တရုတ်သည် အီရန် တွင် ဖြစ်ပွားနေသော စစ်ပွဲမှ သင်ခန်းစာ တလှေကြီး ရရှိနေသည်။ ထိုအထဲတွင် ထိပ်ဆုံးမှ ပါဝင်လာနေသည်က အမေရိကန်၏ စစ်အင်အားသည် ၎င်းတို့ တွက်ဆထားသည်ထက် ပို၍ အန္တရာယ် ရှိလာနေပြီ ဆိုခြင်းပင် ဖြစ်သည်။
ပြီးခဲ့သည့် လကုန်ပိုင်း အတွင်း အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များ၏ အီရန်အပေါ် ရုတ်တရက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုများနှင့် အတူ နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းတို့သည် "အင်အားကြီးမားမှုသာလျှင် အရာရာကို ဆုံးဖြတ်နိုင်သည်" ဆိုသည့် ရှီကျင့်ဖျင် ယူဆထားသည့် ကမ္ဘာ့အမြင်ကို ပိုမိုခိုင်မာသွားစေခဲ့သည်။
ရှီသည် အမေရိကန်၏ စစ်ရေးအရ ရန်လိုတတ်မှုကို ၎င်း၏နိုင်ငံအား နှစ်ပေါင်းများစွာ သတိပေးခဲ့ပြီး၊ အမေရိကန်ကို ဟန့်တားနိုင်စွမ်းရှိယုံမက ဘီဂျင်း ၏ သတ်မှတ်ချက်များ အတိုင်း ငြိမ်းချမ်းရေးကို အာမခံနိုင်မည့် ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခု သို့မဟုတ် ၎င်းအခေါ်အဝေါ်အရ "သံမဏိတံတိုင်းကြီး" Great Wall of Steel ကို တည်ဆောက်ရန် စစ်ဗိုလ်ချုပ်များကို ညွှန်ကြားခဲ့သည်။
ထရမ့်၏ စစ်အင်အားကို အားမနာတမ်း အသုံးပြုနေခြင်းက အစိုးရအဖွဲ့များကို ခြိမ်းခြောက်နေပြီး တရုတ်နိုင်ငံအနေဖြင့် နောင်တစ်ချိန်တွင် ဩဇာလွှမ်းမိုးရန် ပုံဖော်ထားသည့် ကမ္ဘာ့အစီအစဉ်သစ် သည်လည်း ပျက်ယွင်းလာပြီ ဖြစ်သည်။ ထို့ကြောင့် ရန်ကိုရန်ချင်း တုံ့ပြန်နိုင်စွမ်းရှိရန် ရှီ၏ ဆယ်စုနှစ်တခု ကျော်ကြာ ကြိုးပမ်းအားထုတ်မှုများသည် ယခုအခါ ပို၍ အရေးတကြီး လုပ်ဆောင်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
တရုတ် ပညာရှင်များကမူ ထရမ့်၏ လက်ထက်တွင် အမေရိကန်သည် ပိုမို ခန့်မှန်းရခက်ခဲလာပြီး ပို၍လည်း အန္တရာယ်များလာသောကြောင့် တရုတ်နိုင်ငံအနေဖြင့် ပိုမိုသတိကြီးစွာထားရတော့မည်ဟု ဆိုသည်။
လွန်ခဲ့သည့်နှစ်အတွင်း အပြန်အလှန် ဒဏ်ခတ်ခဲ့ကြသည့် ကုန်သွယ်ရေးစစ်ပွဲအပြီး ရရှိထားသော ထိလွယ်ရှလွယ်သည့် ယာယီငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် ရှီနှင့် ထရမ့်တို့ နောက်ထပ် သီတင်းပတ်အနည်းငယ်အတွင်း ဘီဂျင်းတွင် တွေ့ဆုံရန် ရှိနေသည်။
သို့သော်လည်း အီရန်၏ အယာတိုလာ အလီ ခါမေနီကဲ့သို့သော အချုပ်အခြာအာဏာပိုင် နိုင်ငံခေါင်းဆောင်များကို ဖယ်ရှားခြင်းနှင့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကဲ့သို့သော ခေါင်းဆောင်များကို ဖမ်းဆီးခြင်းတို့တွင် အမေရိကန်သည် စစ်အင်အားကို ခပ်ကြမ်းကြမ်းအသုံးပြုနေမှုသည် တရုတ်နိုင်ငံအတွက် စိုးရိမ်တုန်လှုပ်ဖွယ်ရာ ဖြစ်နေဆဲပင် ဖြစ်သည်။ အယာတိုလာ ခါမေနီနှင့် မာဒူရို နှစ်ဦးစလုံးသည် ဘီဂျင်း၏ မဟာဗျူဟာမြောက် မိတ်ဖက်များ ဖြစ်သည်။
တရုတ်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သောကြောင့် အမေရိကန်အနေဖြင့် ရှီကိုလည်း ထိုနည်းတူ ပစ်မှတ်ထားလာလိမ့်မည်ဟု တရုတ် သုတေသီ များနှင့် တာဝန်ရှိသူများက ယူဆထားကြခြင်းမျိုး တော့ မရှိ၊ သို့သော်လည်း အမေရိကန်၏ ဩဇာ လွှမ်းမိုးမှု တည်မြဲ နေစေရန်အတွက် ထရမ့်က စစ်ပွဲကို လက်နက်တစ်ခုသဖွယ် အသုံးပြုလာခြင်း ကြောင့် အမေရိကန်သည် တရုတ်နိုင်ငံအတွက် အမြဲတစေ တည်ရှိနေမည့် အဓိက ခြိမ်းခြောက်မှု ဖြစ်သည်ဟူသော ဘီဂျင်း ၏အမြင်ကို ပိုမိုခိုင်မာစေခဲ့သည်။
