မတ်လ ၁၉ ရက် နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာ ပါ "There’s Only One Path to Victory in Iran" ဆောင်းပါးကို ပြန်လည် တင်ပြသည်။
သုံးပတ်မပြည့်မီသော အချိန်အတွင်းမှာပင် အီရန်၏ ဆယ်စုနှစ်များစွာ အရှေ့အလယ်ပိုင်းဒေသကို ခြိမ်းခြောက်ရန် အသုံးပြုခဲ့သည့် စစ်ရေးဆိုင်ရာ အင်အားစု အများအပြားကို အမေရိကန်နှင့် အစ္စရေးတို့က ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ်၏ အစီရင်ခံစာအရ ပထမ (၁၀) ရက်အတွင်း တိုက်ခိုက်မှုပေါင်း ၁၅,၀၀၀ ပြုလုပ်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများသည် ဒုံးကျည်လွှတ်တင်စင်များ၊ ဒုံးကျည်များနှင့် စစ်သင်္ဘောများကို ဖျက်ဆီးနိုင်ခဲ့ရုံသာမက အီရန်၏ လက်နက်တိုက်ကို ပြန်လည်ဖြည့်တင်းပေးမည့် ထုတ်လုပ်ရေးစခန်း အချို့ကိုပါ မြေလှန်ဖျက်ဆီးပစ်ခဲ့သည်။
အီရန်အစိုးရသည် (အကယ်၍ ဆက်လက်ရပ်တည်နိုင်ဦးမည်ဆိုလျှင်ပင်) နောင်လာမည့် နှစ်အနည်းငယ်အတွင်း စစ်ရေးအရ ကြီးမားသော ခြိမ်းခြောက်မှု မပြုလုပ်နိုင်စေရန်အတွက် အနည်းဆုံး နောက်ထပ် နှစ်ပတ်ခန့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ စစ်ရေးအရ အောင်ပွဲတစ်ခုဖြစ်လာမည်မှာ သေချာပြီး၊ ယင်းသည် ၁၉၇၉ ခုနှစ်နောက်ပိုင်း အီရန်အပေါ် အမေရိကန်၏ ပထမဆုံးသော စစ်ရေးအောင်ပွဲဟုပင် ဆိုနိုင်သည်။
သို့သော်လည်း ထိုကဲ့သို့သော အောင်ပွဲကို အဟန့်အတား ဖြစ်စေနိုင်သည့် အကြောင်း နှစ်ချက် ရှိနေသည်။ ပထမတချက်မှာ မရှိမဖြစ် လိုအပ်သော ပစ်မှတ်များကို အောင်မြင်စွာ တိုက်ခိုက်ခြင်း မပြုနိုင်မီမှာပင် သမ္မတ ထရမ့်မှ စစ်ဆင်ရေးကို အချိန်မတိုင်မီ ရပ်တန့်လိုက်မည့် အရေး ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် နွေရာသီကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးပြီး အီရန်အပေါ် အစ္စရေး၏ စစ်ဆင်ရေးကို စောစီးစွာ အဆုံးသတ်ရန် ဖိအားပေးခဲ့သည်။ ထိုစဉ်ကသာ နောက်ထပ် တစ်ပတ်ခန့် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့ပါက ယခုပဋိပက္ခ၏ ပထမဆုံးရက်များတွင် တီဟီရန်ဘက်မှ ပြင်းထန်စွာ တုံ့ပြန်နိုင်မှုကို တားဆီး ကောင်း တားဆီးနိုင်လိမ့်မည် ဖြစ်သည်။
