ယူကရိန်းက တော်လှန်ရေး အဖွဲ့များ ကို ကူညီ နေပြီလော

by Hla Soewai - Mar 23 2026

အိန္ဒိယ ထောက်လှန်းရေး မှ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး တော်လှန်ရေး အဖွဲ့များကို စစ်ရေး လေ့ကျင့် ပေးသည် ဆိုကာ ယူကရိန်း ၆ ဦး နှင့် အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီး လိုက်ပြီ ဆိုသော သတင်းသည် အိန္ဒိယ သတင်း မီဒီယာများ တွင် ဟိုလေး တကျော် ကျော် ပါရှိလာခဲ့သည်။

 

နယူးဒေလီ တရားရုံး မှ ၎င်းတို့အား စုံစမ်းစစ်ဆေးနိုင်ဖို့ မတ်လ ၂၇ အထိ ချုပ်နှောင်ထားရန် ရမန် ထုတ်ပေးလိုက်သည်ဟု ဆိုသည်။

 

ထိုအဖွဲ့သည် နိုင်ငံခြားသားများ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မရှိသည့် မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်သွားခဲ့ ကြောင်းနှင့် ထိုနေရာတွင် ၎င်းတို့သည် 'အိန္ဒိယနိုင်ငံရှိ လက်နက်ကိုင် အုပ်စုများနှင့် ဆက်နွှယ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သင်တန်းပေးနေခြင်း' များ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

 

ထို့နောက် အိန္ဒိယ သို့ ပြန်လည် ဝင်ရောက်လာသော ယူကရိန်း ၆ ဦးအား နယူးဒေလီ၊ လပ်က‌ နောင်း နှင့် ၊ အမေရိကန် နိုင်ငံသား ကို ကာလကတ္တား လေဆိပ်များ တွင် ၎င်း အသီးသီး ဖမ်းဆီးခဲ့သည်ဟုလည်း သိရသည်။

 

၎င်းတို့အား အိန္ဒိယ အား အကြမ်းဖက် မှု ကျူးလွန် ရန် ပူးပေါင်း ကြံစည်မှု ဖြင့် စွဲချက် တင်မည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းမှ အချို့သောအဖွဲ့အစည်းများအပေါ် အိန္ဒိယအစိုးရက ကာလရှည်ကြာ သံသယရှိနေခဲ့ပြီး၊ အကြမ်းဖက်မှုများ ၎င်းတို့နိုင်ငံဘက်သို့ ကူးစက်ပျံ့နှံ့လာမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံတွင်း ရှိ လက်နက်ကိုင် အဖွဲ့များ နှင့် ဆက်သွယ်ခဲ့မှု ကြောင့် ဖြစ်သည်။

 

အနောက်နိုင်ငံသား ကြေးစားစစ်သား ‘ထောင်ပေါင်းများစွာ’ သည် မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံသို့ ဝင်ရောက် သွားခဲ့သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့သည့်နှစ်တွင် ပြောကြားခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

 

၎င်းတို့သည် ဥရောပမှ အိန္ဒိယနိုင်ငံအတွင်းသို့ မြန်မာ တွင်အသုံးပြုရန် ဒရုန်းအမြောက်အမြားကို သယ်ဆောင်လာခဲ့ပြီး မြန်မာဖက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လေ့ကျင် ပေးနေသည်ဟု အိန္ဒိယ ထောက်လှန်းရေး National Investigation Agency (NIA) က ထုတ်ဖေါ် ပြောဆိုလာသည်။ သို့သော် အဆိုပါ ဒရုန်းများ နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဟု ယူကရိန်း နိုင်ငံထုတ် ကိဗ် ပို့စ် တွင် ဖေါ်ပြထားသည်။

 

