စဉ်းစားဖို့တော့ လိုလာသည်

by Hla Soewai - Mar 23 2026

စစ်အုပ်စု က တော်လှန်ရေး သမား ၅၀၀ ကျော် လက်နက်ချခဲ့ကြောင်း မန္တလေး နန်းတော်ဝင်းအတွင်းရှိ စစ်စခန်းတွင် ပြုလုပ်ခဲ့သည့် လက်နက်စွန့်လွှတ်ခြင်း အခမ်းအနားတစ်ခုအတွင်း ထုတ်‌ ဖေါ် ပြောဆိုခဲ့သည်။။ AFP သတင်းထောက်သည် သေနတ်များ၊ ကျည်ဆန်များနှင့် ကျည်အိမ်များ စုပုံတင်ထားသည့် စားပွဲရှေ့တွင် လူပေါင်း ရာနှင့်ချီ၍ စုဝေးနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

 

သို့သော် ကွင်းထဲသို့ စုဝေးရောက်ရှိလာသူ များသည် အမြီး အမောက် မတည့် ပြောက်ကျားစစ်ဝတ်စုံ အမျိုးမျိုး နှင့် အရောင် ခပ်မှိုင်းမှိုင်း ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အများစု၏ ဝတ်စုံများပေါ်တွင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တံဆိပ်များကို ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။

 

မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စစ်တပ်၏ ထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့သည်။ ၎င်းက "ကျွန်တော်တို့ PDF တွေ ဒီလိုအရေအတွက်အများကြီးနဲ့ စစ်တပ်ဆီမှာ လက်နက်ချတဲ့ ဖြစ်စဉ်မျိုး လုံးဝမရှိပါဘူး" ဟု ပြောကြားခဲ့ပြီး၊ ဤဖြစ်ရပ်သည် ဝါဒဖြန့်ရန်အတွက်သာ ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။

 

စစ်အုပ်စု အဖို့က ၎င်းတို့ လိမ်ညာ ပြုလုပ်ထားသော ရွေးကောက်ပွဲ နှင့် လွှတ်တော် ပေါ်ပေါက် လာခြင်း၏ ရလ‌ဒ် အဖြစ် မဖြစ်မနေ ဝါဒ ဖြန့်ချီရန် လိုအပ်လာ၍ ဖြစ်သည်၊ နောင်လည်း ဆက်လုပ်ကြဦးမည်သာ ဖြစ်သည်။

 

ထိုသို့ တကယ်တမ်း ဖြစ်လာမည် ဆိုက မိမိတို့ တွင် ကော တာဝန် ကင်းပါ၏ လော ဟု ပြန်မေးရမည်သာ ဖြစ်သည်။ အွန်လိုင်းပေါ်မှ အမျိုးသား ညီညွတ်ရေး အစိုးရ ကို ပေါက်ပန်း လေးဆယ် အကြောင်းရှာကာ တိုက်ခိုက်နေကြသည်၊ သမာယိုးကျ လမ်း အတိုင်း ပြောနေဆိုနေက လူ စိတ်ဝင်စားမှု မရှိ၊ ဖေါ်လိုဝါး များမည် မဟုတ်ဟု ဆိုကာ စားပေါက် ထွင်လာကြခြင်းသာ ဖြစ်သည်။ 

 

၎င်းတို့သည် တော်လှန်ရေးအင်အားစုအတွင်းရှိ ဦးဆောင်မှု ပေးနေသူ များ အပေါ် ဆီလို အပေါက်ရှာ ပြောဆိုနေကြခြင်း ဖြစ်ပြီး ၊ ၎င်းတို့၏ လုပ်ရပ်များသည် စစ်မြေပြင်တွင် အမှန်တကယ် တော်လှန်တိုက်ခိုက် နေကြသူများ စိတ်ဓါတ် မကျ ကျအောင်၊ မျှော်လင့်ချက် မဲ့ အောင် လုပ်နေသလို ဖြစ်လာသည်။

 

၎င်းတို့ အပြောကြောင့် NUG သည် မည်သို့မျှ မဖြစ်၊ ရုရှား၊ တရုတ်လုပ် ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ တပ်ဆင်ထားသော စစ်အုပ်စု ကို ဆက်၍ တိုက်ပွဲ ဝင်သွားမည်သာ ဖြစ်သည်။

 

NUG သည် တော်လှန်ရေး အစိုးရ ဖြစ်သည်။ တော်လှန်ရေး အတွက် ဦးတည် လှုပ်ရှားနေရခြင်း ဖြစ်၍ လွန်စွာ လျို့ဝှက် ကြရသည်။ မည်သို့မျှ ပွင့်လင်းမြင်သာ အောင် လုပ်၍ မရ။

 

ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ဘက်ဆိုင်ရာ မူဝါဒ၊ ဘတ်ဂျက်၊ လက်နက်ခဲယမ်း ထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုတို့ကို တာဝန်ယူသည်။ ဗဟိုကွပ်ကဲရေးနှင့် ပူးပေါင်းညှိနှိုင်းရေးကော်မတီ (C3C) ကို ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည်။