အမေရိကန်သည် အီရန်နှင့် စစ်ပွဲတွင် အစ္စရေးကို ဒိုင်ဗင် ဘုတ် အဖြစ် အသုံးချနေသည်ဟုလည်း ယူဆလာကြသည်။ ထို့ကြောင့် အမေရိကန်၏ စာချုပ်ဝင် မဟာမိတ်များဖြစ်ကြသော ဂျပန်နှင့် ဖိလစ်ပိုင်ကဲ့သို့သော ပထဝီနိုင်ငံရေးပြိုင်ဘက်များသည် "အရှေ့အာရှ၏ အစ္စရေး" နှင့် "အရှေ့တောင်အာရှ၏ အစ္စရေး" များ ဖြစ်မလာစေရန် တရုတ်နိုင်ငံအနေဖြင့် တားဆီးရမည်ဖြစ်ကြောင်း တရုတ် မူဝါဒရေးရာ သုံးသပ်သူများဖက်က ပြောလာကြသည်။
ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းတို့ကြောင့် တရုတ်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အကျိုးဆက်များမှာ ပိုမိုကြီးမားလာသည်။
အမေရိကန်နှင့် အစ္စရေးတို့က တရုတ်၏ မဟာမိတ်နှင့် ဘဏ္ဍာရေးဆိုင်ရာ မိတ်ဖက်ဖြစ်သည့် အီရန်ကို တိုက်ခိုက်ပြီး တစ်ပတ်အကြာတွင် ရေနံဈေးနှုန်းမှာ လွန်ခဲ့သည့် လေးနှစ်အတွင်း မကြုံစဖူး အမြင့်ဆုံးအဆင့်သို့ တနင်္လာနေ့တွင် ရောက်ရှိခဲ့သည်။ တိုက်ပွဲများကြောင့် တရုတ်၏ စွမ်းအင်နှင့် ကုန်ပစ္စည်းများအတွက် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားမှ တဆင့် သွားလာမှုအားလုံးနီးပါး ရပ်တန့်သွားခဲ့ရသည်။
ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပါက တရုတ်နိုင်ငံအနေဖြင့် ဆုံးရှုံးရမည့်အရာများစွာ ရှိနေသည်။ လွန်ခဲ့သည့်နှစ်များအတွင်း အီရန်နိုင်ငံသည် တရုတ်အတွက် ရေနံကို ဈေးနှုန်းချိုသာစွာ ရရာ ရကြောင်း အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ဒေသ တခုလုံးရှိ အစိုးရများသည်လည်း တရုတ်၏ ပြန်လည် အသုံးချ စွမ်းအင်နှင့် နည်းပညာဆိုင်ရာ အသိပညာများကို အလွန်အမင်း စိတ်ဝင်စားကြသည်။ ကမ္ဘာ့နိုင်ငံအများစုနည်းတူ တရုတ်နိုင်ငံသည်လည်း အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုအပေါ် မှီခိုအားထားနေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်နှင့် ကုန်သွယ်ရေး ယှဉ်ပြိုင်မှု ပြင်းထန်လာပြီး ယခင်က တရုတ်၏ အကြီးဆုံးဈေးကွက်ဖြစ်ခဲ့သည့် အမေရိကန်သို့ ကုန်ပစ္စည်းများ အများအပြား တင်ပို့ရောင်းချနိုင်ခြင်း မရှိတော့သည့်အတွက် အရှေ့အလယ်ပိုင်းဒေသသည် တရုတ်နိုင်ငံအတွက် ပိုမိုအရေးပါလာခဲ့သည်။
ယူအေအီးသည် တရုတ်ကားများအတွက် အလျင်မြန်ဆုံး ကြီးထွားလာသည့် ဈေးကွက်ဖြစ်လာခဲ့သည်။ ဆော်ဒီအာရေဗျနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများမှ တရုတ်သံမဏိများအတွက် ဝယ်လိုအားမှာ နှစ်ဆတိုးလာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အရှေ့အလယ်ပိုင်းသို့ တရုတ်၏ ပို့ကုန်တင်ပို့မှုသည် ကမ္ဘာ့ အခြားဒေသများသို့ တင်ပို့မှုနှုန်းထက် နှစ်ဆနီးပါး ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့သည်။
တရုတ်သည် အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်ရှိ စီမံကိန်းများအတွက် ချေးငွေများစွာ ထုတ်ချေးထားခြင်းကြောင့် ၎င်းတို့၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများမှာလည်း အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိနေသည်။
အီရန်နိုင်ငံတွင် တရုတ်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာသည် အခြေခံအဆောက်အအုံများ၊ လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် ရေနံဓာတုဗေဒစက်ရုံများကို ငွေကြေးထောက်ပံ့ခြင်း၊ တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။
