့်ရသည့် မဂဏန်းရက် များ နှင့် ယှဉ်လျင် စုံဂဏန်းရက် များတွင် ခရီးသွားလာရသည်က ပိုပြီး မြန်ဆန်ချောမွေ့နေခြင်း ဖြစ်သည်။

 

အရှေ့အလယ်ပိုင်း စစ်ပွဲ ကြောင့် ထိတ်လန့်တကြား စီမံ လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကလည်း မြန်မာနိုင်ငံ၏ ဒေသအချို့ကို စက်သုံးဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ထားပြီးသား ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ မှ ဆီတင်ပို့မှု လျော့နည်းသွားသည် ကလည်း အခြေအနေများ ကို ပိုမိုဆိုးရွားစေခဲ့ပြီး အရင်ကတည်းက မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ကို ပို၍ပင် တွန်းတင် ပေးလိုက်သလို ဖြစ်လာခဲ့သည်။

 

လက်ရှိ ရန်ကုန်တွင် အဓိက ပြောဆိုဆွေးနွေးကြသည်က နိုင်ငံ၏ နယ်စပ်တောင်တန်းဒေသများနှင့် ကျေးလက်ဒေသများကို အလဲလဲအကွဲကွဲ ဖြစ်စေခဲ့သည့် ပြည်တွင်းစစ် အရေးထက် စားဝတ်နေရေး စရိတ်စကများ ကြီးမြင့်လာသည့် အကြောင်းများ ဖြစ်လာခဲ့သည်။ ရန်ကုန်အပါအဝင် မြို့ကြီးအများစုကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားသည် ဆိုသော်လည်း ထို မြို့ပြဒေသများသည် အိမ်နီးချင်းနိုင်ငံ များ နှင့် အဆက်အသွယ် ပြတ်တောက်နေသည်။ 

 

ထိုင်းနိုင်ငံနှင့် ကုန်စည်စီးဆင်းမှု၊ လူအဝင်အထွက်များ အတွက် ကုန်းလမ်းကို အသုံးပြုလို့ရနိုင်သေးသည် ဆို သော် လည်း ခရီးလမ်းက အန္တရာယ်များလှသလို လမ်းခရီးတစ်လျှောက် စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးကို ဆက်ကြေးပေးဆောင်နေရ ခြင်းသည်လည်း သွင်းကုန်ဈေးနှုန်းများ မြင့် တက်လာရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

 

ထို အခြေအနေများကို တုံ့ပြန်သည့် အနေနှင့် စစ်အုပ်စုသည် ပြည်ပသွင်းကုန်အစားထိုးရေး လုပ်ငန်းစဉ်တွေကို အားပေးမြှင့်တင်လာသည်။ စူပါမားကတ်များရှိ စင်များပေါ်တွင် နိုင်ငံတကာ အမှတ်တံဆိပ် ပစ္စည်းများ ပျောက်ကွယ်သွားပြီး ပြည်တွင်းဖြစ် အစားထိုးပစ္စည်းတွေက နေရာယူလာသည်ကို တွေ့လာရသည်။ နှစ်ရှည်ဝါရင့် သံတမန်တစ်ဦး၏ အဆိုအရ ရုရှားစစ်တက္ကသိုလ် များတွင် နှစ်စဉ် သွားရောက်ပညာသင်ကြားနေသည့် စစ်အရာရှိ ၃၀၀ ခန့်သည် စစ်ဗျူဟာများ သာ မဟုတ်တော့ဘဲ အခြားအရာများကိုပါ သင်ယူလာကြရသည်ဟု ဆိုသည်။ ဤသို့ဖြင့် ရုရှားသမ္မတ ပူတင်၏ စီးပွားရေး စီမံခန့်ခွဲမှုပုံစံ Putinesque ideas များကို ပြည်တွင်းသို့ ပြန်လည်သယ်ဆောင်လာကြသည်။ ၎င်းတို့ အဖို့က တိုင်းပြည် ချမ်းသာကြွယ်ဝဖို့ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရမည့် စီးပွားရေးစနစ် Autarky ကို ပိုပြီး အကြိုက်တွေ့လာခဲ့ကြသည်။

