ဖော်မဲ့ ဟင်္သာ

by Hla Soewai - Mar 23 2026

မဟာမိတ် နိုင်ငံများမှ ခေါင်းဆောင်တိုင်းက ထရမ့်၏ တောင်းဆိုမှု ကို လိုက်လျောခြင်သော်လည်း ၎င်းသည် မည်သို့မျှ ကျေးဇူး တင်ရကောင်းမှန်း မသိသည့် လူစားမျိုး ဟု ကောင်းစွာ သိရှိထားပြီး ဖြစ်သည်ဟု ၁၈၅၇ မှ စ၍ အမေရိကန် နိုင်ငံရေး တွင် မီးရှူးတန်ဆောင် ဖြစ်ခဲ့သော အတ္တလန်တစ် မဂ္ဂဇင်းကြီးက "Everyone but Trump Understands What He’s Done" ဆောင်းပါး ဖြင့် ယခုလို အပြင်းအထန် ဝေဖန်လိုက်သည်။

 

ဒေါ်နယ် ထရမ့်သည် မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်တတ်သူ မဟုတ်သလို၊ သမိုင်းကြောင်းအရဖြစ်စေ၊ ပထဝီဝင်အနေအထားအရဖြစ်စေ၊ ဆင်ခြင်တုံတရားနှင့်ဖြစ်စေ စဉ်းစားတတ်သူလည်း မဟုတ် ပေ။ ၎င်း၏ ဒီနေ့လုပ်လိုက်သည့် လုပ်ရပ်တခုသည် နောက်သီတင်းပတ် များတွင် မည်သို့ အကျိုးသက်ရောက်လာမည် ဆိုသည်ကို နားမလည်သလို၊ တနေရာရာတွင် ၎င်း ပြုမူ ပြောဆိုလိုက်မှုသည် တခြားနေရာက လူများ၏ အပြုအမူကို မည်ကဲ့သို့ ပြောင်းလဲသွားစေမည် ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစား တတ်သူ မဟုတ်။

 

၎င်း၏ ဆုံးဖြတ်ချက်များ မှားယွင်းသွားသည့်အခါတွင်လည်း တာဝန်ယူလေ့ မရှိပြန်။ ထိုအစား စိတ်အလိုလိုက်ပြီး စိတ်ကူးပေါက်ရာကိုသာ ဇွတ်လုပ်တတ်သူ ဖြစ်သည်။ ၎င်း၏ စိတ်ကူးစိတ်သန်းများ ပြောင်းလဲသွားသည့် အခါတွင်လည်း အရင်က ပြောခဲ့ဆိုခဲ့ လုပ်ခဲ့တာများနှင့် ပတ်သက်ပြီး ဗြောင်ကျကျ လိမ်ညာပြောဆိုတတ်သူ ဖြစ်သည်။

 

ပြီးခဲ့သည့် ၁၄ လ တာ ကာလအတွင်း အမေရိကန် သမ္မတ တယောက်သည် ထိုသို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လာလိမ့်မည်ဟု တွေးထင်ထားသည့် နိုင်ငံခြား ခေါင်းဆောင်များ တဦးတလေမျှပင် ရှိမည်မဟုတ်ပေ။

 

၎င်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ များကတော့ "ထရမ့်ဟာ လက်ရှိအချိန်ထက် ကျော်လွန်ပြီး စဉ်းစားမှာပါ" လို့ တိုးတိုးတိတ်တိတ် ပြောဆိုခဲ့ကြသည်။ ပြည်ပရှိနိုင်ငံရေးသမားများ ကလည်း "သူဟာ တစုံတခုသော ဝါဒ၊ ပုံစံ သို့မဟုတ် အစီအစဉ်တစ်ခုခုကိုတော့ လိုက်နာမှာပါ" လို့ ယုံကြည်ခဲ့ကြသည်။ ထရမ့် လုပ်ရပ်များကို သမိုင်းကြောင်းဆိုင်ရာ အခြေအနေ များ နှင့် အံဝင်ခွင်ကျဖြစ်အောင် သီးခြားခွဲထွက်ရေးဝါဒ (isolationism)၊ နယ်ချဲ့ဝါဒ (imperialism) ဆိုသည့် စကားလုံး များကို သုံးနှုန်းပြီး အတင်း အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ ဥပမာအားဖြင့်၊ ဂရင်းလန်းကျွန်းအပေါ် ထရမ့်၏ စိတ်ဝင်စားမှုသည် Mercator မြေပုံ (ပကတိအရွယ်အစားထက် ပိုကြီး အောင် ဆွဲထားသည့် မြေပုံမျိုး) တွင် ကျွန်းသည် အကြီးကြီး ဖြစ်‌ နေခြင်း ကြောင့် မဟုတ်ဘဲ တခြားအရေးကြီးသည့် အဓိပ္ပာယ်တွေ ရှိနိုင်သည် ဆိုပြီး လေးလေးနက်နက် ဆောင်းပါးများ ပင် ရေးသား ဖေါ်ပြခဲ့ကြသည်။