ဒုတိယမြောက် အချက်သည်က အမေရိကန် သည် အီရန်ကို ဟော်မုဇ် ရေလက်ကြား အပေါ် ဆက်လက် ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ အီရန်အစိုးရသည် ဤစစ်ပွဲမှ လွတ်မြောက်ရှင်သန်သွားပြီး ဟော်မုဇ် ရေလက်ကြားကို ၎င်းတို့ စိတ်ထင်တိုင်း ပိတ်ပစ်နိုင်သည့် အာဏာစက် ဆက်လက်ရှိနေမည်ဆိုပါက လောင်စာဆီနှင့် အခြားအရေးကြီး ကုန်စည်များ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်မည်ဖြစ်ရာ အမေရိကန်ဘက်မှ မည်သို့ပင် အောင်ပွဲခံသည်ဟု ကြေညာစေကာမူ ထိုကြေညာချက်များသည် အနှစ်သာရမရှိဘဲ အလဟသသာ ဖြစ် ပေ လိမ့်မည်။
ယခုအခါ စစ်ပွဲကြောင့် စွမ်းအင်နှင့် ရှယ်ယာဈေးကွက်များအပေါ် သက်ရောက်နေသည့် ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ဖိအားများ ဖြစ်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဟော်မုဇ် ရေလက်ကြား ကို ထိန်းချုပ်နိုင်ပြီး ကုန်သွယ်မှုစီးဆင်းမှုကို ပြန်လည်ဖွင့်လှစ်နိုင်သည်အထိ ထိုဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို အောင့်အည်းသည်းခံနိုင်မှသာလျှင် စစ်ပွဲအောင်နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ရေလက်ကြားကို ဖြတ်သန်းသွားလာမှုမှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုအားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။ ရေနံတင်သင်္ဘော အစင်းရေ ၄၀၀ ခန့်မှာ ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက် ပါရှန်းပင်လယ်ကွေ့အတွင်း ပိတ်မိနေပြီး ထွက်ခွာနိုင်ခြင်း မရှိကြသလို၊ ရေလက်ကြား၏ အရှေ့ဘက် အိုမန်ပင်လယ်ကွေ့တွင် လည်း ရာနှင့် ချီသော သင်္ဘောများ ရပ်တန့်နေကြရသည်။
ကမ္ဘာ့ရေနံဈေးနှုန်း၏ စံနှုန်းဖြစ်သော ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းမှာ ပြီးခဲ့သည့်လအတွင်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။ အကယ်၍ ရေနံဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၅၀ အထိ ရောက်ရှိသွားပါက စျေးကွက်များကို အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားစေမည့် စီးပွားရေးအကြပ်အတည်းဆီသို့ ဦးတည်သွားစေနိုင်သည်။ ထိုအချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ထရမ့်အစိုးရအပေါ် ဖိအားပေးမှုများ သိသိသာသာ ကြီးထွားလာမည်မှာ အသေအချာပင် ဖြစ်သည်။
ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်မှာ လွယ်ကူ လှသည်တော့ မဟုတ်။ အီရန်နိုင်ငံအနေဖြင့် ရှာဟက်ဒ် ဒရုန်းများအပါအဝင် ဝေဟင်သုံးဒရုန်းများ၊ လူမဲ့အမြန်တိုက်ခိုက်ရေးလှေများဖြင့် သင်္ဘောများကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ထို့အပြင် ၎င်းတို့တွင် ခရုစ်ဒုံးကျည် များလည်း ရှိနေပြီး ယင်းမှာ အထူးအန္တရာယ်ကြီးလှသည်။ အကြောင်းမှာ ထိုရေလက်ကြားသည် အကျဉ်းဆုံးနေရာ၌ ၂၁ မိုင်သာ ကျယ်ဝန်းသဖြင့် အမေရိကန်စစ်သင်္ဘောများအနေဖြင့် ခုခံကာကွယ်နိုင်ရန် စက္ကန့် ၃၀ သို့မဟုတ် ၄၀ ခန့်သာ အချိန်ရသောကြောင့် ဖြစ်သည်။