 

မြေပြင်စစ်ဆင်ရေးများကို မဟာမိတ်အင်အားစုများနှင့်အတူ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် ပူးတွဲစစ်ဆင်ရေးကော်မတီ (JOC)ကို ဖွဲ့စည်းထားခဲ့သည်။

 

မြောက်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ စသည်ဖြင့် သတ်မှတ်ပြီး စစ်ဒေသတစ်ခုစီတွင် စစ်ဒေသကွပ်ကဲရေးမှူး များ ထားရှိသည်။ စစ်ဒေသတစ်ခုစီ၏ အောက်တွင် ခရိုင်အလိုက် PDF တပ်ရင်း များကို စနစ်တကျ ဖွဲ့စည်းထားရှိသည်။

 

စစ်ရေးစွမ်းရည် ပြည့်ဝစေရန် တိုက်ခိုက်ရေးတပ်ဖွဲ့များအပြင် ရန်သူ့သတင်းအချက်အလက်များကို စုဆောင်းရန် စစ်ထောက်လှမ်းရေး၊ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် လိုအပ်သော ပစ္စည်းများကို စဉ်ဆက်မပြတ် ပို့ဆောင်ရန် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ တည်ဆောက်ထားခြင်း၊ တပ်ဖွဲ့များအကြား လုံခြုံစိတ်ချရသော ဆက်သွယ်မှု စနစ်များ တည်ဆောက်ခြင်း၊ တိုက်ပွဲဝင် ရဲဘော်များအတွက် ရှေးဦးသူနာပြုနှင့် ဆေးကုသမှု ပေးနိုင်ခြင်း တို့ ပြုလုပ်နိုင်ခဲ့သည်။

 

NUG သည် ပုံမှန်တပ်မတော် (PDF) အပြင် ဒေသအလိုက် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ - LDF) များနှင့်လည်း ချိတ်ဆက်လုပ်ဆောင်သည်။ ၎င်းတို့သည် မိမိတို့ဒေသ၏ လုံခြုံရေး၊ သတင်းနှင့် ထောက်ပံ့ရေးတို့ကို အဓိက တာဝန်ယူထားကြသည်။

 

ဤသည်ကို ကြည့်လျင်ပင် တော်လှန်ရေး အစိုးရ NUG သည် စစ်အာဏာရှင် များကို အမြစ် ဖြတ် နိုင်မည့် တာဝန်ကို ဦးလည် မသုံ ထမ်းရွက်လျက် ရှိ‌နေသည် ဆိုသော သာဓက များပင် ဖြစ်သည်။

 

ပြဿနာ တခု ရှိနေသည်က ယုံကြည်စိတ်ချရသော လူများ ခေါ်သွင်းရာတွင် အခက်အခဲများ ရှိနေသည်ဟု သိရသည်၊ ယုံကြည်စိတ်ချရသူ ဟု ယူဆခံထားရသူများကလည်း ဝင်လုပ်သည် အထိ မပါဝင်လိုကြ၊ အချို့မှာအရည်အချင်း ရှိသည် ဆိုသော်လည်း တင်းပြည့် ကျပ်ပြေ့ ယုံကြည်စိတ်ချရမှု မရှိ ဖြစ် နေပြန်သည်။

 

မိမိတို့ အထဲမှ လူများကိုသာ မဖြစ်မနေ တာဝန်ပေးလာရ၍ အကျိုးစီးပွားခြင်း ပဋိပက္ခ ဖြစ်လာမှု များ ထွက်ပေါ်လာရခြင်း ဖြစ်သည်။

 

ကရင်နီ ဒေသတွင် တော်လှန်ရေး အား တတ်နိုင်သည့်သမျှ ပညာရေး ဖက်တွင် ကူညီပေးနေသော အမေရိကန် နိုင်ငံသား မိုက်ကယ် စလဒ်နစ် က ၎င်း၏ podcast အင်တာဗျူးတွင် ယခုလို ပြောသွားခဲ့သည်။

 

တော်လှန်ရေး၏ အရေးကြီးဆုံးသော အပိုင်းသည် ထိပ်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေးအရ အပေးအယူ အားပြိုင်မှုများ မဟုတ်ဘဲ ကျေးရွာများ၊ မြို့ပြများနှင့် စစ်ဘေးရှောင်စခန်းများရှိ သာမန်ပြည်သူများက ဒီမိုကရေစီ ကျင့်ထုံးများကို ဖြည်းဖြည်းချင်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြခြင်းသာ ဖြစ်သည်။

 