 

ယခု အခါတွင်တော့ အကြီးအကျယ် လွဲချော်သွားခဲ့ပြီ ဖြစ်သည်။ ထရန့် ကိုယ်တိုင်ကတော့ အတိတ်နဲ့ ပစ္စုပ္ပန်ကြားက ဆက်စပ်မှုကို နားမလည်တာ ဖြစ်နိုင် သော်လည်း တခြားလူများကတော့ နားလည်ကြသည်။ ၎င်းကိုယ်တိုင် ရေလည် အောင် ရှင်းမပြနိုင်ဘဲ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၏ အကျိုးဆက်ကြောင့် အီရန်ဖက်က မိုင်းများ၊ ဒရုန်းများနှင့် ဟော်မုဇ် ရေလက်ကြား ကို ပိတ်ဆို့ထား နိုင်သည်ကို မြင်တွေ့နေရပြီ ဖြစ်သည်။ 

 

တစ်ကမ္ဘာလုံးမှာ ရေနံဈေးနှုန်းတွေ တက်လာနေသလို၊ ထို ပြဿနာကို ဖြေရှင်းဖို့ အမေရိကန် ရေတပ်အတွက် မည်မျ အထိ ခက်ခဲပြီး အန္တရာယ်များသည် ဆိုသည်ကိုလည်း နားလည်လာကြသည်။ ထို့အပြင် သမ္မတသည် အရင်က အကြိမ်ကြိမ် လုပ်ခဲ့ဖူးသလိုပင် တခြားလူများကို တာဝန်ယူခိုင်းဖို့ ကြိုးစားရင်း၊ အကယ်၍ တာဝန်မယူရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ဒေါသတကြီး တုံ့ပြန်ပြောဆိုနေသည် ကိုလည်း ကြားနေကြရသည်။

 

နေတိုး ဖက်က ရေလက်ကြားကို ရှင်းလင်းဖို့ မကူညီဘူးဆိုရင် "အလွန်ဆိုးရွားတဲ့" အနာဂတ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထရမ့်က Financial Times ကို ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် ထိုအဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၄၉ ခုနှစ်ကတည်းက ဦးဆောင်လာခဲ့သည် ဆိုသည်ကို မေ့လျော့နေပုံရသည်။ ထို့အပြင်၎င်း၏ အပြောသည် နိုင်ငံခုနစ်နိုင်ငံကို ကူညီဖို့အတွက် တောင်းဆိုနေခြင်း မဟုတ်ဘဲ အမိန့်ပေးနေတာဖြစ်သည်ဟု လည်း ပြောခဲ့ပြန်သည်။

 

ဘယ်နိုင်ငံတွေလဲဆိုသည်ကို တော့ တိတိကျကျ မပြောခဲ့။ ဖလော်ရီဒါမှ ဝါရှင်တန်သို့ အပြန် Air Force One လေယာဉ်ပေါ် တွင် သတင်းထောက်များ ကို ၎င်းက "ဒီနိုင်ငံတွေအနေနဲ့ သူတို့ပိုင်နက်ဖြစ်တဲ့အတွက် သူတို့ဘာသာ လာရောက်ကာကွယ်ဖို့ ကျွန်တော် တောင်းဆိုနေတာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ရဲ့ စွမ်းအင်တွေ ရရှိတဲ့နေရာဖြစ်လို့ပဲ" လို့ ပြောခဲ့သည်။ တကယ်တမ်းတွင်တော့ ၎င်း ပြောသည့် နေရာသည် ထိုနိုင်ငံများ၏ ပိုင်နက်မဟုတ်သလို၊ စွမ်းအင်လမ်းကြောင်းများ ပိတ်ဆို့သွားရ ခြင်းသည်လည်း ၎င်း၏ အမှားကြောင့်ပင် မဟုတ်ပါလား။