အီရန်၏ ဒုံးကျည်များ၊ ဒရုန်းများနှင့် လူမဲ့တိုက်ခိုက်ရေး လှေများသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် အင်အားအတော်အတန် ချည့်နဲ့သွားခဲ့ပြီဖြစ်သလို ဆက်လက်၍လည်း အပြင်းအထန် တိုက်ခိုက်ခံရဦးမည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အကြီးမားဆုံးသော အတားအဆီးမှာ ပင်လယ်ရေအောက်ကြမ်းပြင်တွင် တိတ်ဆိတ်စွာ တည်ရှိနေသည့်၊ အချို့မှာ အဝတ်လျှော်စက်ခန့် အရွယ်အစားရှိသော အီရန်၏ ရေမြုပ်မိုင်း များပင် ဖြစ်သည်။ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ မိုင်းထောင်သင်္ဘော ၁၆ စင်းမှာ အသုံးမပြုနိုင်တော့ဘဲ ပျက်စီးသွားခဲ့သော်လည်း အီရန်တွင် ရေမြုပ်မိုင်းပေါင်း ရာနှင့်ချီ၍ သို့မဟုတ် ထောင်နှင့်ချီ၍ ကျန်ရှိနေနိုင်သေးသည်။
လွန်ခဲ့သော အနှစ် ၄၀ ခန့်၊ အီရန်-အီရတ် စစ်ပွဲအတွင်းကလည်း အီရန် သည် ပါရှန်းပင်လယ်ကွေ့နိုင်ငံများ အနေဖြင့် ဆက်ဒမ် ဟူစိန်ကို ထောက်ခံအားပေးမှု ရပ်တန့်စေရန် ဖိအားပေးလာခဲ့ရာ ရေဂင်အစိုးရသည်လည်း ယခုကဲ့သို့ပင် စိန်ခေါ်မှုမျိုးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
စစ်ဆင်ရေး အားနက်စ်ဝဲလ် (Operation Earnest Will) ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အမေရိကန်ရေတပ် စစ်သင်္ဘောများသည် ကူဝိတ်ရေနံတင်သင်္ဘောများကို အီရန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ပါရှန်းပင်လယ်ကွေ့အတွင်း လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။ ၁၉၈၇ ခုနှစ် ဇူလိုင်လ၊ ပထမဆုံးအကြိမ် လိုက်ပါစောင့်ရှောက်မှု ခရီးစဉ်မှာပင် ကူဝိတ်ရေနံတင်သင်္ဘောကြီးတစ်စင်းမှာ ရေမြုပ်မိုင်းထိမှန် ပေါက်ကွဲခဲ့သော်လည်း ထိုစစ်ဆင်ရေးသည် နောက်ဆုံးတွင် အောင်မြင်မှု ရရှိခဲ့သည်။
နောက်တစ်နှစ် နွေဦးရာသီတွင်လည်း ရေမြုပ်မိုင်းတစ်လုံးကြောင့် အမေရိကန်စစ်သင်္ဘောတစ်စင်းမှာ သင်္ဘောကိုယ်ထည် အောက်ခြေကျိုးသွားပြီး သင်္ဘောသား ၆၀ ခန့် ဒဏ်ရာရရှိကာ နစ်မြုပ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။
