လာမည့် သမ္မတ ရွေးကောက်ပွဲသည် အမေရိ
ကန် သမိုင်းတွင် အကျည်းတန်လာဖွယ် ရှိနေသည့် လက္ခဏာများ တွေ့လာနေရပေသည်။
သမ္မတကို ထောက်ခံနေကြသူများနှင့် Black Lives Matter (BLM) အဖွဲ့ဝင်များအကြား ပို့လန် မြို့တွင် တုတ်တပြက် သေနတ်တပြက် ဖြစ်လာနေသည်။ ဒေါ်နယ် ထရန့်သည် ဝင်စကွန်ဆင် ပြည်နယ်ရှိ ကီနိုရှာ မြို့သို့ သွားရောက်ကာ မီးလောင်ကျွမ်းနေသော အဆောက်အဦး တခု ရှေ့တွင် ဓါတ်ပုံရိုက်ခံခဲ့သည်။ ထိုမြို့ရှိ လမ်းများပေါ်တ္ငင် လူအများ သွေးမြေကျခဲ့ရပြီး ဖြစ်သည်။ ပြီးခဲ့သည့် အပတ်အတွင်း ရဲများက လက်နက်မဲ့ လူမည်း
အမျိုးသားတဦးကို ပြစ်ခတ်ခဲ့သည်၊ သမ္မတအား ထောက်ခံသူ တဦးက မိမိကိုယ် မိမိကာကွယ်သည်ဆိုကာ ဆန္ဒပြသူနှစ်ဦးကို ပြစ်သတ်ခဲ့ပြန်သည်။
နိုင်ငံတဝှမ်း မငြိမ်သက်မှုများ အတွက် စိုးရိမ်
ထိတ်လန့်လာနေမှုများကို ဆွပေးခြင်းသည် သူ့အတွက် အကျိုးများလာဖွယ် ရှိသည်ဟုထရန့်က ယုံကြည်လာနေပြီ ဖြစ်သည်။
ယင်းနှင့်အတူ လာမည့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲသည် ချောချောမွေ့မွေ့ ဖြစ်မလာနိုင်ပဲ အကြမ်းဖက်မှုများ နှင့် ဖွဲ့စည်းပုံ ဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်လာနိုင်သည်ဟု အမေရိကန် နိုင်ငံသား အများအပြားက စိုးရိမ်လာနေကြပြီ ဖြစ်ပေသည်။
ဤသည်က ချဲ့ကား ပြောဆိုနေခြင်းမျိုးလော၊
အမေရိကန်သည် ယခင်ကလည်း ရွေးကောက်ပွဲများတွင် အကြမ်းဖက်ခဲ့မှု ရာဇဝင်ကလည်း ရှိထားပြီး ဖြစ်သည်။ ၁၉၆၈ တွင် ဒီမိုကရက် သမ္မတလောင်း ဘော်ဘီ ကနေဒီ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၁၉၁၂ တွင် တက်ဒီ ရုစ်ဘဲလ်သည် ဝင်စကွန်ဆင် တွင် မိန့်ခွန်းပြောနေစဉ် ပြစ်ခတ်ခံခဲ့ရသည်၊ သို့သော် ပြောလက်စ မိန့်ခွန်းကို ပြီးသည်အထိ အားယူ ပြောသွားပြီးမှသာ ဆေးရုံသို့ ခေါ်ခွင့်ပေးခဲ့သည်။ အသက်ဘေးမှ လွတ်ခဲ့သည်။ ၁၈၇၆ သမ္မတ ရွေးကောက်ပွဲတွင် တကယ်တမ်း မည်သူ အနိုင်ရခဲ့သနည်း ဆိုသည်ကို သမိုင်းပညာရှင်များ က ယခုအချိန်အထိ အငြင်းပွားနေကြဆဲပင် ဖြစ်သည်။
သို့သော် အမေရိကန်သည် ပြည်တွင်းစစ်
ဖြစ်နေဆဲ အချိန်မျိုးမှာပင် ရွေးကောက်ပွဲတွင် အရေးနိမ့်သွားသူများ၏ ဝန်ခံချက်ကို အရယူနိုင်ခဲ့သည့် အစဉ်အလာလည်း ရှိခဲ့ပြီးဖြစ်ပြန်သည်။
