FBI ညွှန်ကြားရေးမှူး Kash Patel က ကမ္ဘောဒီးယားနှင့် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် အကြီးစား ငွေလိမ်ဂိုဏ်း စခန်းများ လည်ပတ်နေကြောင်း အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ကြားနာပွဲ တွင် ပြောကြားခဲ့သည်။ ထိုစခန်းများစွာမှာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နောက်ကွယ်မှ ပံ့ပိုးမှုများ ရှိနေသည်ဟု ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
"ဒီစခန်းတွေဟာ အရှေ့တောင်အာရှကနေ အမေရိကန်နိုင်ငံသား သက်ကြီးရွယ်အိုတွေကို ငွေကြေးလိမ်လည်လှည့်ဖြားဖို့ သီးသန့်တည်ဆောက်ထားတဲ့ အဆောက်အအုံဝင်းကြီးတွေ ဖြစ်နေသည်" ဟု Patel က ၎င်းက ကော်မတီ ကို သတိပေးပြောကြားခဲ့သည်။
ထို့ပြင် FBI အနေဖြင့် ဒေသတွင်း အစိုးရများနှင့် ပူးပေါင်းကာ လိမ်လည်မှုပြုလုပ်နေသည့် ဝဘ်ဆိုဒ်ပေါင်းများစွာ၏ အင်တာနက် အသုံးပြုခွင့်များကို ဖြတ်တောက်ရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် "အဆိုပါနိုင်ငံများအတွင်းသို့ ဝင်ရောက်ပြီး ငွေလိမ်ဂိုဏ်း အခြေစိုက်စခန်း တစ်ခုမကျန် အားလုံးကို ဖျက်ဆီးပစ်မည်" ဟု ၎င်းက ကြိမ်းဝါးသွားခဲ့သည်။
မြန်မာ နှင့် ချစ်ကြည်ရေး ကို တည်ဆောက်နိုင်မှ ဖြစ်မည် ဆိုသော ထိုင်း အဖို့ ကြားညပ်လာပြီ ဖြစ်သည်။ အကယ်၍ သမ္မတ ထရမ့်က ထိုသို့ ဝင်ရောက်ဖျက်ဆီးပစ်ရန် အမေရိကန် အထူး တပ်ဖွဲ့များကို အမိန့်ပေး လာမည်ဆိုက ထိုင်းအဖို့ မည်သို့မျှ ကန့်ကွက် ပြောဆိုရဲမည့် အနေအထားတွင် မရှိ ဖြစ်နေသောကြောင့်ပင်။
ထရမ့်သည်လည်း အီရန်စစ်ပွဲ ကြောင့် ဗျာများလာနေပြီး ပြည်တွင်း တွင် ထောက်ခံမှု ကျဆင်းကာ ဝေဖန်မှု များ မြင့်တက်လာနေပြီ ဖြစ်၍ လာမည့် နိုဝင်ဘာလ တွင် ပြုလုပ်မည့် လွှတ်တော် ရွေးကောက်ပွဲ တွင် အခြေအနေ ကောင်းလာစေရန်၊ အီရန် စစ်ပွဲ ကို အာရုံ ပြောင်းပြီး လူထု ထောက်ခံမှု ပြန်လည် အားကောင်းလာစေရန် လုပ်ကောင်း လုပ်လာနိုင်သည့် အနေအထား တွင် ရှိနေသည်။
ထို ရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံရေး အခင်းအကျင်းအတွက် အလွန်အရေးပါပြီး သမ္မတ၏ ကျန်ရှိသော သက်တမ်းနှစ်နှစ်အတွင်း အာဏာသက်ရောက်မှုကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ထရမ့်သည် ထိုလွှတ်တော် ရွေးကောက်ပွဲ များတွင် ၎င်း၏ ရီပတ်ဘလီကင် အမတ်များ အနိုင်ရမှသာ အသက်ရှု ချောင်ဖို့ ရှိနေ၍ နည်းပေါင်းစုံ နှင့် ကြိုးပမ်းမည်က အသေအချာပင် ဖြစ်သည်။
ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့ရပြီ ဖြစ်သည်။
ထိုင်းဗိုလ်ချုပ်ကြီး Ukris Boontanondha နှင့် တွေ့ဆုံပွဲသို့ စစ် အုပ်စု ဒုတိယခေါင်းဆောင် စိုးဝင်း၊ အသစ်ခန့်အပ်ခံရသော ကြည်းတပ်ဦးစီးချုပ် ရဲဝင်းဦး နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်း တို့လည်း တက်ရောက်ခဲ့ကြသည်။
အမေရိကန်အစိုးရသည် အရှေ့တောင်အာရှရှိ ငွေလိမ်ဂိုဏ်းများကို ၎င်းတို့၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး အထူးတလည် အနီးကပ် စောင့်ကြည့်စစ်ဆေးနေသည့် အချိန်လည်း ဖြစ်၍ အခြေအနေများ ဆိုးဆိုးရွားရွား အဖြစ် ရောက်မသွားခင် အွန်လိုင်းငွေလိမ်ဂိုဏ်း ကွန်ရက်များကို နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ထိုင်းစစ်ဘက်အကြီးအကဲ က လာရောက် နားချခြင်းလည်း ဖြစ်နိုင်ပေသည်။
မြန်မာ စစ် အုပ်စု အပေါ် ထားရှိသည့် အမေရိကန်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပြင်းထန်လာပြီး ရာဇဝတ်မှုခေါင်းဆောင်များကို ခေါင်းထောင် မလာ အောင် လုပ်လာမည့် အလားအလာ များ မြင့်တက်လာနေပြီ ဖြစ်သည်။
ထိပ်တန်းဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန်အတွက် လျှို့ဝှက်စစ်ဆင်ရေး မျိုး သို့မဟုတ် ဒရုန်း အသုံးပြု၍ တိကျသော ပစ်မှတ်များကို ဖျက်ဆီးခြင်းမျိုး ရှိလာနိုင်ပါသည်။ ထိုအခါတွင် ထိုင်း အဖို့ မြန်မာ စစ်အုပ်စု နှင့် မျက်နှာပျက်စရာ ဖြစ်လာနိုင်သည်။
အဘယ်ကြောင့် အဆိုပါ ပြဿနာ ကို စစ်အုပ်စုက အပြီးအပိုင် မဖြေရှင်း နိုင် ဖြစ်နေရသနည်း ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာရသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!