နှစ်ဖက်စလုံး အကျပ်ရိုက်လာသည့် အီရန် စစ်ပွဲ

by Hla Soewai - Mar 23 2026

အမေရိကန် ဖက်က နေ့စဉ်နှင့် အမျှ ပြောင်းလဲနေသော အီရန်ဆိုင်ရာ ရည်မှန်းချက်များ ဖြစ်သည့် အစိုးရအပြောင်းအလဲလုပ်ရေး၊ နျူကလီးယား သဘောတူညီချက်ရရှိရေး အစရှိသည်များကို မေ့ထားရ ပေ တော့မည်။ ယခုအခါ စစ်ပွဲသည် တတိယမြောက် သီတင်းပတ်ထဲ ဝင်‌ ရောက်လာသည်နှင့်အမျှ ဒေါ်နယ်ထရမ့်၏ ရည်မှန်းချက် စာရင်းတွင် တစ်ခုတည်းသာ ကျန်ပေတော့သည်။ ဤသည်ကတော့ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုအတွက် အရေးအပါဆုံး ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြား ကို ထိန်းချုပ်နိုင်ဖို့ပင် ဖြစ်သည်။

 

သို့ပေသိ လုံးဝဥဿုံတော့ မှန်ကန်သည်ဟု မဆိုနိုင်ပြန်၊ အမေရိကန် နှင့် အစ္စရေးသည်ရေလက်ကြားနှင့် မည်သို့မျှ မသက်ဆိုင်သည့် အီရန်နိုင်ငံ တစ်ဝှမ်းရှိ ပစ်မှတ်ပေါင်း ရာနဲ့ချီ ၍ ဆက်လက်ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်သည်။

 

ဝါရှင်တန်ဒီစီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ HRANA အဆိုအရ စစ်ပွဲစတင်ကတည်းက အနည်းဆုံး လူပေါင်း ၂,၄၀၀ သေဆုံးခဲ့ပြီး၊ ထိုအထဲတွင် အရပ်သား ၁,၃၀၀ ကျော် ပါဝင်နေသည်။ အီရန်ဘက်ကလည်း အစ္စရေးနဲ့ ပင်လယ်ကွေ့နိုင်ငံ များ ဆီသို့ ဒုံးကျည်များ၊ ဒရုန်းအမြောက်အမြားနှင့် နေ့စဉ်လို ပစ်ခတ်နေဆဲဖြစ်ပြီး၊ ဆော်ဒီအာရေဗျက စစ်အခြေစိုက်စခန်း မှသည် ဒူဘိုင်း ရှိ "Sexy Fish" ဟု ခေါ်သည့် စားသောက်ဆိုင်ရှိရာ မိုးပျံတိုက်ကြီးအထိ ထိခိုက်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ ဟော်မုဇ် ရေလက်ကြားသည် စစ်ပွဲ၏ အဓိကအချက်အချာ ဖြစ်လာခဲ့သည်။ အီရန်သည် ကုန်သွယ်ရေး သင်္ဘော များကို ခြိမ်းခြောက်ခြင်းနှင့် အချို့ကို တိုက်ခိုက်ခဲ့ခြင်း တို့ဖြင့် ရေလမ်းကြောင်းကို လက်တွေ့ တွင် ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်သည်။ ထို့အတွက် ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၁၅% ခန့်အပြင်၊ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ ကာတာနိုင်ငံက တင်ပို့နေသည့် အရည်ပြောင်း သဘာဝဓာတ်ငွေ့ (LNG) များပါ ပိတ်ဆို့သွားခဲ့ရသည်။ (ကာတာသည် တစ်ကမ္ဘာလုံး LNG တင်ပို့မှု၏ ၂၀% ကို တာဝန်ယူထားသည်။)

 

ထရမ့်အစိုးရအဖွဲ့သည် ဟော်မုဇ်ရေလက်ကြားအား ထိုမျှလောက် အထိ အခိုင်အမာ ပိတ်ဆို့သွား နိုင် လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိ။ ဤသည်ကပင် စစ်ပွဲကို ဆင်နွှဲရာတွင် ၎င်းတို့၏ အမြော်အမြင် နည်းပါးမှုကို ပြသနေသည့် နောက်ထပ် သာဓကတစ်ခုဖြစ်လာခဲ့သည်။ 

 