ထိုသို့သော သမိုင်းကြောင်းများကို ကြည့်ပြီအပျက်ပြောနေသူများ အနေဖြင့် ထိန်းထိန်း
သိမ်းသိမ်း ပြောသင့်သော်လည်း လာမည့် နိုဝင်ဘာလတွင်ကား အခြေအနေများ အဆိုးဖက်သို့ ဦးတည်သွားနိုင်သည့် အန္တရာယ်ကြီးက အမှန်တကယ် ရှိနေပြီ ဖြစ်သည်။
ဒီမိုကရေစီ စနစ်တွင် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းနိုင်ရေးသည် ကိုယ်စားလှယ်လောင်းနှင့် ၎င်းအား ထောက်ခံသူများက ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ လိုအပ်နေသည်။ ရွေး
ကောက်ပွဲ့ နေတွင် ပြတ်သားသော ရလဒ် ထွက် ပေါ်နိုင်ရေးသည် များစွာ အရေးပါနေသည်။ ထိုသို့ ဖြစ်မည်ကို ရှုံးနိမ့်သူများဖက်က မနှစ်မြို့သော်ငြားလည်း လက်ခံကြရပြီး နောက်လာမည့် ရွေးကောက်ပွဲ အတွက် စတင်ပြင်ဆင်ကြပြန်သည်။
ရွေးကောက်ပွဲ ရလဒ်က မသဲမကွဲ ဖြစ်
လာသည့်အခါမျိုးတွင် ဝန်းရံပေးထားသည့် စနစ်က ရှိနေပြီး ဖြစ်၍ ရင့်ကျက်နေပြီ ဖြစ်သော အနောက်တိုင်း ဒီမိုကရေစီ စနစ်တွင် ထိုသို့သော အဖြစ်မျိုးက ဖြစ်ခဲလှပေသည်။
၂၀၀၆ ခုနှစ်တွင် အီတလီ ဝန်ကြီးချုပ် ဆီဗီရို
ဘာလူစကူနီသည် ရွေးကောက်ပွဲတွင် ပွတ်ကာသီကာ အရေးနိမ့်သွားခဲ့သည်၊ ထိုအခါတွင် သက်သေသက္ကာရ ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်း မရှိပဲ နေရာအနှံ့အပြားတွင် မသမာမှုများ ရှိနေသည်ဟု ပြောလာခဲ့သည်။ သို့သော် တရားလွှတ်တော်ချုပ်က ၎င်း၏ ပြိုင်ဖက် ဖြစ်သူအား အနိုင်ပေးခဲ့၍ မကျေမနပ်နှင့် အလျော့ပေးသွားခဲ့သည်။
၂၀၀၀ ခုနှစ် အမေရိကန် သမ္မတရွေးကောက်
ပွဲသည်လည်း ဖလော်ရီဒါတွင် မဲများ ပြန်လည် ရေတွက်ရသည် အထိ ဖြစ်ခဲ့ဖူးပြီး တရားလွှတ်တော်ချုပ်မှ ဖြေရှင်းပေးခဲ့ရသည်။ အီတလီ နှင့် အမေရိကန် နှစ်နိုင်ငံစလုံးတွင် တရားသူကြီးများ၏ အမိန့်နှင့်သာ ပြီးဆုံးသွားခဲ့သည်။
လာမည့် အမေရိကန် ရွေးကောက်ပွဲတွင်
ထရန့် သို့မဟုတ် ဘိုင်ဒင် တဦးဦးသာ သောင်ပြိုကမ်းပြို နိုင်သွားမည်ဆိုက အမေရိကန်နိုင်ငံသား တဝက်ကျော်ကျော် အဖို့ ဒုက္ခသုက္ခများနှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။ ဒီမိုကရက် အများစုက ထရန့်အား ဒီမိုကရေစီ၏ ရန်သူအဖြစ် ရှု့မြင်ထားကြသည်။ ၎င်းသာ အနိုင်ရသွားမည်ဆိုက သန်းပေါင်းများစွာသော အမေရိကန် နိုင်ငံသားတို့ စိတ်ကယောက်ကယက် ဖြစ်ကြရပေတော့မည်။ သို့သော် တဖက်တွင် ရီပတ်ဘလီကင် ၈၇% က ထရန့်ကို သဘောကျလျက် ရှိနေဆဲပင် ဖြစ်သည်။