 

သို့သော် ထရန့်၏ အမြင်တွင်မူ ထိုသို့သော အပြောမျိုးသည် ကျိုးကြောင်းဆီလျော်သည်ဟု ယူဆထားပုံရသည်။ ၎င်းတွင် လက်ရှိ ရင်ဆိုင်နေရသော ပြဿနာတစ်ရပ် ရှိနေသဖြင့် အခြားနိုင်ငံများက ထိုပြဿနာကို ဖြေရှင်းပေးစေလိုခြင်းသာ ဖြစ်သည်။ 

 

ပြီးခဲ့သည့် လပိုင်း သို့မဟုတ် ယခင်နှစ်များက ထိုနိုင်ငံခေါင်းဆောင်များကို ၎င်းကိုယ်တိုင် မည်သို့ ပြောဆိုခဲ့သည်ကိုလည်းကောင်း၊ ၎င်း၏ ယခင်ဆုံးဖြတ်ချက်များက ထိုနိုင်ငံများရှိ လူထုသဘောထားနှင့် အကျိုးစီးပွားများအပေါ် မည်မျှ အထိ ထိခိုက်နစ်နာစေခဲ့သည်ကိုလည်းကောင်း ထရန့်အနေဖြင့် မှတ်မိပုံလည်းမရ သို့မဟုတ် ဂရုစိုက်ပုံလည်း မရ‌ ပေ။ သို့သော် အခြားသော နိုင်ငံခေါင်းဆောင်များကမူ ထိုအချက်များကို ကောင်းစွာ မှတ်မိနေကြသလို၊ အလေးအနက်လည်း ထားကြပြီး အခြေအနေမှန်ကိုလည်း သိရှိနားလည်နေကြပြီ ဖြစ်သည်။

 

အထူးတလည် မှတ်မိနေကြသည်က လွန်ခဲ့သော ၁၄ လတာကာလအတွင်း အမေရိကန်သမ္မတသည် ၎င်းတို့အပေါ် အခွန်အတုတ်များ တိုးမြှင့်ကောက်ခံခဲ့ခြင်း၊ ၎င်းတို့၏ ရုရှားနှင့် ပတ်သက်၍ လုံခြုံရေးပိုင်း စိုးရိမ်ပူပန်မှုများကို လှောင်ပြောင်ခဲ့ခြင်းနှင့် အကြိမ်ကြိမ် စော်ကားပြောဆိုခဲ့ခြင်းတို့ပင် ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းကပင် ထရမ့်သည် ဥရောပ အရာရှိ အချို့အား "ဥရောပသာ တိုက်ခိုက်ခံရရင် ခင်ဗျား တို့ကို ကူညီဖို့ ဒါမှမဟုတ် ထောက်ပံ့ဖို့ ကျုပ်တို့ ဘယ်တော့မှ လာမှာမဟုတ်ဘူး" ဟု ပြောကြားခဲ့ဖူးသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာ ဇလန်းစကီးအား "မင်းမှာ ဘာမှ အားသာနေ မှု မရှိတဲ့အတွက်" အကူအညီ ရပိုင်ခွင့်မရှိကြောင်း ပြောဆိုခဲ့ပြန်သည်။ 

 

ထရမ့်သည် ကနေဒါနိုင်ငံကို "၅၁ ခုမြောက် ပြည်နယ်" ဟု သရော်ခဲ့ပြီး လက်ရှိနှင့် ယခင် ကနေဒါဝန်ကြီးချုပ်များကိုလည်း "ပြည်နယ်အုပ်ချုပ်ရေးမှူး" အဆင့် သာ ရှိသည်ဟု ရည်ညွှန်းခေါ်ဆိုခဲ့ ဖူးသည်။ 

 