၎င်း၏အမြင်အရ စစ်ပွဲနှင့် ဖိနှိပ်မှုများကြောင့် နေ့စဉ်ဘဝများသည် အတိဒုက္ခရောက်ကာ မရေမရာ ဖြစ်နေသော်လည်း၊ ထိုကဲ့သို့သော ပြင်းထန်သည့် ဖိအားများအောက်တွင် နိုင်ငံသားတို့၏ လူမှုဘဝများ၊ နိုင်ငံရေးအသိပညာများနှင့် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှုများ တိုးပွားကျယ်ပြန့်လာခြင်းသည်ပင် တော်လှန်ရေး လှုပ်ရှားမှု၏ အဓိက အားသာချက် ဖြစ်ပေသည်။

 

လက်ရှိ တော်လှန်ရေးအင်အားစုများ၏ အခြေအနေနှင့် ပတ်သက်၍ စလတ်ဒ်နစ်က အရှိကို အရှိ အတိုင်း ပွင့်လင်းရိုးသားစွာ တင်ပြသွားခဲ့သည်။ 

 

ပင်ပန်းနွမ်းနွယ် မှုများနှင့် ချို့တဲ့မှုများအကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အကြား ရန်ပုံငွေများ အကန့်အသတ် နှင့်သာ ရနေခြင်း၊ ရိက္ခာများ မလုံ‌ လောက်သည့် ကြားမှ လေ့ကျင့်နေရပုံများအကြောင်း၊ စစ်ဘေးရှောင်များမှာ အခြေခံစားသောက်ကုန်များပင် လိုအပ်နေပုံများနှင့် လူထုအတွင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပျောက်ဆုံးခြင်းများကြောင့် စိတ်သောကရောက်နေရပုံများအကြောင်း များကို ပြောဆိုသွားခဲ့သည်။

 

သို့သော် ထိုကဲ့သို့သော အခြေအနေများကြားတွင်ပင် ၎င်းက အလေးအနက် ထောက်ပြသွားသည်မှာ "အထူးသဖြင့် ဒီလိုကျေးလက်ဒေသကလူတွေထဲမှာ လက်လျှော့လိုက်တဲ့သူ၊ စိတ်ကုန်သွားတဲ့သူ ဒါမှမဟုတ် တော်လှန်ရေးကနေ ထွက်သွားတဲ့သူ တစ်ယောက်မှ ကျွန်တော် မတွေ့မိဘူး" ဟူ၍ ဖြစ်သည်။

 

အဓိကအချက်မှာ လူထုအနေဖြင့် ပင်ပန်းနွမ်းနယ်နေသလား ဆိုသည်မှာ အရေးမကြီးဘဲ (အမှန်တကယ်လည်း ပင်ပန်းနေကြပါသည်)၊ လက်နက်ချလိုက်ခြင်းက သူတို့အတွက် လုံခြုံမှုနှင့် တည်ငြိမ်မှုကို ပေးနိုင်လိမ့်မည်ဟု ယုံကြည်သလား ဆိုသည်ကသာ အဓိကဖြစ်သည်။ ၎င်း တွေ့ခဲ့သမျှ ထဲတွင် မည်သူမျှ ထိုသို့မယုံကြည်ကြဟု စလတ်ဒ်နစ်က အခိုင်အမာဆိုသည်။

 

၎င်း တွေ့ကြုံရသူ မည်သူတစ်ဦးတစ်ယောက်ကမျှ စစ်အုပ်စု၏ လွှတ်‌ တော် အား ပြုပြင်ပြောင်းလဲရေး သို့မဟုတ် တရားဝင်မှု ရှိသည်ဟု မရှုမြင်ကြ။ ထို့ပြင် လွှတ်တော်သည် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ၊ အဓမ္မစစ်သားစုဆောင်းမှုများနှင့် ဖိနှိပ်မှုများနှင့်အတူ တစ်ချိန်တည်းတွင် ပေါ်ပေါက်လာခြင်းကြောင့် လက်ရှိ စစ်အုပ်ချုပ်ရေးအောက်တွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မဖြစ်နိုင်တော့ဟူသော ယုံကြည်ချက်ကို ပိုမိုခိုင်မာစေသည်ဟု ဆိုသည်။

 

“မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ပိုပြီးသိရှိလိုသူတွေနဲ့ မြန်မာ့အရေးကို ကူညီပံ့ပိုးပေးလိုသူတိုင်း မိမိတို့ဒေသအသီးသီးမှာရှိတဲ့ မြန်မာပြည်ပရောက် လူမှုအသိုင်းအဝန်း အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တကယ်ကိုပဲ ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နေကြလို့ပါပဲ။" ဟု စလဒ်နစ်က တိုက်တွန်း ပြောဆိုသွားခဲ့သည်။

 

ဤသည်က တော်လှန်ရေး တွင် ထဲထဲဝင်ဝင် ပါဝင်ကူညီနေသည့် ပြည်ပ နိုင်ငံသားတဦး၏ အမြင် ပင် ဖြစ်သည်။

 

ပြည်သူတို့ တရားသော စစ် မုချ အောင်ရမည်!!!