သမ္မတကတော့ "ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာပဲ လုံခြုံစိတ်ချရပြီး လွတ်လပ်တဲ့ လမ်းကြောင်းအဖြစ် ပြန်ဖွင့်ပေးသွားမှာပါ" လို့ မတ်လ ၁၄ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့သည်။ တစ်ဖက် တွင် လည်း အီရန်၏ အဓိကခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရပြီး တစ်ပတ်အကြာအထိ လူမြင်ကွင်းကို ထွက်မလာ နိုင် ဖြစ်နေသည့် မာ့ဂျ်တာဘာ ခါမေနီ (သို့မဟုတ် သူ့ကိုယ်စား ထုတ်ပြန်ချက်တွေ ရေးပေးနေသူ) ကတော့ ရေလက်ကြားကို ပိတ်ထားမြဲ ပိတ်ထားမည်ဟု ဆိုနေသည်။

 

ရေတပ်အင်အား ဖြည့်တင်းဖို့ သမ္မတမှ မဟာမိတ် နိုင်ငံများအား တောင်းဆိုခဲ့မှုသည်လည်း အရာမထင် ဖြစ်နေသည်။ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ဝရိုက် က စွမ်းအင်စျေးနှုန်းများ ဆက်၍ မြင့်တက်နေနိုင်သည် ဆိုသည်ကို ဝန်ခံပြောကြားခဲ့သည်။

 

ရေနံ ဈေးနှုန်းသည် လည်း တစည်လျင် ၁၀၆ ဒေါ်လာ ဖြစ်လာ၍ စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုများ ရှိလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေပြီ ဖြစ်သည်။

 

ထရမ့်ကတော့ စိတ်မလျော့သေးဘဲ ၎င်း၏ တောင်းဆိုချက်ကို အကယ်၍ တုံ့ပြန်မှု မရှိခဲ့ရင်ဒါမှမဟုတ် တုံ့ပြန်မှုက အပျက်သဘောဆောင်နေမယ်ဆိုရင် နေတိုးရဲ့ အနာဂတ်အတွက် အခြေအနေဟာ အတော်လေး ဆိုးရွားသွားလိမ့်မည်" ဟု တနင်္ဂနွေနေ့တွင် Financial Times နှင့် ပြုလုပ်ခဲ့သော အင်တာဗျူး အတိုတစ်ခု၌ ပြောကြားခဲ့သည်။ ထို့အပြင် မစ္စတာ ထရမ့်က ပင်လယ်ကွေ့ဒေသ လုံခြုံရေးအတွက် တရုတ်နိုင်ငံအနေဖြင့်လည်း စစ်သင်္ဘောများ စေလွှတ်ကာ ကူညီသင့်ကြောင်း အဆိုပါ အင်တာဗျူးတွင် တဆက်တည်း အကြံပြု ပြောကြားခဲ့သည်။

 

အီရန်သည် တရုတ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား အား ဖြတ်သန်းခွင့်ပြုထားသောကြောင့် ဘီဂျင်းရှိ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ ရေတပ်အင်အားကို စေလွှတ်ရန်အတွက် မလိုအပ်တော့ဟု ယူဆလာနိုင်သည်။ လက်တွေ့တွင်မူ အဆိုပါ ရေလက်ကြားမှတစ်ဆင့် တင်ပို့နေသော ရေနံများသည် အီရန် သို့မဟုတ် ဆော်ဒီအာရေဗျနှင့် ကူဝိတ်ကဲ့သို့သော အမေရိကန်၏ မဟာမိတ်နိုင်ငံများထံမှ ဖြစ်နေသည်။

 

အီရန်သည်လည်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းသည် လက်ရှိအချိန်အထိတော့ စစ်ပွဲကို အဆုံးသတ်သွားရန် ဆိုသည့် ၎င်းတို့၏ မဟာဗျူဟာမြောက် ရည်မှန်းချက် ပြည့်ဝလာမည် မဟုတ်ဘဲ၊ စစ်ရေးအရ အနိုင်ရသည့် နည်းဗျူဟာ သက်သက်သာ ဖြစ်နေသည်။ ဟော်မုဇ်ရေလက်ကြားအတွက် တိုက်ပွဲသည် နှစ်ဖက်စလုံးကို အန္တရာယ်ကြီးမားသည့် ပဋိပက္ခ ဆီသို့ ဦးတည်သွားတော့မည် ဖြစ်သည်။