ထရန့် ရှုံးသွားခဲ့မည်ဆိုက တဖက်မှ လိမ်လို့
ဆိုကာ မကျေမနပ် ပြောဆိုလာကြပေမည်။ အနိုင်ရသည့် မဲအရည်အတွက်က အများကြီးကွာနေမည်ဆိုလျှင်တော့ ထိုသို့ပြောဆိုမှုများက အရာရောက်မည် မဟုတ်ပဲ အာဏာလွှဲပြောင်းရေး အဆင်ပြေ ချောမွေ့ဖို့သာ ရှိသည်။ လက်ရှိ စစ်တမ်းများအရ ဆို က ထရန့်သည် 8 points လောက်ဖြင့် ရှုံးသွားနိုင်သည်၊ ထိုသို့ဖြစ်ပါက ရလဒ်ကို ယုတ္တိရှိရှိ စိန်ခေါ်နိုင် စရာ နည်းလမ်းမရှိသော်ငြားလည်း ထရန့်ကအလျော့ပေးမည်မဟုတ်ပဲ ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်မည်သာ ဖြစ်သည်။
ပွတ်ကာသီကာ ဖြစ်လေ အခြေအနေက ပိုဆိုး
လေ ဖြစ်ပေတော့မည်၊ အမေရိကန်တွင် ဒီမိုကရက်ကော ရီပတ်ဘလီကင် ပါတီစွဲ ရှိသူများက ရွေးကောက် ပွဲကို ကြီးကြပ်ရန် လုပ်ပိုင်ခွင့်များ ထူးထူးခြားခြား ရရှိထားသည်။ ဥပမာ ဆိုရက ရွေးကောက်ပွဲ မဲပေးနိုင်သူ စာရင်းမှ မည်သူ့အား ဖယ်ရှားရမည်၊ မဲပြားဒီဇိုင်း မည်သို့ဖြစ်သင့်သည်၊ မဲရုံများ ဘယ်လို နေရာမျိုးတွင် ထားသင့်သည်၊ မဲကို စောစောထည့်နိုင်ရန် ခွင့်ပြုသင့် မသင့်၊ စာတိုက်မှ လာသော မဲများ ကို ရေတွက်ရာတွင် သက်သေ အဖြစ် လူဘယ်ရွေ့ဘယ်မျှ ခေါ်ထားသင့်သည် အစရှိသည်တို့ကို ဆုံးဖြတ်ပေးနိုင်သည်။
ထိုကဲ့သို့သော ကိစ္စများကို အနောက်တိုင်းရှိ
ရင့်ကျက်သော ဒီမိုကရေစီ နိုင်ငံများတွင်ပင် ပါတီစွဲ မရှိသော ကော်မရှင်၏ လက်ဝယ်တွင်အပ်နှံထားခဲ့ကြသည်ချည်းပင် ဖြစ်ပေသည်။ အမေရိကန်တွင် ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းများ ဖြစ်လာသည့် အခါတွင် ရီပတ်ဘလီကင် သို့မဟုတ် ဒီမိုကရက် သမ္မတ၊ ပြည်နယ် အုပ်ချုပ်ရေးမှုးများက ခန့်အပ်သော တရားသူကြီးများက စီရင် ဆုံးဖြတ်ကြရပြန်သည်။
ယခုအခါ ကိုဗစ်-၁၉ ကြောင့်လည်း တပူပေါ်
နှစ်ပူဆင့် ဆိုသလို ဖြစ်လာခဲ့ရသည်။ ယခုအချိန်အထိ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည့် ကိုဗစ်-၁၉ အမှုပေါင်း ၂၀၀ ကျော်ခန့် တရားရုံးသို့ ရောက်ရှိနေပြီး ဖြစ်သည်။