၎င်းက အာဖဂန်နစ္စတန်တွင် မဟာမိတ်တပ်ဖွဲ့များသည် "ရှေ့တန်းနှင့် အနည်းငယ်ကွာလှမ်းသော နောက်တန်းတွင်သာ နေခဲ့ကြသည်" ဟု မှားယွင်းစွာ ပြောဆိုခဲ့ရာ၊ နေတိုးစာချုပ်၏ အပိုဒ် (၅) အရ အမေရိကန်ပြည်ထောင်စုအတွက် တစ်ကြိမ်တည်းသော တိုက်ပွဲဝင်ပေးမှုတွင် ကျဆုံးခဲ့ရသည့် စစ်သည်များ၏ မိသားစုများကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ် အောင် ‌စော်ကား လိုက်သလို ဖြစ်သွားခဲ့ရသည်။ ဗြိတိန်နိုင်ငံက အီရန်အပေါ် စတင်တိုက်ခိုက်မှုတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ပြီးနောက် ထရမ့်က "တစ်ချိန်က ငါတို့ရဲ့ မဟာမိတ်ဟောင်းကြီး" ဟု ခေါ်ဝေါ်ခဲ့သည်။ ယခုလအစောပိုင်းတွင် ပါရှန်ပင်လယ်ကွေ့ ပဋိပက္ခအတွင်းသို့ လေယာဉ်တင်သင်္ဘောအချို့ စေလွှတ်ရန် ဗြိတိန်က ဆွေးနွေးသည့်အခါတွင်လည်း ထရမ့်က လူမှုကွန်ရက်ပေါ်တွင် "ငါတို့ စစ်နိုင်သွားပြီးမှ လာပူးပေါင်းတဲ့လူမျိုးကို အလိုမရှိဘူး" ဟု လှောင်ပြောင်ခဲ့ပြန်သည်။

 

တစ်ခါတစ်ရံတွင် ထိုသို့သော ရိုင်းစိုင်း စော်ကားသည့် ပြောဆိုမှုများသည် ပိုမိုဆိုးရွားသည့် အခြေအနေတစ်ခုသို့ ကူးပြောင်းသွားခဲ့သည်။ ဒုတိယအကြိမ် သမ္မတအဖြစ် ကျမ်းသစ္စာမဆိုမီကပင် ထရမ့်သည် နေတိုးမဟာမိတ်ဖြစ်သော ဒိန်းမတ်နိုင်ငံ ပိုင်နက်ဖြစ်သည့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန်အရေး တွင် လက်နက်အားကိုး အသုံးပြုမှုကို ဖယ်ထုတ်ထားမည်မဟုတ်ကြောင်း အရိပ်အယောင်များ ပြသခဲ့သည်။ 

 

အစပိုင်းတွင်မူ ယင်းမှာ ပြက်လုံးတစ်ခု သို့မဟုတ် နောက်ပြောင်မှုတစ်ခုကဲ့သို့ ထင်မှတ်ခဲ့ကြသော်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလအရောက်တွင်မူ ၎င်း၏ လူသိရှင်ကြားနှင့် သီးသန့်ပြောဆိုချက်များက အမေရိကန်၏ ကျူးကျော်မှုကို ခုခံနိုင်ဖို့ ပြင်ဆင်ထားကြရန် ဒိန်းမတ်လူမျိုးများကို ဆွဲဆောင်စည်းရုံးသကဲ့သို့ ဖြစ်လာခဲ့သည်။ ဒိန်းမတ်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ စစ်တပ်က အမေရိကန် လေယာဉ်များကို ပစ်ချရမည်လား၊ အမေရိကန် စစ်သားများကို သတ်ဖြတ်ပြီး မိမိတို့ဘက်ကလည်း အသတ်ခံရမည်လား ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြရသည်။ 

 

ထိုသို့သော စိတ်ကူး ခဲ့ရခြင်းသည် အလွန်ပင် စိတ်ထိခိုက်နာကျင်စရာ ကောင်းလှသဖြင့် အချို့မှာ ယခုတိုင် စိတ်ဒဏ်ရာမှ ပြန်လည်မနာလန်ထူနိုင်သေးပေ။ လွန်ခဲ့သော သီတင်းပတ်အနည်းငယ်က ကိုပင်ဟေဂင်မြို့သို့ ဆောင်းပါးရှင် ရောက်ရှိစဉ်တွင် ဒိန်းမတ်နိုင်ငံထုတ် App တစ်ခုကို ပြသခဲ့ရာ ယင်း App သည် မည်သည့်ထုတ်ကုန်များမှာ အမေရိကန်ထုတ်ဖြစ်သည်ကို အသုံးပြုသူများအား အသိပေးထားပြီး၊ ထိုပစ္စည်းများကို မဝယ်ယူမိစေရန် တားဆီးပေးထားသည်။ ထိုအချိန်က ယင်း App မှာ နိုင်ငံအတွင်း ရေပန်းအစားဆုံး ဖြစ်နေခဲ့သည်။

 

