သုမန ကျော မှာ ဒဏ်ရာတွေနဲ့

by Hla Soewai - Mar 23 2026

အမှန်တရားကို မြတ်နိုးသော စိတ်ဓာတ်နှင့် လွတ်လပ်မှုကို လိုလားသော စိတ်ဓာတ် တို့သည် လူ့အဖွဲ့အစည်း၏ မဏ္ဍိုင်များ ဖြစ်ကြသည် ဟူသော ဆိုရိုးစကား ရှိခဲ့ဖူးပေသည်။

 

ထိုမဏ္ဍိုင် ကြီးများက ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။

 

ငါးနှစ်ကျော် လာခဲ့ပြီ ဖြစ်သော စစ်အာဏာရှင် စနစ် တွန်းလှန် စစ်ပွဲ သာ မက ယခု အခါ တပူပေါ် နှစ်ပူ ဆင့် ဆိုသလို အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ခံစားနေရသော စိတ်ဒဏ်ရာ ဒဏ်ချက်များသည် ပေါက်ကွဲထွက်လု နီးပါး အနေအထား သို့ ရောက်လာခဲ့သည်။

 

တနိုင်ငံလုံး စုပေါင်းစပ်ပေါင်းပြီး အကြီးမား ဆုံး စိတ်ဒဏ်ရာ သည်က မိမိအိမ်၊ မိမိရပ်ရွာတွင်ပင် လုံခြုံမှုမရှိတော့ဟု ခံစား နေရခြင်း နှင့် လူငယ်များအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများ ရပ်တန့်သွားခြင်းကြောင့် အနာဂတ် ပျောက်ဆုံး နေပြီ ဆိုသော မျှော်လင့်ချက် ကင်းမဲ့လာခြင်း တို့ ဖြစ်သည်။

 

နောက်တချက်က စိတ်ပညာရှင်များ အခေါ် ဆင့်ပွား စိတ်ဒဏ်ရာ Secondary/Vicarious Trauma ဖြစ်သည်ဟု ဆိုသည်။ ဆိုလိုသည်က မိမိကိုယ်တိုင် တိုက်ရိုက်မကြုံတွေ့ရသော်လည်း အခြားသူများ ခံစားနေရသည်ကို မြင်တွေ့ရခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာသော ဒဏ်ရာ ဖြစ်သည်။ ဥပမာ အားဖြင့် လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်မြင်တွေ့နေရသော ကြေကွဲဖွယ်ရာ သတင်းများ၊ ရုပ်သံဖိုင်များနှင့် ဓာတ်ပုံများသည် ကြည့်ရှုသူတို့၏ စိတ်ကို တိုက်ရိုက်ထိခိုက်စေပြီး အိပ်မပျော်ခြင်း၊ ထိတ်လန့်ခြင်းတို့ကို ဖြစ်စေသည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ဒဏ်ရာများလွန်း၍ စိတ်ပိုင်းဆိုင်ရာ ထုံထိုင်းသွားခြင်း သို့မဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခြင်းမျိုး ဖြစ်လာခဲ့သည်။

 

မိမိဖာသာ သတိမထားမိဘဲ အများဆုံး ဖြစ်လာနေသည်က survivor's guilt ဟု သိထားကြသည့် အခြားသူများ ဒုက္ခရောက်နေချိန်တွင် မိမိက အဆင်ပြေပြေ စားသောက်နေရခြင်း၊ လုံခြုံနေခြင်း သို့မဟုတ် ပျော်ရွှင်နေခြင်းတို့အပေါ် "ငါ မလုပ်သင့်ဘူး" ဟု မိမိကိုယ်ကို အပြစ်တင်သည့် စိတ်ခံစားချက် ဖြစ်သည်။ ၎င်းသည် စိတ်ဓာတ်ကျခြင်း ဆီသို့ ဦးတည်သွားစေနိုင်သည်။

 