ပရိုင်မာရီခေါ် ပါတီအောက်ခြေ ရွေးကောက်
ပွဲများသည် ဝင်စကွန်ဆင် ကဲ့သို့ ပြည်နယ်များတွင် ဗိုင်းရပ်စ် ရှိနေသည့်ကြားမှပင် စနစ်တကျ ပြုလုပ်နိုင်ခဲ့သော်လည်း အချို့ပြည်နယ်များတွင် ပြဿနာများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ နယူးယောက် ပရိုင်မာရီတွင် ရွေးကောက်ပွဲ ပြီးနောက် ရက်သတ္တပတ် အတန်ကြာသည့်အထိ စာတိုက်မှ လာသော မဲများကို ရေတွက်နေရဆဲပင် ဖြစ်သည်။
နိုဝင်ဘာ ရွေးကောက်ပွဲကြီးအတွက် ပါတီစွဲ
ကင်းသော မီချီဂန်ကဲ့သို့သော ပြည်နယ်များက ပထမဆုံးအကြိမ် အဖြစ် စာတိုက်မှ မဲ ထည့်သည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမည်ဟု သိရသည်။ မဲရုံများ ပိတ်ပြီးသည့်တိုင် မဲရေတွက်ရာတွင် နှောင့်နှေးနေပါက ထရန့်သည် သူအနိုင်ရသည့် အဓိက ပြည်နယ်များ၏ ရလဒ်ကို ကြည့်၍ သူသာလျှင် အနိုင်ရသွားပြီ ဖြစ်ကြောင်း ကြေငြာမည်က ကြိမ်းသေနေပေသည်။ စာတိုက်မဲများ ရေတွက်ပြီးနောက်တွင် ဂျိုး ဘိုင်ဒင် အနိုင်ရသွားပါက အမေရိကန်ရွေးကောက်ပွဲသည် အနိုင်ရသည့် သမ္မတ လောင်း နှစ်ဦး ထွက်ပေါ်လာပေတော့မည်။
ပြည်နယ်အတော်များများရှိ တရားရုံးများသို့
အမှုများ ရောက်ရှိလာပြီး ဆန္ဒပြကန့်ကွက်ပွဲ များ ပေါ်ပေါက်လာမည်လည်း ဖြစ်သည်။ ၂၀၀၀ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အငြင်းပွားမှုသည် 9/11မတိုင်မီလည်း ဖြစ်၍ အမေရိကန်တို့ ယုံကြည်မှု အမြင့်မားဆုံး အချိန် ဖြစ်နေပြီး တရုတ် ထကြွလာမှု လည်း မရှိသေးပေ။ သမ္မတလောင်း နှစ်ယောက်စလုံးလည်း အလည်အလတ် သမားများ ဖြစ်နေကြပြန်သည်။
သို့သော် ယခုလို ဗိုင်းရပ်စ် ပိုးကြောင့် လူ
နှစ်သိန်းခန့် သေဆုံးနေသည့် အချိန်မျိုးတွင် ဖလောရီဒါ ကဲ့သို့ အမှု ဖြစ်လာမည်ဆိုက အမေရိကန်၏ ဒီမိုကရေစီသည် အကျည်းတန် အရုပ်ဆိုး သွားရပေတော့မည်သာ ဖြစ်သည်။
ရွေးကောက်ပွဲ ကြီးကြပ်ရသူ ပြည်နယ်အရာရှိ
များ အနေဖြင့် ဖွဲ့စည်းပုံကိုသာ သစ္စာခံပြီး အတတ်နိုင်ဆုံး ချောချောမွေ့မွေ့ လုပ်နိုင်ကြပါစေဟု ဆုတောင်းယုံသာ ရှိပေတော့သည်။
(၂၀၂၀ စက်တင်ဘာ ၃ ရက်နေ့
ထုတ် အီကော်နော်မစ် မဂ္ဂဇင်း၏ "America's ugly election" ဆောင်းပါးအား ကိုးကားတင်ပြသည်)