အမေရိကန်နှင့် အစ္စရေးတို့ နောက်ထပ် မည်သည့်နေရာများကို တိုက်ခိုက်မည်နည်း

by Hla Soewai - Mar 09 2026

ထရမ့်သည် အမေရိကန် သမ္မတ အဆက်ဆက် တင်ကျန်ခဲ့သော သွေးကြွေးကို ဆပ်နိုင်ခဲ့ပြီဟု ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ဖလော်ရီဒါ ရှိ ၎င်းပိုင် မာရာလာဂို အပမ်းဖြေ စခန်း သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

 

ထရမ့်သည် အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်များနှင့် စကားပြောဆိုရန် အစီအစဉ်ရှိကြောင်းAtlantic မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ၎င်းက "သူတို့ဘက်က စကားပြောချင်နေကြတယ်" ဟု ပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမှု ပြုလုပ်မည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ တစ်ဖက်တွင်လည်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ ၏ နေရာကို ဆက်ခံနိုင်ဖွယ်ရှိသူဟု ယူဆရသည့် အလီ လာရီဂျာနီ ကမူ အီရန်အနေဖြင့် အမေရိကန်နှင့် မည်သည့်ဆွေးနွေးညှိနှိုင်းမှုမျိုးကိုမျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း ပြောခဲ့ပြန်သည်။

 

အတ္တလန်တစ် မဂ္ဂဇင်း နှင် ဖလော်ရီဒါ ရှိ မာရာလာဂို အပမ်းဖြေ စခန်း မှ ‌တယ်လီဖုန်း နှင့် အင်တာဗျုးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ ယခုလို ပြောသွားခဲ့ပြန်သည်။

 

"ဒီလိုလုပ်ဖို့ လူတွေက နှစ်ပေါင်း ၄၇ နှစ်လုံးလုံး စောင့်ဆိုင်းခဲ့ကြတာဗျာ။ အီရန်ခေါင်းဆောင်ပိုင်းက ၄၇ နှစ်တိုင်တိုင် လူတွေကို သတ်ဖြတ်ခဲ့ကြတဲ့ အကျိုးဆက်က သူတို့ဆီ ပြန်သက်ရောက်သွားတာပဲ"

 

အမေရိကန်နှင့် အစ္စရေးတို့သည် စနေနေ့ကတည်းက အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်အမြောက်အမြားကို ထိမှန်ခဲ့သည်။ သို့သော် အရေးပါဆုံးသော ဗုံးမှာ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ ကို သေဆုံးစေခဲ့သည့် ဗုံးပင်ဖြစ်သည်။ ၎င်းသေဆုံးပြီးနောက်တွင် တိုက်ခိုက်မည့် ပစ်မှတ်စာရင်းများ ပြောင်းလဲသွားနိုင်ဖွယ် ရှိသည်။

 

 လာမည့် နာရီပိုင်းနှင့် ရက်ပိုင်းအတွင်း အမေရိကန်နှင့် အစ္စရေးတို့သည် "တိုက်ပွဲအတွင်း ပျက်စီးမှုဆန်းစစ်ခြင်း" (Battle-damage assessment) ဟု ခေါ်ဆိုသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်ကြမည်ဖြစ်ပြီး၊ ၎င်းတို့ မည်သည့်အရာများကို ဖျက်ဆီးနိုင်ခဲ့သနည်း၊ မည်သူတို့ကို သတ်ဖြတ်နိုင်ခဲ့သနည်းနှင့် မည်သည့်နေရာများကို ထပ်မံဗုံးကြဲရန် လိုအပ်သနည်းဆိုသည်ကို တွက်ချက်ဖော်ထုတ်သွားမည်ဖြစ်သည်။  

 

အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက်တစ်ခုလုံးကို အစ္စရေးက စိုးမိုးထားနိုင်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ တိုက်လေယာဉ်များသည် တီဟီရန်မြို့တော် ပေါ်တွင် လွတ်လပ်စွာ ပျံသန်းလျက်ရှိကြောင်း အစ္စရေးစစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံစလုံးသည် အီရန်၏ ဒုံးကျည်ပစ်လွှတ်စင်များ ဝှက်ထားရာနေရာမှ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြိုတင် လက်ဦးမှု ယူ တိုက်ခိုက်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ အကယ်၍ အီရန်က ပါရှန်ပင်လယ်ကွေ့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများမှ စစ်သည်များကို သတ်ဖြတ်နိုင်ခဲ့ပါက ဒေါ်နယ်ထရန့် သည် စစ်ဆင်ရေးကို ယခုထက် ပိုမိုပြင်းထန်အောင် တုန့်ပြန် လာနိုင်သည်။

 

စစ်ဆင်ရေးအတွင်း အမေရိကန်စစ်သည် ၃ ဦး သေဆုံးခဲ့ပြီး အခြား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းသည် ယခုစစ်ဆင်ရေးအတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင်သိရှိရသော အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှုများ ဖြစ်သည်။

 

အစ္စလာမ္မစ်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်မှုပိုင်းတွင် မရေရာမှုများ ရှိနေသော်လည်း စစ်ပွဲသည် ရက် ပေါင်းများစွာ ကြာမြင့်ဖို့ ရှိနေသည်။ လေးပတ်မှ ငါးပတ်အထိ ကြာမည်ဟု ထရမ့်က ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ပင်လယ်ကွေ့နိုင်ငံများအပေါ် ကျရောက်လာသော ခြိမ်းခြောက်မှု

 

အီရန်သည် စနေနေ့တွင် ၎င်း၏ အိမ်နီးချင်း အာရပ်နိုင်ငံများကို တိုက်ခိုက်ရန် အချိန်ဆွဲ မနေခဲ့။ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာ ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ရှိ စစ်အခြေစိုက်စခန်းများသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

 

ထိုတိုက်ခိုက်မှု အများစုကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း အရပ်ဘက်ပစ်မှတ်များတွင်မူ ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားခဲ့သည်။ ဒရုန်းများသည် ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဘာရိန်းရှိ လူနေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ပြီး ဒူဘိုင်းရှိ ဇိမ်ခံဟိုတယ်တစ်ခုလည်း မီးလောင်ကျွမ်းခဲ့သည်။

 

ပင်လယ်ကွေ့နိုင်ငံများမှ အုပ်ချုပ်သူများသည် ယခုကဲ့သို့သော လက်စားချေတိုက်ခိုက်မှုမျိုး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ပြီးခဲ့သည့် နှစ်လအတွင်း ဒေါ်နယ်ထရန့်အနေဖြင့် အီရန်ကို မတိုက်ခိုက်ရန် ဖျောင်းဖျနိုင်ရေး ကြိုးပမ်းခဲ့ကြသည်။ အိုမန်နိုင်ငံသည်လည်း စစ်ပွဲကို တားဆီးနိုင်မည့် နျူကလီးယားသဘောတူညီချက်ရရှိရန် ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း ထိုကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ပေ။ 

 

၎င်းတို့အနေဖြင့် စီးပွားရေးနှင့် ခရီးသွားလာရေးအတွက် ဘေးကင်းလုံခြုံသည့် ဗဟိုချက်များအဖြစ် တည်ရှိနေသော ဂုဏ်သတင်းကို ပျက်စီးစေမည့် ရေရှည်စစ်ပွဲမျိုးကို အသည်းအသန် ရှောင်လွှဲလိုကြသည်။ အချို့သော ကုမ္ပဏီများသည် ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်များပင် စတင်ရေးဆွဲနေကြပြီဖြစ်သည်။ သို့သော် အီရန်က ပင်လယ်ကွေ့နိုင်ငံများကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လေလေ၊ ထိုနိုင်ငံများကို အမေရိကန်နှင့် တစ်ဖက်တည်းဖြစ်အောင် ပိုမိုတွန်းပို့ရာ ရောက်လေလေ ဖြစ်သွားနိုင်သည်။