ယခုအခါ စစ်အုပ်စုသည် နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်လာနေမှု ကြောင့် တိုင်းပြည်သည် နစ်မွန်းသထက် နစ်မွန်းလာ‌ နေပြီး လူထု အကြား ထိုသို့ ဖြစ်ပျက် နေသည် များ ကို လူလို သိသူများက ဆိုက အနည်းဆုံး အားနာ သင့်ပြီ ဖြစ်သော်လည်း မင်းအောင်လှိုင် ဆိုသူက‌ တော့ ၎င်းကိုယ် ၎င်း သမ္မတ၊ ၎င်း၏ လက်ကိုင်တုတ် သာသာ အဆင့်ရှိသည့် ခင်ရီ နှင့် အောင်လင်း‌‌ ဒွေး ဆိုသူများအား အုပ်ချုပ် ရေး မဏ္ဍိုင်များ ၏ အကြီးအကဲများ အဖြစ် ခန့်အပ် အုပ်ချုပ်သွား‌ တော့မည် ဖြစ်သည်။ ထို အဖြစ်ကို မျက်ဝါးထင်ထင် မြင်တွေ့လာရ၍ တနေ့တခြား အနှုတ် လက္ခဏာ ပြလာ နေသောလူထု အဖို့က ၎င်းတို့ အတွက် ‌ရှေ့လျောက်ဆိုးဝါးသည့် အခြေအနေများ ဆိုက်ရောက်လာတော့မည် ဆိုသည့် စီးပွားရေးနှင့် လူမှုရေး ဖိစီးမှု များ များ မြင့်တက်လာခဲ့ရသည်။ ယင်းသည် လက်ရှိ ဖြစ်ပေါ်နေသော စိတ်ဒဏ်ရာဟောင်းများကို ပိုမိုဆိုးဝါးစေသည့် "အဆိပ်သင့် ဖိစီးမှု" Toxic Stress မျိုး ဖြစ်လာခဲ့ရသည်။

 

လက်ရှိတွင် သိလာရသည်က အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ နိုင်ငံအတွင်း ခရီးသည်တင်ယာဉ်လိုင်းများ လက်မှတ်ဈေးနှုန်း နှစ်ဆတိုးမြှင့်လိုက်ရခြင်း၊ စက်သုံးဆီ ခွဲတမ်းစနစ်ဖြင့် ရောင်းချနေခြင်းတို့ အပြင် နောက်ထပ် အကြီးအကျယ် ထိခိုက်လာ နေရသည်က စိုက်ပျိုးရေး ကဏ္ဍပင် ဖြစ်သည်။

 

ဧရာဝတီတိုင်းရှိ တောင်သူများသည် လယ်ယာသုံး စက်ကိရိယာများအတွက် ဆီဝယ်ယူရာတွင် မြေယာပိုင်ဆိုင်မှု အထောက်အထားများ ပြသရပြီး နှစ်ရက်လျှင် တစ်ကြိမ်သာ ဝယ်ယူခွင့်ရရှိနေသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နေပြီး ပဲတီစိမ်း တစ်ဧက ရိတ်သိမ်းခမှာ ၁၄၀,၀၀၀ ကျပ်မှ ၂၂၀,၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ပဲခူးတိုင်းရှိ တောင်သူများက ဆိုသည်ဟု DVB သတင်းတွင် ဖေါ်ပြထားသည်။

 

ရန်ကုန်-မန္တလေး ကုန်တင်ကားခများ မြင့်တက်လာခြင်းကြောင့် နယ်မှတက်လာသည့် အခြေခံစားသောက်ကုန်များ ဖြစ်သော ကြက်သွန်၊ အာလူး၊ ငရုတ်သီး ဈေးနှုန်းများမှာ ၁၅% မှ ၃၀% ခန့်အထိ ထပ်မံမြင့်တက်လာသည်။

 

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်အချို့တွင်လည်း သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံမှုများ ရှိနေကြောင်း ခရီးသည်များက တိုင်ကြားနေကြသည်။

 

နွေစပ်စပါးနှင့် ပဲစိုက်တောင်သူများ: ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် ဆီခွဲတမ်းစနစ်ကြောင့် ရေတင်စက်များ မောင်းနှင်ရန် ခက်ခဲနေသဖြင့် အပင်များ ခြောက်သွေ့ပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