ယနေ့ခေတ်တွင် အီရန်နိုင်ငံ၌ ၁၉၈၀ ပြည့်လွန်နှစ်များကထက် ပိုမိုအဆင့်မြင့်သော ရေမြုပ်မိုင်းများ ရှိနေသည့်အတွက် စိန်ခေါ်မှုမှာ ပိုမိုကြီးမားလာပါသည်။ ထို့ပြင် အီရန်သည် မိုင်းထောင်ထားသည့် နယ်မြေများကို စနစ်တကျ မှတ်သားဖော်ပြရမည်ဟူသော ဂျနီဗာ ကွန်ဗင်းရှင်း (Geneva Conventions) ၏ မိုင်းသုံးစစ်ဆင်ရေးဆိုင်ရာ စည်းမျဉ်းများကိုလည်း ပုံမှန်အားဖြင့် လျစ်လျူရှုလေ့ရှိသည်။
အချို့သော ရေမိုင်းများသည် ပင်လယ်ကြမ်းပြင်တွင် တည်ရှိနေကြပြီး အချို့မှာမူ ရေအောက်ကြမ်းပြင်နှင့် ကြိုးဖြင့် ချိတ်ထားကြသည်။ ထို့ထက် ပိုမိုဆိုးရွားသည်မှာ အချို့သော မိုင်းများကို သင်္ဘောအရေအတွက် မှတ်သားနိုင်ရန် ပရိုဂရမ် ရေးဆွဲထားနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် မိုင်းရှင်းလင်းရေးသင်္ဘောက ထိုလမ်းကြောင်းအတိုင်း အရင်ဖြတ်သန်းသွားပြီးနောက် နောက်ထပ်သင်္ဘောတစ်စင်းက ထပ်မံလိုက်ပါသွားသော်လည်း၊ တတိယမြောက် သင်္ဘောရောက်ရှိလာမှသာ ထိုမိုင်းမှာ ပေါက်ကွဲပြီး သင်္ဘောကို နစ်မြုပ်သွားစေရန် လုပ်ဆောင်နိုင်သည်။
သတင်းများအရ သမ္မတ ထရမ့်သည် အမေရိကန် ရေတပ်စစ်သင်္ဘောများ အသုံးပြု၍ ရေနံတင်သင်္ဘောများကို ရေလက်ကြားတစ်လျှောက် လိုက်ပါစောင့်ရှောက်ပေးသည့် လုပ်ငန်းစဉ်ကို စတင်ရန် အလွန်ပင် စိတ်အားထက်သန်နေကြောင်း သိရသည်။ သို့သော် "စစ်ဆင်ရေး အားနက်စ်ဝဲလ်" မှ ရရှိသည့် သင်ခန်းစာ အရ အမေရိကန်တပ်ဖွဲ့များအနေဖြင့် ခြိမ်းခြောက်မှုများကို တတ်နိုင်သမျှ အများဆုံး ဖယ်ရှားရှင်းလင်းခြင်း မပြုရသေးမီ၊ အချိန်မတိုင်ခင် ရေလက်ကြားကို ဖြတ်သန်းရန် မကြိုးပမ်းသင့် ဆိုသည်ပင် ဖြစ်သည်။
အကယ်၍ ရေပြင်တွင် မိုင်းများ ရှိနေပါက ပင်ပန်းခက်ခဲပြီး အန္တရာယ်ကြီးမားလှသည့်အပြင် နှေးကွေးလွန်းလှသော မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို ပြီးဆုံးအောင် ဆောင်ရွက်ရန်မှာ အထူးပင် အရေးကြီးလှသည်။
လွန်ခဲ့သော အနှစ် ၄၀ ခန့်က သင်္ဘောများ လိုက်ပါစောင့်ရှောက်ရသည့် စစ်ဆင်ရေးများတွင် ဆောင်းပါးရှင် ကိုယ်တိုင် ပါဝင်ခဲ့ဖူးသည်။ ထိုစဉ်က ရရှိခဲ့သော သင်ခန်းစာမှာ ဤလုပ်ငန်းစဉ်အတွက် အလျင်စလို လုပ်ဆောင်၍ရသော နည်းလမ်းဟူ၍ မရှိ၊ ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူပြီးစနစ်တကျ လုပ်ဆောင်ရသော လုပ်ငန်းစဉ်သာ ဖြစ်သည်ကို တွေ့လာခဲ့ရ သည်။