ယူကရိန်းနိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းခံရမှုကို မတ်လ ၁၃ ရက်နေ့တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး၊ ၎င်းတို့အား ကောင်စစ်ဝန်မှ တွေ့ဆုံ ခွင့်ရရှိရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ ယူကရိန်းနိုင်ငံသားများသည် အိန္ဒိယ သို့မဟုတ် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တရားမဝင် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် အတည်ပြုနိုင်သော အချက်အလက်များ ယခုအချိန်အထိ မရှိသေးကြောင်း ဝန်ကြီးဌာနက သတင်းထောက်များအား ပြောကြားခဲ့ပြီး၊ ဖြစ်စဉ်အခြေအနေများကို ရှင်းလင်းစွာ သိရှိနိုင်ရန် ယူကရိန်းသံတမန်များက အိန္ဒိယအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းဆိုသွားသည်။

 

ယူကရိန်း သံရုံ ဝန်ထမ်းများက မတ်လ ၁၆ ရက်နေ့ တရားခွင် သို့ တက်ရောက်ခဲ့သော်လည်း ၎င်းတို့ နိုင်ငံသားများ နှင့် တွေ့ဆုံခွင့် မရခဲ့ဟု သိရသည်။ ဖမ်းဆီးခံရသူများ၏ မိသားစု များ အားလည်း ဆက်သွယ်အကြောင်းကြားပြီး လိုအပ်သည်များ ဆောင်ရွက်ပေး နေသည်ဟု သိရသည်။

 

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ အိန္ဒိယ သို့မဟုတ် မြန်မာနိုင်ငံအတွင်းရှိ တရားမဝင်လှုပ်ရှားမှုများတွင် ယူကရိန်းနိုင်ငံသားများ ပါဝင်ပတ်သက်နေကြောင်း အတည်ပြုနိုင်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာမရှိဘဲ အိန္ဒိယနှင့် ရုရှားမီဒီယာအချို့မှ အချက်အလက်များကို လိမ်လည်လှည့်ဖျားကာ လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်များသာဖြစ်ကြောင်း ဒေါသတကြီး ပြောဆိုသွားခဲ့သည်။

 

အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးသည် အိန္ဒိယ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဘီ ဂျော့ခ်ျ နှင့် တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံထားရသည့် ယူကရိန်းနိုင်ငံသားများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ၎င်းတို့ထံ သွားရောက်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသည့် တရားဝင်ကန့်ကွက်လွှာ ကို ပေးအပ်ခဲ့သည်။

 

အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူက ဖမ်းဆီးခံရသူများထဲတွင် အမေရိကန်နိုင်ငံသားတစ်ဦးလည်း ပါဝင်နေသည် ကို သိရှိကြောင်း နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု အကြောင်းပြချက်များ Privacy reasons ကြောင့် အဆိုပါအမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောခဲ့သည်ဟု အိန္ဒိယ အိပ်စ်ပရက်စ် သတင်းစာတွင် ဖေါ်ပြထားသည်။

 

အိန္ဒိယအစိုးရ သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် အရှည် ၁,၆၄၃ ကီလိုမီတာ (၁,၀၂၁ မိုင်) ရှိသည့် နယ်စပ်ခြံစည်းရိုးကို လက်ရှိတွင် တည်ဆောက်လျက်ရှိသည်။

 

ယူကရိန်း၏ ဒရုန်း နည်းပညာသည် အမေရိကန်တို့က အီရန် စစ်ပွဲ အတွက် အကူအညီ တောင်းရသည် အထိ အစွမ်းထက်မြက် နေသည်။

 

တော်လှန်ရေး ဖက်တွင်လည်း KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များသည် မိုးညှင်း မြို့နယ် အတွင်းရှိ အင်တော်ကြီးကန် အနောက်ဘက်ကမ်း၊ လုံးတုံရွာအနီး အခိုင်အမာ တပ်စွဲထားသော စစ် အုပ်စု တပ်စခန်းများကို ပြီးခဲ့သည့်သောကြာနေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များအရ သိရသည်။

 

အဆိုပါ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ KIA ဦးဆောင်သော ပူးပေါင်း တပ်များသည် ခလရ (၃၈၉) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်များကို ဒရုန်းများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သလို တနင်္ဂနွေနေ့အထိ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!