 

ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် နှင့် ရေတင်စက် အစရှိသည့် စက်ပစ္စည်းအမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ယူခွင့်ရှိတဲ့ ဂါလံ/လီတာ ပမာဏကို ဒေသန္တရအာဏာပိုင်များက သတ်မှတ်ပေး နေသည်။

 

ဆီဆိုင်နှင့် ဝေးသည့် ကျေးရွာများ အတွက် ပီပါများနှင့် သယ်ယူခွင့်ကို အုပ်ချုပ်ရေးမှူးရဲ့ အထူးခွင့်ပြုချက် Gate Pass ပါမှသာ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခွင့်ပြုသည်ဟုလည်း သိရသည်။်

 

စက်ရုံအလုပ်ရုံများ တွင် မီးခဏခဏပျက်သည့်အပြင် မီးစက်မောင်းရန် ဒီဇယ်ဝယ်ယူရန် ခက်ခဲခြင်းကြောင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME) များ လုပ်ငန်းရပ်နားရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

 

စစ်အုပ်စုက ဆီလက်ကျန် ၄၀ ရက်စာ ရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီပြတ်လပ်မှုများ ရှိနေဆဲဖြစ်ပြီး ဖွင့်လှစ်ထားသည့် ဆိုင်များတွင်လည်း တန်းစီ စောင့်‌ နေကြရသည့် ကားတန်းရှေ ကြီးများ တွေ့လာရသည်။

 

အသစ်စတင်လိုက်သည့် QR Code စနစ်သည် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များ (Server ကျခြင်း၊ အင်တာနက်နှေးခြင်း) တို့ကြောင့် အချို့ နေရာများတွင် QR Code ဖတ်မရ သည့် အပြင် အချက်အလက်အမှားများ ကြောင့် ဆီဆိုင်ဝန်ထမ်းများနှင့် ကားသမားများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ ဆီ မှောင်ခို ‌ဈေးကွက်ကြီးလည်း ပေါ်ထွန်းလာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်မှ ဘီဂျင်း နှင့် စင်္ကာပူ တို့တွင်လည်း စုံ-မ စနစ် ကျင့်သုံးနေသည် ဟူသော အပြောသည် ပြည်သူများ ကို ဆင်ခြေပေးရန် အချက်အလက် များကို လိုရာဆွဲ လိမ်ညာ ပြောခြင်းသာ ဖြစ်သည်။ တကယ်တမ်း ဘီဂျင်းနှင့် စင်္ကာပူတွင် လုပ်သည်များက နည်းပညာနှင့် စနစ်တကျ စီမံခန့်ခွဲခြင်း ဖြစ်ပြီး ၎င်း လုပ်သလို ဆီဝယ်မရသည့် ပြဿနာကို ဖြေရှင်းဖို့ အတင်းအကျပ် ကန့်သတ်တာ မျိုး မဟုတ်သည့် အတွက် အခြေခံ အကြောင်းရင်း လုံးဝ ကွဲပြားနေပေသည်။

 

ဘီဂျင်းတွင် စုံ/မ စနစ်ကို ကျင့်သုံးဖူးသည်မှာ မှန် သော်လည်း စက်သုံးဆီ ပြတ်လပ်၍ မဟုတ်၊ လေထုညစ်ညမ်းမှု လျှော့ချရန် နှင့် ယာဉ်ကြောပိတ်ဆို့မှု ထိန်းချုပ် နိုင်ရန် တို့အတွက် ဖြစ်သည်။

 

၂၀၀၈ ဘီဂျင်း အိုလံပစ်ကာလတွင် စုံ/မ စနစ်ကို စတင်သုံးခဲ့ပြီး၊ အခုနောက်ပိုင်းတွင် တစ်ပတ်ကို တစ်ရက် (ဥပမာ- နံပါတ် ၁ နဲ့ ၆ ဆုံးတဲ့ကား တနင်္လာနေ့ မမောင်းရ) စသည့် ကန့်သတ်ချက်မျိုးကိုသာ ပုံမှန်သုံး လာခဲ့သည်။ လေထုညစ်ညမ်းမှု အရမ်းဆိုးရွားသည့် ကာလများတွင် စုံ/မ စနစ်ကို ယာယီပြန်သုံးလေ့ရှိသည်ဟု သိရသည်။