 

ထို အခြေအနေ များသည် မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အသစ်ရွေးကောက်ခံ လွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေး၏ နောက်ခံအကြောင်းတရားများပင် ဖြစ်သည်။

 

အတိုက်အခံများ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ဟန်ပြ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာသည့် အဆိုပါ လွှတ်တော်မှ မတ်လ ၃၀ တွင် နိုင်ငံ၏ သမ္မတ ကို တရားဝင် ခန့်အပ်သွားရမည် ဖြစ်သည်။ လက်ရှိ "ဗိုလ်ချုပ်မှူးကြီး" မင်းအောင်လှိုင် သာလျှင် ဆက်ပြီး အာဏာကို ချုပ်ကိုင်ထားမည် ဆိုသည်ကို လူတိုင်း သိထားကြပြီး ဖြစ်သော်လည်း ၎င်း ဘယ်လို ရာထူးနေရာ မျိုးကို ရယူမလဲဆိုသည် ကတော့ ဝေခွဲမရဖြစ်နေဆဲပင်။

 

လေ့လာစောင့်ကြည့်သူများကတော့ ၂၀၂၁ ခုနှစ် မှ စပြီး ယခုထက်ထိ တက်ရောက်ခွင့် မရရှိသေးသည့် နိုင်ငံတကာ ထိပ်သီးအစည်းအဝေးများကို တက်ရောက်နိုင်ဖို့အတွက် ၎င်းသာလျင် သမ္မတ ရာထူးယူချင်နေသည်ဟု ယူဆထားကြသည်။ တစ်ဖက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ် ရာထူးကို စွန့်လွှတ်လိုက်ရ မည် ဆိုက သူ့နေရာကို အာဏာလုယူမည့်သူ ပေါ်ထွက်လာမည့် အရေး ကိုလည်း စိုးရိမ်နေပုံရသည်။

 

မိုးရာသီ နီးကပ်လာသည် နှင့် အမျှ စစ်တပ်သည် ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည်။ ရုရှား ဗုံးကြဲလေယာဉ်များ၊ ရဟတ်ယာဉ် များ အပြင် တဦးချင်းမောင်းနှင်ပြီး လက်နှင့် ကိုင်၍ ဗုံးကြဲချ၍ရသည့် ပြည်တွင်းဖြစ် ပါရာဂလိုက်ဒါ များဖြင့် တော်လှန်ရေးအဖွဲ့များ အပေါ် စစ်တပ်က အသာစီးရလာခဲ့သည်။ နောက်ထပ်အချက်တခုသည်က အရာရှိများသည် ၎င်းတို့ လက်အောက်ခံ စစ်သား များ ကို စိတ်ကြွရူးသွပ် စေသည့် ဆေးပြားများ ကျွေးထားခြင်း ဖြစ်သည်။

 

အခက်အခဲပေါင်းစုံ ရှိနေလင့်ကစား ရန်ကုန်သည် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများနှင့် အလှမ်းဝေးကွာနေဆဲ ဖြစ်သည်။ ငွေကြေးချမ်းသာသူ များ အတွက် အဆင်ပြေနေဆဲ ပင်။ ရှာဖွေရခက်သည့် လူသုံးကုန်ပစ္စည်း များကို အိတ်ကြီး အိတ်ငယ်များ နှင့် သယ်ဆောင်လာသည့် "သယ်ယူပို့ဆောင်ရေးသမား Mules" များသည် ပြည်တွင်းသို့ ဝင်ရောက်လာသည့် လေယာဉ်များ ပေါ်တွင် ပြည့်နှက်နေသည်။ 

 

