လူထုက လည်း တစက်မှ မလိုလား၊ ၎င်းတို့ အကျိုးကို တခုတလေမျှ လုပ်ပေးကြမည် မဟုတ်မှန်း သိသိကြီးနှင့် မတတ်သာ၍ မဲထည့် ပေးလိုက်ရသူ များ က ယနေ့ နေပြည်တော်တွင် လာရောက် စုဝေးကြပြီး လွှတ်တော် အဖြစ် စစ်တပ် အလိုကျ အသုံးတော်ခံရန် စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ဤသို့ဖြင့် အမှန်တကယ် အာဏာပိုင် စိုးသူ စစ်တပ်က တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည့် ဒီမိုကရေစီသို့ အမည်ခံ ပြန်လည်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။
မဲရုံများသို့ လာရောက်မဲပေးသူ နည်းပါးခြင်း၊ အားကောင်းသည့် အတိုက်အခံ မရှိခြင်းတို့ကြားမှ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က လွှမ်းမိုးထားသည့် အဆင့်ဆင့် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
USDP ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ခင်ရီကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ဤသည်မှာလည်း အဆန်းတကြယ် တော့ မဟုတ်၊ ထိုရာထူးအတွက်သာ လျာထားကြောင်း အစောပိုင်းကတည်းက သတင်း ထွက်ပေါ်ထားခဲ့ပြီး ဖြစ်သည်၊ ၎င်းအား စစ်တပ်၏ မူဝါဒများကို အဓိက နေရာမှ ရှေ့ဆက် အကောင်အထည် ဖေါ်ပေးရမည့် သူအဖြစ် ရှုမြင်ထားကြ ပြီး ဖြစ်သည်။
ပြန်ဝန် ဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်းသည် ဒုဥက္ကဌ ဖြစ်လာခဲ့သည်။
အံ့ဩဖို့ကောင်းသည်က ၎င်းတို့ အဆို မဲ အပြတ်အသတ် ဖြင့် အနိုင်ရခဲ့သည့် ပါတီ ခေါင်းဆောင် ကြီးသည် အစဉ်အလာအရ နိုင်ငံ၏ အုပ်ချုပ် ရေး အာဏာ ကို ပိုင်စိုးထားသည့် သမ္မတ ဖြစ်မလာခြင်းကပင် ရွေးကောက်ပွဲသည် "လုပ်ပွဲကြီး" ဆိုသည်ကို နိုင်ငံတကာ၏ ယူဆထားသည်များ မှန်ကန်ကြောင်း အတည်ပြု ပေးလိုက်ခြင်းသာ ဖြစ်သည်။
ပြည်သူ အများစုသည် ပြည်တွင်းစစ်နှင့် လူသားချင်း စာနာထောက်ထား စရာ အကျပ်အတည်း များကြောင့် ဒုက္ခ ပင်လယ် ဝေလျက် ရှိချိန် တွင် ထိုဖြစ်ရပ်သည် ၎င်းတို့နှင့် လားလားမျှ မဆိုင်သည့်အလား ခေါင်းပေါင်းစ တလူလူ နှင့် စုဝေးလာကြပြီး ၎င်းတို့ ကြံစည်ထားသည်များကို ဆက်၍ အကောင်အထည် ဖေါ်ကြ ပေတော့မည်။
အဓိက ရည်ရွယ်ချက်သည်က နိုင်ငံတကာတွင် လူရာ ပြန်ဝင်ရန် တရားဝင် အစိုးရ သဖွယ် ဖန်တီးလို၍ ဖြစ်သည်။ ထိုလွှတ်တော်တွင် စစ်တပ် နှင့် မပတ်သက်သည့် သူ၊ စစ်တပ် အသိုက်အဝန်း မဟုတ်သူ သူ ဟူ၍ ရာခိုင်နှုန်း အနည်းငယ်မျှသာ ပါဝင်လာသည်ကို တွေ့ရမည်သာ ဖြစ်သည်။
ထို့အတွက် ကြောင့်လည်း သမ္မတ ရာထူးကို ရွေးချယ် နိုင်သည့် ပြည်သူ့ အာဏာ သည် စစ်တပ်လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားစေသည့် ကြိုတင်ကြံစည်မှုသာ ဖြစ်သည်။
သမ္မတ လုပ်ရန် ဆယ်စုနှစ်တစုမျှ အောင့်အည်းထားရပြီး ရေးပေးထားသော စာကိုပင် လေးလုံးကွဲ ဋ္ဌာန်ကရိုဏ်း ကျအောင် ဖတ်နိုင် ပြောနိုင်ခြင်း မရှိရှာ သည့် ပုဂ္ဂိုလ်က သမ္မတ ဖြစ်လာပေတော့မည်၊ လူထု အတွက်က အနှစ်သာရ ရှိမည့် အပြောင်းအလဲ ဟူ၍ ထွက်ပေါ်လာဖို့ မရှိပေ။ တိုင်းပြည် အကျိုုးကို အမှန်တကယ် စိတ်ရင်းစေတနာ အပြည့်၊ ကိုယ်ကျိုး မဖက် သယ်ပိုးခဲ့ သော အသက် ၈၀ ရှိ နိုင်ငံ ခေါင်းဆောင်ကြီး၏ ကံကြမ္မာသည်လည်း ထိုသို့သော လူမျိုးက မှောက်ချင်မှောက် သွန်လိုသွန် ဘဝ ရောက်နေရသည်က လွန်စွာမှ ရင်နာဖို့ ကောင်းလှပေသည်။
