သောကြာနေ့တွင် အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် ဝန်ကြီးချုပ် စာနာအေး တာကာအီချီ တို့ တွေ့ဆုံမှုသည် ဂျပန်တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။ သို့သော် အဓိက အာားဖြင့် ၎င်းတို့ နှစ်ဦး ဆွေးနွေး သဘောတူညီခဲ့ကြသည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ သို့မဟုတ် ပထဝီနိုင်ငံရေး ကိစ္စရပ်များအပေါ်တွင် မဟုတ်ဘဲ ထရမ့်၏ ပုလဲဆိပ်ကမ်း နှင့် ပတ်သက်သော ပြက်လုံး ကြောင့် ဖြစ်သည်။
ကြာသပတေးနေ့က ဘဲဥပုံ ရုံးခန်း အတွင်း အီရန်အပေါ် တိုက်ခိုက်မည့်အစီအစဉ်ကို ဂျပန်အား ကြိုတင်အကြောင်းမကြားခဲ့သည့် အကြောင်းရင်းကို ရှင်းပြနေစဉ် သမ္မတက ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။
ဘေးတွင် ဝန်ကြီးချုပ် တာကာအီချီ ထိုင်နေစဉ်အတွင်း ၎င်းက "ကျွန်တော်တို့က အငိုက်ဖမ်းတိုက်ချင်တာဗျ၊ အငိုက်ဖမ်းတိုက်တဲ့အကြောင်းကို ဂျပန်ထက် ပိုသိတဲ့သူ ဘယ်သူရှိဦးမလဲ၊ ဟုတ်တယ်မလား။ ခင်ဗျားတို့လည်း ပုလဲဆိပ်ကမ်းအကြောင်း ကျွန်တော့်ကို ကြိုမပြောခဲ့ဘူးလေ၊ ဟုတ်တယ်မလား" ဟု ပြောဆိုခဲ့သည်။
အခန်းထဲရှိ အရာရှိများနှင့် သတင်းထောက်များထံမှ ရယ်သံအချို့ ကျိုးတို့ကျဲတဲ ထွက်ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ် တာကာအီချီသည် မျက်လုံးအဝိုင်းသားဖြင့် ထိုမေးခွန်းကို မေးမြန်းခဲ့သော ဂျပန်သတင်းထောက်ရှိရာဘက်သို့ လှည့်ကြည့်ခဲ့သည်။ သူမသည် မည်သည့်စကားမျှ မဆိုဘဲ လက်ပိုက်လျက်သာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
ဂျပန် ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ဝေဖန်သုံးသပ်သူ အတော်များများမှာ အံ့အားသင့်တုန်လှုပ်သွားခဲ့ကြသည်။ အချို့က ဒုတိယကမ္ဘာစစ်အတွင်းက နာကျင်စရာကောင်းသော အခန်းကဏ္ဍတစ်ခုကို ထရမ့်အနေဖြင့် ယခုကဲ့သို့ ပေါ့ပေါ့တန်တန် ပြန်လည်ဖော်ထုတ် မပြောဆိုသင့်ကြောင်း ဝေဖန်ခဲ့ကြသည်။ အချို့ကမူ ဝန်ကြီးချုပ် တာကာအီချီဘက်မှ ပြန်လည်တုံ့ပြန်ပြောဆိုသင့်ကြောင်း ဆိုကာ သူမအပေါ် ဒေါသထွက်ခဲ့ကြသည်။ ကျန်ရှိနေသူများကမူ ဤဖြစ်ရပ်ကြောင့် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။
TV Asahi ရုပ်သံလိုင်းမှ ဝေဖန်သုံးသပ်သူ တိုရု တာမာဂါဝါ က နံနက်ခင်းအစီအစဉ်တစ်ခုတွင် ဤမှတ်ချက်သည် "သမ္မတထရမ့်၏ စိတ်ပျက်စရာကောင်းသော အချက်တစ်ချက်" ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ဂျပန်ဝန်ကြီးချုပ် တယောက်လုံး သူ့ဘေးမှာ ထိုင်နေတယ်ဆိုတာကို အလေးအနက်ကို မထားတာဗျ" ဟု ၎င်းက ပြောကြားခဲ့သည်။
တိုကျိုတက္ကသိုလ်မှ ဂျပန်နိုင်ငံရေးပါမောက္ခ အီဇုရု မာကီဟာရာ ကမူ အင်တာဗျူးတစ်ခုတွင် ဂျပန်လူမျိုးအများစုမှာ ဤပြက်လုံးကို ထရမ့်၏ ထုံးစံအတိုင်း လွန်လွန်ကဲကဲ ပြောဆိုမှုတစ်ခုအဖြစ်သာ သဘောထားပြီး လျစ်လျူရှုထားကြလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ၎င်းက ဆက်လက်၍ "ဒါဟာ လုံးဝကို မပြောသင့်တဲ့အရာမျိုးပါ။ သူဟာ နောက်ဆိုရင် 'ဟီရိုရှီးမားနဲ့ နာဂါဆာကီ ကိစ္စတွေက အဆင်ပြေခဲ့တာပဲ မဟုတ်လား' ဆိုတာမျိုးတွေပါ လျှောက်ပြောလာနိုင်ပါတယ်။ ဂျပန်လူမျိုးတွေအနေနဲ့တော့ ဒါမျိုးကို လက်ခံနိုင်မှာ မဟုတ်ပါဘူး" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် နေ့ တွင် အမေရိကန် ကို ဒုတိယကမ္ဘာစစ်အတွင်းသို့ ဆွဲသွင်းခဲ့သည့် ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုအပေါ် ရှုမြင်ပုံမှာ အမျိုးမျိုး ဖြစ်နေသည်။ အချို့သော အမျိုးသားရေးဝါဒီများနှင့် ဂျပန်လူဟောင်းကြီးများကမူ ထိုတိုက်ခိုက်မှုသည် အမေရိကန်၏ သံတမန်ရေးရာ ဖိနှိပ်ချုပ်ချယ်မှုများအပေါ် မလွှဲမရှောင်သာဘဲ တုံ့ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ခုခံကာကွယ်ပြောဆိုကြပြီး စစ်ပွဲဖြစ်ပွားမှုကို ရှောင်လွဲ၍မရနိုင်သော အခြေအနေအဖြစ် ဖော်ပြကြသည်။
စစ်ပြီးခေတ်ကာလတွင် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းရေးဝါဒ ကို တရားဝင်ကျင့်သုံးလာသည်နှင့်အမျှ မျက်မှောက်ခေတ် ဂျပန်လူငယ်များကြားတွင်မူ ထိုဖြစ်ရပ်ကို မိမိတို့နှင့်မသက်ဆိုင်သည့် ဝေးကွာလွန်းသော အတိတ်တစ်ခုအဖြစ် ရှုမြင်ကြခြင်း သို့မဟုတ် သတိမမူမိကြခြင်းတို့ကြောင့် ပုလဲဆိပ်ကမ်းအရေး စိတ်ဝင်စားမှုမှာ လျော့နည်းလာခဲ့သည်။
အမေရိကန်သမ္မတ အဆက်ဆက် သည် ယဉ်ကျေးသမှု အရ ပုလဲဆိပ်ကမ်းအရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုမှုများကို ရှောင်ကြဉ်လေ့ရှိသည်။ ထို့အတွက် ကြောင့်လည်း ထရမ့်၏ အပြောကို ဂျပန်ပြည်သူအများအပြား အံ့အားသင့် သွား ခဲ့ကြရခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း ထရမ့်၏ အမြင်ကြည်လင်မှုရရှိစေရန် အစွမ်းကုန်ကြိုးပမ်းခဲ့သည့် မစ္စက် တာတာကာအီချီသည် ထိုပြက်လုံးအပေါ် တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသည့်အပြင် သမ္မတ၏ မျက်နှာသာရရန် ကြိုးပမ်းအားထုတ်မှုများကြောင့်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ကြာသပတေးနေ့ ညစာစားပွဲတွင် သူမသည် မစ္စတာထရမ့်၏ ရုပ်ရည်သွင်ပြင်ကို ချီးကျူးစကားဆိုခဲ့သည်။ ထို့အပြင် ထိုနေ့အစောပိုင်းတွင်လည်း သူမက "ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တာ ၊ ရှင်တစ်ယောက်တည်းပဲ ရှိတယ်လို့ ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ် ဒေါ်နယ်ရယ်" ဟု ပင် ပြောဆိုခဲ့သည်။
ဝေဖန်သုံးသပ်သူများသည် ထရမ့်နှင့် မစ္စက် တာကာအီချီတို့ကိုသာမက မစ္စတာထရမ့်ကို ထိုမေးခွန်းမေးမြန်းခဲ့သည့် ဂျပန်ရုပ်သံသတင်းထောက်ကိုလည်း အပြစ်တင်ခဲ့ကြသည်။ မစ္စတာတာကာအီချီသည်လည်း ထိုသတင်းထောက်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် မကျေမနပ်ဖြစ်နေပုံရသည်။
ဝန်ကြီးချုပ်နှင့် သူမ၏ရုံးအဖွဲ့သည် ဤဖြစ်ရပ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ အချို့ကမူ တာတာကာအီချီအပေါ် ကိုယ်ချင်းစာ ခဲ့ကြသည်။
“ပုလဲဆိပ်ကမ်း ဖြစ်ရပ်ဆိုတာမျိုးက တထိုင်တည်း ပြန် တုံ့ပြန်ချေပလို့ ရတဲ့ အရာမျိုး မဟုတ်ဘူး” ဟု လွှတ်တော်အမတ်ဟောင်း ရှီအိုရီ ယာမာအို က သူမ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ “အဲဒီစကားကို ပြောခွင့်ပေးလိုက်တဲ့ သူမရဲ့ တည်ငြိမ်တဲ့ သဘောထားဟာလည်း မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။”
(၂၀၂၆ မတ်လ ၂၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာပါ "In Japan, Trump’s Pearl Harbor Joke Elicits Scorn and Dismay" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)