သို့ပေသိ အောက်ခြေ လူတန်းစားများ အတွက်ကတော့ လူမှုစီးပွားအခြေအနေ များသည် ပို၍ ဆိုးရွားလာ နေသည်။ အမှိုက်ပုံများ ကြား လျှောက်သွားနေသည့် ခြေဗလာနှင့် ကလေးငယ်များ၊ ပုပ်စော်နံနေသည့် ချောင်းမြောင်းတွေထဲမှ ပြန်၍ အသုံးပြုလို့ရမည့် အမှိုက်များကို ရှာဖွေနေကြရသည် အဆိုပါ ကလေးများ၏ မိဘများ အတွက်တော့ ဘဝသည် တဖြည်းဖြည်းနဲ့ ပိုမို ဆင်းရဲ နစ်မွန်း လာနေပြီ ဖြစ်သည်။ လွန်ခဲ့တဲ့ ၅ နှစ် စစ်တပ် အာဏာသိမ်းချိန်တွင် လူဦးရေ၏ လေးပုံတစ်ပုံခန့်သာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတာဖြစ်ပြီး ယခု အခါတွင် တော့ လူဦးရေ၏ ထက်ဝက်လောက်အထိ ဖြစ်လာခဲ့ခြေပြီ။

 

ရန်ကုန်ရှိ လူငယ်တော်တော်များများသည် ပြည်ပကို ထွက်ခွာဖို့ အိပ်မက်မက်နေကြသည်။ သို့သော် အမေရိကန်နှင့် ဗြိတိန် တို့က မြန်မာကျောင်းသားများအား ဗီဇာထုတ်ပေးခြင်းကို မကြာသေးမီက ရပ်ဆိုင်းခဲ့ကြသည်။ ထို့ကြောင့် အချို့က ဂျပန်စာကို အစားထိုးသင်ယူနေကြပြီး တိုကျို သို့မဟုတ် ကျိုတိုမြို့ကြီးများရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ များတွင် အလုပ်သမားများ အဖြစ် သွားရောက်လုပ်ကိုင်ဖို့ မျှော်လင့်နေကြသည်။ အခြားအခွင့်အလမ်းများ ကတော့ စိတ်ဝင်စားစရာ သိပ်မကောင်းလှ။ ဤသည်ကလည်း ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း များ၊ သို့ မဟုတ် စင်ကာပူတွင် သွားရောက်လုပ်ကိုင်ရမည့် လိင်ဖျော်ဖြေရေးလုပ်ငန်းများ ဖြစ်နေသော ကြောင့်ပင်။

 

ရန်ကုန်မှ ထွက်ခွာနိုင်မည့် နည်းလမ်းရှာနေကြသူများ၏ နေရာတွင် စစ်မီးတောက် မီးလျှံများကြားမှ ရုန်းထွက်လာသူများက အစားထိုးဝင်ရောက်လာနေကြသည်။ နယ်စပ်ဒေသများမှ စစ်ဘေးရှောင်လာကြသူ များသည် မြို့ပေါ် တွင် ရှိသည့် ၎င်းတို့၏ လူမျိုးစုဝင်များထံ လာရောက်ခိုလှုံနေကြ သည့် အတွက် ရန်ကုန်သည်အရင်ကထက်ပိုပြီး လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ လင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာနေသည်။

 

စစ်ခေါင်းဆောင်ပိုင်းအနေနှင့် ၎င်းတို့၏ အဓိကရည်မှန်းချက်ဖြစ်သည့် "တိုင်းရင်းသား စည်းလုံးညီညွတ်ရေး" ကို ထိုနည်းမျိုးဖြင့် အကောင်အထည် ဖော်နိုင်ကောင်း ဖေါ်နိုင်ဖွယ်ရှိလာသည်။ 

 

သို့ပေသိ တလွဲ ဖြစ်လာရသည်က ၎င်းတို့ အပေါ် ထားရှိသည့် "မုန်းတီးမှု" အောက်မှာပင် တနိုင်ငံလုံးကို စည်းလုံးသွားစေခဲ့သည့် ကံကြမ္မာ၏ လှည့်စားမှု ပင် ဖြစ် ပေတော့ သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

(၂၀၂၆ မတ် ၁၉ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် "Life in Myanmar’s biggest city is increasingly grim" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)