သောက်သုံးရေ ရှားပါးသည့် အရှေ့အလယ်ပိုင်းဒေသတွင် ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့် လုပ်ငန်းစဉ်များ (desalination) ၌ တရုတ်နိုင်ငံသည် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ အဆိုပါ စီမံကိန်းအားလုံးနီးပါးကို တရုတ်နိုင်ငံ၏ ဓာတ်အားတည်ဆောက်ရေး ကော်ပိုရေးရှင်း က တာဝန်ယူထားပြီး ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အိုမန်နှင့် အီရတ်နိုင်ငံတို့တွင် စီမံကိန်းများ ဖေါ်ဆောင် လုပ်ကိုင်လျက်ရှိသည်။
အရှေ့အလယ်ပိုင်းဒေသမှ ရေနံသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အလွန်အရေးပါလှသည်။ တရုတ်သည် ၎င်း၏ ရေကြောင်းမှတစ်ဆင့် တင်သွင်းသော ရေနံစိမ်းစုစုပေါင်း၏ တစ်ဝက်ကျော်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေပြီး၊ ယင်းပမာဏ၏ လေးပုံတစ်ပုံခန့်မှာ အီရန်နိုင်ငံမှ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနည်းတူ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာခြင်းကြောင့် စွမ်းအင်စရိတ် ပိုမိုမြင့်မားလာသည့် အကျပ်အတည်းကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
တရုတ်သည် ရုရှားနှင့် ကာဇက်စတန်နိုင်ငံတို့တွင် ရေနံစိမ်း ပိုက်လိုင်းကြီး များ ရှိသော် လည်း အီရန်၏ ရေနံ မရတော့ဟု ဆိုက အခြားရေနံအရင်းအမြစ်များကို ရှာဖွေရလိမ့်မည်ဖြစ်ပြီး၊ ထိုအရင်းအမြစ်များသည် အီရန်ထံမှ လျှော့စျေးဖြင့် ရနေသည့် ရေနံထက် များစွာ ပိဈေးကြီး ပေး ဝယ်ရ မည်ဖြစ်သည်။
အီရန်၏ ခြိမ်းခြောက်မှုများကြောင့် ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာမှုများမှာ အလွန်အမင်း ကျဆင်းသွားခဲ့သည်။ ပိတ်ဆို့ခံထားရသည်မှာ စွမ်းအင်ကဏ္ဍတစ်ခုတည်း မဟုတ်။ တရုတ်နိုင်ငံ၏ ထိပ်တန်းရေကြောင်းပို့ဆောင်ရေးကုမ္ပဏီကြီးဖြစ်သည့် COSCO သည် အဆိုပါရေလက်ကြားမှတစ်ဆင့် ကုန်တင် ဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်ရပြီး ဒိန်းမတ်နိုင်ငံ၏ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် Maersk ကလည်း အရှေ့အလယ်ပိုင်းရှိ အရေးပါသော ရေလမ်းကြောင်းအချို့ကို ယာယီရပ်ဆိုင်းလိုက်သည်။
တရုတ်သည် အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး တိုက်ပွဲများ ရပ်စဲရန် တောင်းဆိုခဲ့သည်။ ပဋိပက္ခများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယိ သည် အီရန်၊ အိုမန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့မှ ၎င်း၏ သံတမန်ချင်းများနှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အမေရိကန်သည်လည်း ပထမ ၆ ရက် အတွင်း မှာပင် စစ်စရိတ် ဒေါ်လာ ၁၁.၃ ဘီလီယံ သုံးစွဲခဲ့ရသည်ဟု ပင်တဂွန် မှ ကွန်ဂရက် သို့တံခါးပိတ် ရှင်းလင်း တင်ပြပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု နယူးယောက် တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။ အလားတူပင် တရုတ်သည်လည်း ကျည်တတောင်မျှ မဖေါက်ရပါဘဲလျက် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံးရမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
(နယူးယောက် တိုင်းမ်၏ For Xi, Trump's embrace of world proves China needs more power နှင့် For China, Billions of Dollars Are at Risk From a Widening War @ဆောင်းပါးများကို ကိုးကားသည်)