ထရမ့်၏ ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရန် ထုတ်ပြန်သည့် အမိန့်၏ လားရာ

by Hla Soewai - Mar 23 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇ၀တ်မှုများကို တိုက်ဖျက်ရန်အတွက် သမ္မတအမိန့် တစ်ရပ်ကို မတ်လ (၆) ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်

 

၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန်တို့သည် အွန်လိုင်းလိမ်လည်မှုများကြောင့် အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီ ဖြစ်၍ သမ္မတ ထရမ့် အဖို့ မဖြစ်မနေ လုပ်ကို လုပ်ရတော့မည့် အရေး ဆိုက်လာခဲ့ပြီ ဖြစ်သည်။

 

ထိုအမိန့်သည် မြန်မာနိုင်ငံရှိ စစ်အုပ်စု ကဲ့သို့သော အဖွဲ့အစည်းများက အကာအကွယ်ပေးထားသည့် ကျားဖြန့် စခန်းများ ကို ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။

 

အမေရိကန် အမျိုးသားညှိနှိုင်းရေးဗဟိုဌာန (NCC) တွင် အထူးလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်း၍ ဆိုက်ဘာရာဇ၀တ်မှုများကို တိုက်ဖျက်ရန်နှင့် လိမ်လည်မှုလုပ်ငန်းများကို ဖော်ထုတ်ဖျက်ဆီးရန် လုပ်ဆောင်မည်ဖြစ်သည်။  

 

လိမ်လည်မှုကြောင့် နစ်နာခဲ့ရသူများ အား ရရှိလာ နိုင်မည့် ငွေကြေးများကို ပြန်လည်ပေးအပ်ရန် အစီအစဉ်များ လုပ်ဆောင်ရန်လည်း ညွှန်ကြားထားသည်။

 

ထိုသို့ လိမ်လည် နေသည့် လုပ်ငန်းများကို လက်ခံနေသော အစိုးရများအား ဒဏ်ခတ်ပိတ်ဆို့ခြင်၊ ဗီဇာကန့်သတ်ခြင်း၊ နိုင်ငံခြားအကူအညီများ လျှော့ချခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ 

 

 အမေရိကန်ပြည်ထောင်စုမှ ထိုသို့ ပိုမိုပြတ်သားစွာ အရေးယူတော့မည်ကို ပြသလိုက်ခြင်း ကြောင့် စစ်အုပ်စု နှင့် အမေရိကန် အကြား ဆက်ဆံရေး ပြန်လည် ထူထောင်လာနိုင်သည် ဆိုသော စစ်အုပ်စု၏ အိမ်မက်များ အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့ အတွက်လည်း အမြဲလို သတိထားနေရမည့် အန္တရာယ်ကြီး ဖြစ်လာခဲ့ရသည်။

 

ကျားဖြန့် များ၏ လှုပ်ရှားမှုများကို ကြိုတင်ကာကွယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အပြီးတိုင် ဖျက်ဆီးပစ်ခြင်းတို့အတွက် တိကျသော လုပ်ငန်းစဉ် တစ်ရပ်ကို ရေးဆွဲရန် လည်း သမ္မတ အမိန့်တွင် ပါရှိလာခဲ့သည်။

 

မြန်မာရှိ စစ်အုပ်စု များအတွက် အရေးပါသည့်အချက်မှာ—အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား နိုင်ငံခြားအစိုးရများနှင့် ထိတွေ့ဆက်ဆံ၍ ၎င်းတို့နိုင်ငံအတွင်းရှိ လိမ်လည်သူများကို အရေးယူဆောင်ရွက်စေရန် ညွှန်ကြားထားခြင်းပင် ဖြစ်သည်။

 

ဝါရှင်တန်အခြေစိုက် အလယ်အလတ်-လက်ယာယိမ်း မူဝါဒလေ့လာရေးအဖွဲ့ဖြစ်သည့် R Street Institute ကလည်း ဤအစီအမံကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး လုပ်သင့်လုပ်ထိုက် သည်မှာ ကြာလှပြီ ဖြစ်သည့် ခြေလှမ်းတရပ် ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အောင်မြင်မှုရရှိရန် ဥပဒေစိုးမိုးရေး၊ နည်းပညာ၊ ငွေကြေးဆိုင်ရာနှင့် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများအကြား စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းမှုအပေါ်တွင်သာ မူတည်နေလိမ့်မည်ဟုလည်း သတိပေးထားသည်။

 

မတ်လ ၃ ရက်နေ့တွင် FBI ကလည်း ၎င်းတို့အနေဖြင့် ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရှေ့တောင်အာရှရှိ လိမ်လည်မှုစခန်းများကို တိုက်ဖျက်ရန် လုပ်ငန်းများ စတင် နေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ထိုင်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် စခန်းများကို FBI အေးဂျင့်များက မှန်ပြောင်းဖြင့် စောင့်ကြည့်နေသည့် ဓာတ်ပုံများကိုလည်း အထောက်အထားအဖြစ် ဖော်ပြခဲ့သည်။

 

အဆိုပါ အေးဂျင့် များသည် အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ တရားရေး ဝန်ကြီးဌာန၏ ပြစ်မှုဆိုင်ရာဌာနခွဲ FBI နှင့် Secret Service ခေါ် အမေရိကန် သမ္မတလုံခြုံရေးနှင့် ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုစုံစမ်းရေးဌာန တို့မှ ဖြစ်ပြီး နိုဝင်ဘာလက ဖွဲ့စည်းခဲ့သော Scam Center Strike Force (SCSF) (ဆိုက်ဘာလိမ်လည်မှုစခန်း တိုက်ဖျက်ရေး အထူးလုပ်ငန်းအဖွဲ့ ဝင်များလည်း ဖြစ်သည်။