စီးပွားရေးပိုင်းအရ ထိခိုက်နစ်နာမှုများမှာလည်း နောက်ပြောင်ကျီစယ်မှုတစ်ခု မဟုတ်ခဲ့ပေ။ ၂၀၂၅ ခုနှစ်တစ်လျှောက်လုံးတွင် ထရန့်သည် ဥရောပ၊ ဗြိတိန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အပေါ် သွင်းကုန်ခွန်များကို မကြာခဏဆိုသလို ၎င်း စိတ်ထဲ ရှိရင် ရှိသလိုမည်သည့်နောက်ဆက်တွဲ သက်ရောက်မှုမျိုးကိုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စည်းကြပ်ခဲ့သည်။ 

 

၎င်းသည် ဆွစ်ဇာလန်သမ္မတကို သဘောမကျသည့်အတွက် ဆွစ်ဇာလန်အပေါ် အခွန်တိုးမြှင့်ခဲ့ပြီးနောက်၊ ဆွစ်ဇာလန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့က ၎င်းထံသို့ ရွှေတုံးတစ်တုံးနှင့် Rolex နာရီတစ်လုံးအပါအဝင် လက်ဆောင်ပဏ္ဏာများ လာရောက်ပေးအပ်ပြီးနောက်တွင်မူ အဆိုပါအခွန်များကို ပြန်လည်လျှော့ချပေးခဲ့သည်။ 

 

ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ပြုလုပ် ဝံ့သည် ဆိုက ကနေဒါအပေါ် ၁၀၀ ရာခိုင်နှုန်း သွင်းကုန်ခွန် စည်းကြပ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ ၎င်း၏သားဖြစ်သူ အဲရစ်ထရန့်သည် ဗီယက်နမ်နိုင်ငံတွင် ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ ဂေါက်ကွင်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေစဉ်မှာပင်၊ ထရန့်သည် ကိုယ်ကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်ခြေရှိသည်ကို ဂရုမစိုက်ဘဲ ဗီယက်နမ်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

 

ဥရောပနိုင်ငံများအနေဖြင့် ထရန့်၏ ရိုင်းစိုင်းသော စွပ်စွဲပုတ်ခတ်မှုများနှင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို သည်းခံနိုင်ကောင်း သည်းခံကြ ပေလိမ့်မည်။ သို့သော် ယခုအခါ ထရမ့်သည် ၎င်းတို့၏ လုံခြုံရေးအတွက်ပါ အစစ်အမှန် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ၁၄ လတာ ကာလအတွင်း ၎င်းသည် ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေသော်လည်း ရုရှား၏ ကျူးကျော်စော်ကားမှုများကိုမူ အားပေးအားမြှောက် ပြုလုပ်ခဲ့သည်။

 

 ယူကရိန်းသို့ စစ်ရေးနှင့် ဘဏ္ဍာရေး အကူအညီများ ပေးပို့မှုကို ရပ်ဆိုင်းခဲ့ပြီး ဗလာဒီမာ ပူတင်အား စစ်နိုင်တော့မည်ဟူသော မျှော်လင့်ချက်သစ်ကို ပေးခဲ့သည်။ ၎င်း၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် သည် စစ်ပွဲမပြီးဆုံးသေးသလို ရုရှားဘက်ကလည်း အပစ်အခတ်ရပ်စဲရေးကို သဘောမတူသေးသော်လည်း အမေရိကန်နှင့် ရုရှားကြား စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို ဗြောင်ကျကျ စတင်ညှိနှိုင်းခဲ့သည်။ 

 

ဝစ်ကော့ဖ်သည် ဥရောပခေါင်းဆောင်များရှေ့တွင် မိမိကိုယ်ကိုယ် နေတိုးနှင့် ရုရှားကြားက ကြားနေပုဂ္ဂိုလ်တစ်ဦးကဲ့သို့ တင်ပြခဲ့သည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုသည် နေတိုးကို တည်ထောင်သူနှင့် ခေါင်းဆောင်မဟုတ်သည့်အလား ၊ ဥရောပ၏ လုံခြုံရေးသည် အမေရိကန်များအတွက် အရေးမကြီးသည့် အလား ပြုမူနေခြင်းဖြစ်သည်။ ထရမ့် ကိုယ်တိုင်ကလည်း ဇလန်းစကီးအပေါ် ဒေါသတကြီး ဆက်လက် ပြောဆို တိုက်ခိုက်နေပြီး ယူကရိန်းသို့ အမေရိကန်၏ ထောက်ပံ့မှုများနှင့် ပတ်သက်၍လည်း ဒေါ်လာ ဘီလီယံ ၃၀၀ သို့မဟုတ် ထိုထက်မက တန်ဖိုးရှိသည်ဟု အကြိမ်ကြိမ် လိမ်ညာပြောဆိုနေသည်။ 