အလျင်းသင့်၍ ပြောလိုသည်မှာ နိုဘဲလ် ဆုရှင်တဦး ကွယ်လွန်ပါက သုံးရက် အတွင်း နိုင်ငံတကာ သို့ အသိပေးရမည် ဟူသော "ဂျင်း" မျိုးကို ယုံကြည်မထားကြဖို့ အသိပေးလိုပါသည်။
ယခု အမတ် ၃၇၃ ဦး ပါ လွှတ်တော်သည် မင်း အောင်လှိုင် စီမံထားသည့် အဖွဲ့ဝင် ငါးဦးပါဝင်သော "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ" ကို ဖွဲ့စည်း ပေးသွားရမည်ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုအဖွဲ့မှတဆင့် စစ်ဘက် ကိုပါ ဆက်၍ ဆုပ်ကိုင်ထားနိုင် မည် ဟု ယုံကြည်ထားသော ကြောင့်လည်း ဖြစ်သည်။
အရပ်သားအစိုးရဟု အမည်ခံထားသည့် အစိုးရတစ်ရပ်သို့ အသွင်ကူးပြောင်းရန် ဦးဆောင် စီစဉ် ခဲ့သည့် မင်းအောင်လှိုင်သည် မတ်လကုန်ပိုင်းတွင် သမ္မတရာထူးကို မရယူမီ စစ်တပ်၏ အမြင့်ဆုံးရာထူးအား အသက် ၆၀ ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လက်လွှဲပေးဖွယ်ရှိကြောင်း ထင်ကြေး ပေးထားပြီး ဖြစ်သည်။
၎င်းသည် မင်းအောင်လှိုင်၏ အယုံကြည်ရဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား များ ကို နရသိန် ထောင်ကြီး အတွင်း နှိပ်စက်ညှင်းပမ်းခဲ့မှု များ တွင် ဦးဆောင်ဦးရွက် ပြုခဲ့သည်ဟူသော နာမည် ဆိုးဖြင့် ကျော်ကြားနေသူ ဖြစ်သည်။ မင်းအောင်လှိုင် ခိုင်းသမျှ လုပ်မည့် ရုပ်သေး သာသာ အဖြစ် နှင့် ၎င်း၏ ရပ်တည်မှု ကို ခြိမ်းခြောက်ခံရမည် မဟုတ်ဟု ယုံကြည်ထား၍လည်း ဖြစ်သည်ဟု AFP သတင်းက ကမ္ဘာသို့ ချပြသွားခဲ့သည်။
ရဲဝင်းဦးသည် တိုက်ရည် ခိုက်ရည် တွင် လေးစား လောက်စရာ တစက်မျှ ရှိခဲ့သူ မဟုတ်သော်လည်း ထောက်လှန်းရေး အကြီးအကဲ အဖြစ် ၎င်းတို့၏ အတွင်းရေးများကို အူမ ချေးခါး မကျန် သိထား၍လည်း တပ်မှုးကြီးများက ထိတ်လန့် ကြောက်ရွံခြင်း ခံနေရသူ ဖြစ်သည်။ စာရွက်ပေါ်တွင်သာရှိသည့် ဗိုလ်ချုပ်၊ မင်းအောင်လှိုင်၏ 'လက်ကိုင်တုတ်' အဖြစ် စစ်တပ် အတွင်း သတ်မှတ်ခံရသူက ကာချုပ် ဖြစ်လာမည့် အရေးသည် စစ်တပ် အတွက် တော့ အားတက်စရာ ဖြစ်လာမည် မဟုတ်ပေ။
ဧပြီလတွင် အစိုးရသစ်ဖွဲ့စည်းမည်ဟု ပြောဆိုထားပြီး အရေးယူပိတ်ဆို့မှုများ လျော့ပေါ့လာခြင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလိမ့်မည်ဟု လည်း စိတ်ကူးယဉ်နေကြသည်။
ဂျပန် နိုင်ငံ ထုတ် အဆာဟီ ရှင်ဘွန်း သတင်းစာပါ ပုံတွင် စစ်မြေပြင်သို့ မထွက်ရဘဲ အဲယားကွန်း အခန်းကျယ်ကြီးထဲတွင် ယခင်ကလို ထိုင်လိုက်ထလိုက် လုပ်စရာ မလိုပဲ သဘောရှိ အိပ်ငိုက်လို့ရမည့် လေးပုံ တပုံ ဖြစ် သော မောင်ကံကောင်း ၉၃ ယောက်ရောက်ရှိလာသည်ကို တွေ့ကြရမည် ဖြစ်သည်။
လွှတ်တော်သို့ သွားရာ လမ်းမကြီးများကို ပိတ်ဆို့ထားခဲ့ပြီး၊ ယာဉ်များ လွှတ်တော်အတွင်းသို့ မဝင်ရောက်မီ ဖောက်ခွဲရေးပစ္စည်းများ ရှိ/မရှိ အစစ်ဆေး ခံပြီးမှ ဝင်ရောက်လာခဲ့ရခြင်းလည်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။
၂၁၃ ဦး ပါ အမျိုးသား လွှတ်တော်ကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး တိုင်း နှင့် ပြည်နယ် လွှတ်တော်များကို နောက် နှစ်ရက်ကြာ တွင် စတင်မည်ဟု သိရသည်။
လွှတ်တော် နှစ်ရပ်ပေါင်း ၅၈၆ နေရာတွင် စစ်တပ်၏ တိုက်ရိုက်ခန့်အပ်မှု ၁၆၆ နေရာ စစ်တပ်၏ USDP ပါတီသည် ၃၃၉ နေရာ ရရှိပြီး ကျန်ရှိတဲ့နေရာ ၈၁ နေရာကိုတခြားပါတီ ၂၁ ခု အား ခွဲဝေပေးခဲ့သည်။ ပါတီတစ်ခုချင်းစီအလိုက် နေရာ (၁) နေရာကနေ (၂၀) နေရာအထိသာ ရရှိခဲ့ကြသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!