 

အကျဉ်းဆုံးနေရာတွင် ၃၄ မိုင် သာ ကျယ်ဝန်းပြီး ဘေးနှစ်ဖက် တွင် တောင်တန်းများ ကာရံထားသည့် ဟော်မုဇ် ရေလက်ကြားကို အမေရိကန်အနေဖြင့် ပြန်ဖွင့်ပေးရန်မှာ အလွန်ပင် ခက်ခဲ‌ နေသည်။ အီရန်အနေဖြင့်မူ ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် သင်္ဘောအားလုံးကို ပစ်ခတ်နေရန် မလိုဘဲ သင်္ဘောပိုင်ရှင်များနှင့် သင်္ဘောသားများအား "မိမိတို့ကို တိုက်ခိုက်ခံရနိုင်သည်" ဟူသော စိုးရိမ်စိတ်ဝင်လာအောင် ဖန်တီးပေးလိုက်ရုံဖြင့် လုံလောက်နေသည်။

 

ကမ်းရိုးတန်းကို လုံခြုံစေရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်း ဆိုသည်မှာလည်း အင်အား အ‌ဆမတန် လိုအပ်မည် ဖြစ်၍ ဖြစ်နိုင်ခြေမရှိသော ကိစ္စမျိုး ဖြစ် နေသည်။ ထို့အပြင် အီရန်ဘက်ကလည်း ကုန်းတွင်းပိုင်းမှနေ၍ ဆက်လက်ပစ်ခတ်နေနိုင်သေးသည်။ 

 

အကယ်၍ ထရမ့်အနေဖြင့် အဆိုပါ ရေလမ်းကြောင်းကို အတင်းအကျပ် ပြန်ဖွင့်နိုင်ခြင်း မရှိပါက၊ အခြားနေရာတစ်ခုကို လှည့်၍ လုပ်လာနိုင်သည်။ ထရမ့်သည် ဆယ်စုနှစ်ပေါင်းများစွာပါရှန်းပင်လယ်ကွေ့အတွင်းရှိ ကျောက်ဆောင်ထူထပ်သော ကုန်းမြေငယ်ဖြစ်သည့် ခါ့ဂ်ကျွန်း ကို အထူး အာရုံစိုက်နေခဲ့သူ ဖြစ်သည်။ အဆိုပါကျွန်းသည် အီရန်နိုင်ငံ၏ အဓိက ရေနံတင်ပို့သည့် စခန်းတည်ရှိရာ နေရာဖြစ်သည်။ 

 

၁၉၈၈ ခုနှစ်တွင် အင်တာဗျူးတစ်ခု၌ သူသည် သမ္မတသာ ဖြစ်လာခဲ့ပါက ထိုကျွန်းအား "အကြီးအကျယ် သင်ခန်းစာပေးမည်" ဟု ပြောခဲ့ဖူးသည်။ မတ်လ ၁၃ ရက်နေ့တွင် တော့ ထိုအခွင့်အရေးကို ရရှိခဲ့ပြီး အမေရိကန်သည် အီရန်၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ် ဒါဇင်ပေါင်းများစွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒုံးကျည်များနှင့် ရေတပ်မိုင်းများ သိမ်းဆည်းထားသည့် ဂိုဒေါင်များကို ထိမှန်ခဲ့သည်။ ထရမ့်က ရေနံတင်ပို့သည့် စခန်းများကို ဗုံးကြဲလိုက်ပါက ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်သောကြောင့် ဟု ဆိုကာ မထိခိုက်စေဘဲ ချန်ထားခဲ့သည်။

 

ထိုကျွန်းကို သိမ်းဖို့လည်း စိတ်ကူး ကောင်း စိတ်ကူး နေနိုင်သည်။ သမ္မတနား သို့ ပေါက်သည်အထိ အရေးပါသည့် ရီပတ်ဘလစ်ကန် အမတ် လင်ဆေး ဂရေဟမ် က "ခါ့ဂ်ကျွန်း ကို ထိန်းချုပ်နိုင်သူသည် စစ်ပွဲ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သူပဲ ဖြစ်သည်" ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

 