 

စင်္ကာပူ တွင်တော့ စုံ/မ စနစ် (Even-Odd) ဆိုသည်က တခါဖူးမျှပင် မရှိခဲ့ပေ။

 

ဘီဂျင်းသည် ၎င်းတို့၏ ရေနံချက် စက်ရုံများအား ဓါတ်ဆီနှင့် ဒီဇယ်ဆီအား ပြင်ပသို့ တင်ပို့ ရောင်းချခြင်း မပြုရန် ပြင်းထန်စွာ သတိပေးတားမြစ်ထားပြီ ဖြစ်သည်။

 

မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၉၀ ပါရှိသော “၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကျောင်းသားများ ရွှေ့ပြောင်းမှု” အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံရှိ ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများတွင် တက်ရောက်နေသည့် မြန်မာကျောင်းသားအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ဖော်ပြထားသည်။ 

 

ယင်း သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် “လူငယ်နှင့် ပညာတတ်များ ဆုံးရှုံးခဲ့ရမှု များဖြစ်သည်။

 

အစီရင်ခံစာတွင် ဖော်ပြထားချက်အရ မြန်မာကျောင်းသားများ ထိုင်းသို့ သွားရောက်ခြင်းသည် ပညာရေးအတွက် ရွေးချယ်မှုသက်သက် မဟုတ်ဘဲ နိုင်ငံရေးမတည်ငြိမ်မှု၊ စနစ်တကျ ပြိုလဲမှုများနှင့် ဘဝရပ်တည်ရေး ခြိမ်းခြောက်မှုများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်း တက္ကသိုလ်များ တွင် ၂၀၂၁-၂၂ ခုနှစ် တွင် ၂,၅၀၀ နှင့် ၂,၈၀၀ ကြား၊ ၂၀၂၄ ခုနှစ် (ခန့်မှန်း): ၁၂,၀၀၀ ခန့်၊ ၂၀၂၅ ခုနှစ် (ခန့်မှန်း): ၁၇,၀၀၀ ခန့် ရှိနေသည်။

 

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာကျောင်းသားများ ထိုင်းနိုင်ငံသို့ ပညာသင်သွားရောက်မှု အဆမတန် မြင့်တက်လာခြင်းနှင့် ပတ်သက်၍ University of Bristol မှ ညီညီကျော်နှင့် ချင်းမိုင်တက္ကသိုလ် (CMU) မှ သိရိဒါ ခေမနိတ္ထထိုင်း တို့ ပြုစုထားသည့် အစီရင်ခံစာ ကို DVB တွင် ဖေါ်ပြထားခြင်း ဖြစ်သည်။

 

ကျောင်းသားများသည် စိတ်အေးချမ်းစွာ ပညာသင်ကြား နေကြခြင်းတော့ မဟုတ်၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ကျောင်းလခနဲ့ နေထိုင်စရိတ် ဝန်ပိလာနေခြင်း၊ ပညာသင်ဗီဇာ (ED Visa) ရရှိရန်နှင့် သက်တမ်းတိုးရန် လုပ်ငန်းစဉ်များ အရင်ကထက် ပိုမိုတင်းကြပ်လာခြင်း၊ မိသားစုနှင့် ခွဲခွာနေရသည့်အပြင်၊ နိုင်ငံတွင်းက သတင်းဆိုးများကြောင့် စိုးရိမ်ပူပန်‌ နေရခြင်း နှင့် ဘွဲ့ရပြီးက ဘာဆက်လုပ်ရမလဲဆိုသည့် အနာဂတ်အတွက် စိုးရိမ်မှုတွေ ရှိနေကြသည်ဟု ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာကျောင်းသား ၃၅၅ ဦး ကို စစ်တမ်းကောက်ယူ မေးမြန်းခဲ့ရာမှ သိရှိခဲ့ရကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!