 

၎င်းတို့ သည် ပစ်မှတ် အဖြစ် ရွေးချယ်ပေးရမည့် တည်နေရာများ ကို လေ့လာနေခြင်း သို့မဟုတ် အရေးယူ အပြစ်‌ ပေး နိုင်သည့် သက်‌ သေ အထောက်အထားများ အခိုင်အမာ စုဆောင်း နိုင်ရန် လည်း ဖြစ်နိုင်ပေသည်။

 

သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်လူမျိုးများ လုပ်ကိုင်နေသည့် လိမ်လည်မှုစခန်းများသည် စစ်အုပ်စု နှင့် လက်တွဲထားသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) တို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။

 

လောင်စာဆီပြတ်လပ်မှု များ နှင့် FBI ၏ လှုပ်ရှားမှုများ ရှိနေသည့် ကြားမှ ထိုလုပ်ငန်းများသည် ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်သည် ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ မြ၀တီမြို့ခံတစ်ဦးကလည်း ၎င်းတို့ စခန်းများ တည်ရှိရာ ဘေးတဖက် တချက်တွင် စစ် အုပ်စု တပ်များနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကျားဖြန့်များကမူ အေးအေး ဆေးဆေးပင် လုပ်ငန်းလည်ပတ်နေနိုင်ကြောင်း ထောက်ပြခဲ့သည်။

 

နိုင်ငံတကာဖိအားများ မြင့်တက်လာသည့်အတွက် စစ်အုပ်စုသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ရွှေကုတ်ကို နှင့် KK Park တို့ကို လူသိရှင်ကြား စီးနင်းခဲ့သည်။ သို့သော်လည်း ဒေသခံများနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများကမူ ယင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားရန်အတွက် လုပ်ဆောင်ပြသည့် "PR စတန့်" တစ်ခုသာဖြစ်ကြောင်း သုံးသပ် ထားကြသည်။

 

ထိုသုံးသပ်ချက် မှန်ကန်ကြောင်းကို လည်း စစ်အုပ်စုက တဖက်မှ သက်သေ ပြလာခဲ့သည်။

 

ယင်းမှာ ထိုသို့ လူသိရှင်ကြား စီးနင်းမှု ကြီး အပြီး ဒီဇင်ဘာလ က ဖွဲ့စည်းခဲ့သော တယ်လီကွန်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ဗဟိုကြီးကြပ်မှုကော်မတီ” ဥက္ကဋ္ဌ ပြည်ထဲ‌ ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်း‌ နောင်ကိုယ်တိုင်က ရှမ်းပြည် မြောက်ပိုင်းရှိ ကျားဖြန့် ဂိုဏ်းများထံမှ ဆက်ကြေး များ ရယူ ထားသူ ဖြစ် ကြောင်း တရုတ် အစိုးရ၏ သတင်းပေးချက်အရ မကြာသေးမီကပင် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည် ဆိုသည့် အချက်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့ကလည်း ၎င်း၏ လုံခြုံရေး အတွက် ထိုသို့ အကျင့်ပျက် ဖေါက်ပြန်နေသော ဗိုလ်ချုပ်များ နှင့် ဝိုင်းရံထားရသော်လည်း အလွန်အကျွံ လောဘ တက်လာက ၎င်း နေရာကိုပင် မျက်စောင်းထိုးလာနိုင်၍ စောင့်ကြည့် ဖယ်ရှားနေရခြင်းမျိုးသာ ဖြစ်ပေသည်။

 

စစ်အုပ်စု အဖို့ ထရမ့်၏ လက်ထက်တွင် အမေရိကန်သည် ခန့်မှန်းရ ပိုခက်လာပြီး ပို၍လည်း အန္တရာယ်များလာနေပြီဟု ယူဆနေပြီ ဖြစ်သည်။ 

 

အီရန် ပဋိပက္ခ ကို ကြည့်မည် ဆိုက အမေရိကန်သည် စည်းမျဉ်း စည်းကမ်း များ နှင့် အညီ လုပ်လိမ့်မည်ဟု ထင်မှတ် ထား၍ မရတော့။ မည်သည့် သတိပေးချက်မျိုးမှ မလုပ်ဘဲ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သလို၊စစ်ပွဲဆိုင်ရာ စည်းမျဉ်းများကိုပါ လျစ်လျူရှုပြီး လုပ်ချင်တာကို လုပ်သွားနိုင်သည့် အတွက် စစ်အုပ်စု အတွက် ၎င်းတို့ တည်ရှိနေမှု ကို အမြဲလို ခြိမ်းခြောက်နေသော အန္တရာယ် ကြီး existential threat အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့သော ကမ္ဘာ အခင်းအကျင်း နှင့် ရင်ဆိုင်လာရပြီ ဖြစ်၍ မင်းအောင်လှိုင်သည်ပင် မိုက်ရူးရဲ မဟုတ်ပါက သမ္မတ တက်လုပ်ဖို့ အရေး ကိုပင် ပြန်၍ သုံးသပ်ကောင်း သုံးသပ်လာနိုင်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

အချက်အလက် ကိုးကား - Irrawaddy News