ပန်တဂွန် က ဂျပန်နိုင်ငံရှိ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့တစ်ခုကို အရှေ့အလယ်ပိုင်းဒေသသို့ ပြန်လည် စေလွှတ်လိုက်ကြောင်း ကြေညာပြီး နာရီပိုင်းအကြာတွင် ၎င်းက အဆိုပါ ပို့စ်ကို လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ထို ရေတပ် အထူးတပ်ဖွဲ့သည် ယခုကဲ့သို့သော စစ်ဆင်ရေးမျိုးအတွက် အထူးလေ့ကျင့်ထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

 

အမေရိကန်အနေဖြင့် ခါ့ဂ်ကျွန်းကို သိမ်းပိုက်နိုင်ဖွယ်ရှိသော်လည်း၊ ထိုသို့သိမ်းပိုက်ပြီးနောက် ဖြစ်လာမည့်အခြေအနေမှာမူ မရေရာလှ။ အဆိုပါကျွန်းကို သိမ်းပိုက်ထားမည်ဆိုပါက အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းတွင် တပ်စွဲထားရမည် ဖြစ်သည်။ အီရန်နှင့် သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက် ခါ့ဂ်ကျွန်းကို အသုံးချပြီး ဖိအားပေးနိုင်လိမ့်မည်ဟု အမေရိကန်က မျှော်လင့်ကောင်း မျှော်လင့်နိုင်သော်လည်း၊ လက်ရှိ အီရန်အစိုးရမှာမူ အလွန်ခေါင်းမာသူများ ဖြစ်‌ နေပြန်သည်။ အကယ်၍သာ ရေနံထောက်ပံ့မှု ထပ်မံလျော့ကျသွားပါက (လက်ရှိတွင် အီရန်သည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ သန်းကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့နေသည်) ကမ္ဘာ့ရေနံဈေးကွက်မှာ ထိတ်လန့်သွားနိုင်ပြီး၊ မြေပြင် စစ်ပွဲမှာလည်း ပိုမိုကြာရှည်လာမည့် အလားအလာများ ရှိနေပါသည်။

 

အာရှနိုင်ငံအစိုးရအချို့သည် စွမ်းအင်ရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရုံးခန်းများတွင် လေအေးပေးစက်သုံးစွဲမှုကို လျှော့ချခြင်း၊ ဝန်ထမ်းများအား လေးရက်သာ အလုပ်ဆင်းစေခြင်း သို့မဟုတ် အိမ်မှနေ၍ အလုပ်လုပ်ရန် တိုက်တွန်းခြင်းတို့ကို လုပ်ဆောင်နေကြသည်။

 

ရေနံမဟုတ်သော စီးပွားရေးကဏ္ဍများတွင်လည်း နောက်ဆက်တွဲ ရိုက်ခတ်မှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ရာ ကျန်းမာရေးနှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဟီလီယမ်ဓာတ်ငွေ့စျေးနှုန်းမှာ စစ်ပွဲစတင်ချိန်မှစ၍ နှစ်ဆတက်သွားခဲ့ပြီး၊ မြေဩဇာအဖြစ်သုံးသည့် ယူရီးယား စျေးနှုန်းမှာလည်း တစ်ဝက်ကျော်အထိ မြင့်တက်သွားခဲ့သည်။ သို့သော်လည်း အီရန်အနေဖြင့် စစ်ပွဲရပ်တန့်သွားစေလောက်သည့်အထိ အမေရိကန်ကို နာကျင်စေအောင် မစွမ်းဆောင်နိုင်သေးပေ။

 

ဟော်မုဇ်ရေလက်ကြားကို ကျော်ဖြတ်နိုင်သည့် ရေနံပိုက်လိုင်း နှစ်ခု ရှိနေသည့် အတွက် အခြေအနေများ ပိုပြီး ဆိုးရွားမလာခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျ တွင် ရှိသည့် ပိုက်လိုင်းတစ်ခုသည် ၎င်းတို့နိုင်ငံ၏ စုစုပေါင်းရေနံထုတ်လုပ်မှု သုံးပုံနှစ်ပုံဖြစ်သည့် တစ်ရက်လျှင် ရေနံစည် ၇ သန်းအထိကို ပင်လယ်နီ ရှိ ဆိပ်ကမ်းများဆီ ပို့ဆောင်ပေးနိုင်ဆဲ ဖြစ်သည်။ UAE တွင် ရှိသည့် နောက်ထပ်ပိုက်လိုင်းတစ်ခုသည် လည်း ၎င်းတို့နိုင်ငံ၏ တစ်ရက်လျှင် ရေနံစည် ၃.၄ သန်း ထုတ်လုပ်နေမှု၏ တစ်ဝက်ခန့်ကို ရေလက်ကြား အပြင်ဘက်တွင် ရှိနေသည့် ဖူဂျိုင်ရာ ဆိပ်ကမ်းဆီသို့ ပို့ဆောင်ပေးနိုင်သည်။ သို့သော် ဘာရိန်း၊ ကာတာ၊ ကူဝိတ် တို့ အဖို့ ပို့၍ မရ ဖြစ်နေသည်။