 

အမှန်တကယ် ကူညီပေးခဲ့သော ပမာဏမှာ သုံးနှစ်အတွင်း ဒေါ်လာ ၅၀ ဘီလီယံဝန်းကျင်သာ ရှိသည်။ လက်ရှိနှုန်းထားအရဆိုလျှင် ထရန့်သည် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲကို ရပ်တန့်ရန် ကြိုးစားမည့်အစား စစ်ပွဲစတင်ရန်အတွက် သုံးလအတွင်း ထိုပမာဏခန့်ကို သုံးစွဲသွားမည် ဖြစ်သည်။

 

ရလဒ်အနေဖြင့် ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ က ကနေဒါနိုင်ငံသည် "အစ္စရေးနှင့် အမေရိကန်တို့၏ ကျူးကျော်စစ်ဆင်ရေးများတွင် ပါဝင်မည်မဟုတ်သလို၊ နောင်လည်း ပါဝင်လာမည်မဟုတ်ကြောင်း" ကြေညာခဲ့သည်။ ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုရီးယပ်စ် ကလည်း "ဒါဟာ ကျုပ် တို့ရဲ့ စစ်ပွဲမဟုတ်သလို၊ ကျုပ် တို့ စတင်ခဲ့တာလည်း မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ စပိန်ဝန်ကြီးချုပ်ကမူ စစ်ပွဲစတင်ရန်အတွက် အမေရိကန်အား ၎င်းတို့၏ စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးရန် ငြင်းဆန်ခဲ့သည်။ ဗြိတိန်နှင့် ပြင်သစ်တို့သည် ပင်လယ်ကွေ့ရှိ ၎င်းတို့၏ ကိုယ်ပိုင်အခြေစိုက်စခန်းများ သို့မဟုတ် မဟာမိတ်များကို ကာကွယ်ရန် သင်္ဘောအချို့ စေလွှတ်နိုင်သော်လည်း၊ ၎င်းတို့၏ သဘောတူညီချက်မပါဘဲ စတင်ခဲ့သည့် ကျူးကျော်စစ်ဆင်ရေးများအတွင်းသို့မူ ၎င်းတို့၏ စစ်သည်များနှင့် ရေတပ်သားများကို စေလွှတ်မည်မဟုတ်ပေ။

 

ယင်းမှာ သူရဲဘော ကြောင် ခြင်းကြောင့် မဟုတ်ဘဲ တွက်ချက်ထားသည့်အတိုင်း တုန့်ပြန်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ မဟာမိတ်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများသည် ဝါရှင်တန် ဖက်မှ တစုံတရာ အကျိုးရှိစွာ ဆက်ဆံလာလိမ့်မည် ဟု ယူဆခဲ့ကြပါက ယခုလို ဆုံးဖြတ်ကြလိမ့်မည် မဟုတ်ပေ။

 

 အများစုသည် ၎င်းတို့ မည်သို့ပင် ဝိုင်းဝန်းကူညီပံ့ပိုးပေးစေကာမူ မည်သည့်အရာမှ အဖတ်တင်မည်မဟုတ်ကြောင်းကိုလည်း နားလည်ထားကြပြီ ဖြစ်သည်။ ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ် အနည်းငယ် ကြာသွားသည့်အခါတွင် ထရမ့်သည် ထိုသို့သော အကူအညီများ ရရှိခဲ့သည်ကိုပင် မှတ်မိနေတော့မည် မဟုတ်ပေ။

 

(ဆောင်းပါးရှင် Mrs. Anne Applebaum သည် The Atlantic မဂ္ဂဇင်း၏ ပင်တိုင်ဆောင်းပါးရှင် တစ်ဦး ဖြစ်ပြီး ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် ရှိ SNF Agora Institute နှင့် နိုင်ငံတကာ အဆင့်မြင့် လေ့လာရေးဌာန (School of Advanced International Studies) တို့တွင် အကြီးတန်း သုတေသနပညာရှင် တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်လျက် ရှိသည်။)