ယင်းအတွက် ဂြိုဟ်တုမှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ တိုက်လေယာဉ်များနှင့် လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ အကာအကွယ်ပေးခြင်းတို့ လိုအပ်ပါသည်။ လာမည့် နှစ်ပတ်အတွင်းတွင် ကုန်သွယ်ရေးသင်္ဘောများကို လိုက်ပါစောင့်ရှောက်ရန်အတွက် လုံလောက်သော အရေအတွက်ရှိသည့် အမေရိကန် ဖျက်သင်္ဘော များ အာရေဗျ ပင်လယ်မြောက်ပိုင်းသို့ ရောက်ရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။ မဟာမိတ်နိုင်ငံများဘက်မှ စစ်သင်္ဘောများ ကူညီထောက်ပံ့ပေးမည်ဆိုပါက အထောက်အကူ ဖြစ်နိုင် သော်လည်း၊ မရှိမဖြစ် လိုအပ် နေသည်တော့ မဟုတ်။
တရုတ်နိုင်ငံသည်လည်း ယခုဖြစ်ရပ်များကို စောင့်ကြည့် နေမည် ဆိုသည်ကို ထရမ့် အနေဖြင့် သတိပြုသင့်သည်။ အကယ်၍ ရေနံဈေးကွက်အတွင်းရှိ ဖိအားများ ကြောင့် အမေရိကန်တို့ စိတ်ပျက်လက်ပျက် ဖြစ်လာပြီး ထရမ့်ကို စစ်ပွဲမှ နုတ်ထွက်သွားအောင် တွန်းအားပေးနိုင်ခဲ့မည်ဆိုပါက တရုတ်ခေါင်းဆောင်များအနေဖြင့် ထိုင်ဝမ်ကို ကာကွယ်ပေးမည်ဟူသော အမေရိကန်၏ ကတိကဝတ်များသည် အနှစ်သာရမရှိသည့် ကြွားဝါမှုများသာဖြစ်သည်ဟု ကောက်ချက်ချရန် ပိုမိုနီးစပ်သွားမည် ဖြစ်သည်။
အကယ်၍ အမေရိကန် အနေဖြင့် လာမည့် သီတင်းပတ်အနည်းငယ်အတွင်း ဆက်၍ တောင့်ခံ ထား နိုင်မည်ဆိုပါက အီရန်၏ စစ်ယန္တရားတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်မည် ဖြစ်သည်။ ယင်းသည် နှစ်ပေါင်း လေးဆယ် ကျော်အတွင်း မည်သည့် ပိတ်ဆို့အရေးယူမှု သို့မဟုတ် သံတမန်ရေးရာ နည်းလမ်းများဖြင့်မျှ မဖော်ဆောင်နိုင်ခဲ့သည့် နှစ်ရှည်လများ ငြိမ်သက် အေးချမ်းမှုတစ်ရပ်ကို ရရှိစေမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဒေသတွင်း အခင်းအကျင်းသစ်တစ်ခု ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။
သမ္မတ ထရမ့် သည် အဆုံးအဖြတ်ပေးရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းအနေဖြင့် စစ်ပွဲကို ချက်ချင်းအဆုံးသတ်ခြင်းနှင့် အောင်ပွဲရရှိသည်ဟု ကြေညာခြင်း နှစ်ခုစလုံးကို တစ်ပြိုင်နက် လုပ်ဆောင်၍ မရနိုင်ပါ။ ထိုနှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရမည် ဖြစ်သည်။
(ဆောင်းပါးရှင် မာ့ခ် မောင်ဂိုမာရီသည် အမေရိကန်ရေတပ်မှ အငြိမ်းစား ရေတပ်ဗိုလ်ချုပ် တစ်ဦးဖြစ်ပြီး ဒီမိုကရေစီနိုင်ငံများ ကာကွယ်ရေးဖောင်ဒေးရှင်း (Foundation for Defense of Democracies) ၏ ဝါရင့်သုတေသနအရာရှိ တစ်ဦးလည်း ဖြစ်သည်။ ယခင်က အမေရိကန် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ တွင် မူဝါဒရေးရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။)