 

မတ်လ ၁၄ ရက်တွင် အီရန်သည် ဖူဂျိုင်ရာ ဆိပ်ကမ်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။ ၎င်းတို့၏ ဒရုန်းများ ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သော်လည်း ကျန်ရှိခဲ့သည့် အပိုင်းအစများကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး (ပုံတွင် မြင်တွေ့ရသည့်အတိုင်း) ရေနံတင်ပို့မှုကို ခေတ္တရပ်ဆိုင်းသွားစေခဲ့သည်။ အီရန်သည် ဆော်ဒီရှိ သဲကန္တာရ ကို ဖြတ်၍ ဆောက်လုပ်ထားသော ၁,၂၀၀ ကီလိုမီတာ အရှည်ရှိ ရေနံ ပိုက်လိုင်းကိုလည်း တိုက်ခိုက်ရန် ကြိုးစားလာနိုင်သည်။

 

ပင်လယ်နီ ဘက်သို့ ဦးတည်နေသော ရေနံတင်သင်္ဘော အများအပြား ရှိနေခြင်းကြောင့် အီရန်အနေဖြင့် ယီမင်နိုင်ငံရှိ ၎င်း၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့ဖြစ်သော ဟူသီ များအား ကုန်သွယ် သင်္ဘောများကို ပြန်လည်တိုက်ခိုက်ရန် တိုက်တွန်းလာနိုင်သည်။ အဆိုပါအဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများအတွက် ထောက်ခံကြောင်းပြသသည့်အနေဖြင့် သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပင်လယ်နီမှတစ်ဆင့် သွားလာမှုများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ ယခုအချိန်တွင် ထိုသို့သော တိုက်ခိုက်မှု တကြိမ် ဖြစ်ပွားခဲ့လျှင်ပင် ဈေးကွက်အတွင်း ထိတ်လန့်မှုများ ဖြစ်ပေါ်လာရန် လုံလောက်နေသည်။

 

အကယ်၍သာ အီရန်က ထိုကဲ့သို့ လုပ်လာမည်ဆိုက ပင်လယ်ကွေ့နိုင်ငံများအား စစ်ပွဲအတွင်းသို့ တိုက်ရိုက်ဆွဲခေါ်သွားနိုင်သည့် အခြေအနေရှိသည်။ ဆော်ဒီ ကလည်း ၎င်းတို့၏ ရေနံလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာပါက "အနီရောင်မျဉ်း" ကို ကျော်လွန်ရာရောက်မည်ဟု သတိပေးထားပြီး ဖြစ်သည်။ 

 

နှစ်ဖက်စလုံးမှာ အကျပ်ရိုက်နေကြရသည် - အမေရိကန်တွင် ဟော်မုဇ်ရေလက်ကြားကို အလွယ်တကူ ပြန်ဖွင့်နိုင်မည့် နည်းလမ်းမရှိသလို၊ အီရန်တွင်လည်း ရေလက်ကြားကို ဆက်လက်ပိတ်ထားခြင်းဖြင့် ဒေါ်နယ်ထရမ့်ကို စစ်ပွဲရပ်တန့်စေရန် ဖိအားပေးနိုင်မည့် အခြေအနေ မရှိချေ။

 

(၂၀၂၆ မတ် ၁၅ ရက် နေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်းတွင် ပါရှိသည့် "The Iran war may be about to escalate" ဆောင်းပါး နှင့် The New York Times ပါ Entering War's Third Week, Trump Faces Stark Choice ဆောင်းပါးများအား ကိုးကား တင်ပြသည်။