 

စစ်ပွဲကြောင့် စွမ်းအင်စျေးနှုန်းများအပေါ် ရိုက်ခတ်မှု

 

အမေရိကန်က အီရန်ကို စနေနေ့တွင် စတင်တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ရေနံစျေးနှုန်းများနှင့် ပတ်သက်ပြီး ခန့်မှန်းတွက်ချက်မှုများ ထွက်ပေါ်လာခဲ့သည်။

 

အီရန်သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်း ခန့်ကို ထုတ်လုပ်ပေးနေသည့် နိုင်ငံဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြား အနီးတွင် တည်ရှိနေခြင်းပင် ဖြစ်သည်။ ထိုကျဉ်းမြောင်းသော ရေလမ်းကြောင်းသည် ပါရှန်ပင်လယ်ကွေ့သို့ သွားရာလမ်းဖြစ်ပြီး ကမ္ဘာ့ရေကြောင်း ရေနံတင်ပို့မှုအားလုံး၏ သုံးပုံတစ်ပုံခန့်သည် ထိုနေရာကို ဖြတ်သန်းသွားလာနေရသည်။ 

 

အီရန်၏ အဓိက ရေနံတင်ပို့သည့် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် အီရန်ရေတပ်သည် ရေလက်ကြားကို ဖြတ်သန်းသွားသော သင်္ဘောများကို တားဆီးပိတ်ဆို့နေသည်ဟူသော သတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ 

 

သောကြာနေ့က တစ်စည်လျှင် ၇၃ ဒေါ်လာ သာရှိခဲ့သော နိုင်ငံတကာ ရေနံစျေးနှုန်းစံနှုန်း ဖြစ်သည့် ဘရန့် (Brent) ရေနံစိမ်းစျေးသည် ၈၀ ဒေါ်လာ အထက်သို့ လျင်မြန်စွာ မြင့်တက်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။

 

တနင်္လာနေ့နံနက်ပိုင်း အာရှစျေးကွက်များ ပြန်လည်ဖွင့်လှစ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ထိုခန့်မှန်းချက်များမှာ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ဘရန့်ရေနံစျေးသည် ၁၀ ရာခိုင်နှုန်း ခန့် ရုတ်တရက် ခုန်တက်သွားခဲ့သည်။ အိုပက် နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများက ဧပြီလတွင် အခြားနေရာများမှ ရေနံထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဟု ထိုနေ့အစောပိုင်းက ကြေညာခဲ့သော်လည်း စျေးနှုန်းအပေါ် သက်ရောက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။ ဤပဋိပက္ခသည် အချိန်ကြာမြင့်လေလေ၊ စွမ်းအင်စျေးကွက်များအပေါ် ရိုက်ခတ်မှုမှာ ပိုမိုကြီးမားလေလေ ဖြစ်လာ‌ ပေလိမ့်မည်။

 

ဤစစ်ဆင်ရေး၏ ရလဒ်အနေဖြင့် အီရန်ပြည်သူများသည် ယခုထက် ပိုမို၍ လွတ်လပ်ပြီး ချမ်းသာကြွယ်ဝသော ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရရှိလာလိမ့်မည်ဟူသော မျှော်လင့်ချက်တော့ ရှိနေဆဲဖြစ်သည်။ ထိုသို့ ဖြစ်မလာဘဲ ၎င်းတို့၏ ဆင်းရဲဒုက္ခများ ဆက်လက်တည်ရှိနေဦးမည်ဆိုပါက ထရမ့် အနေဖြင့် ဝင်ရောက်ကူညီပေးလိမ့်မည်ဟုတော့ မမျှော်လင့်ပါနှင့်။ သူလုပ်ဆောင်ရန် ရည်ရွယ်ထားသော အဓိကအလုပ်မှာမူ မကြာမီ ပြီးမြောက်တော့မည် ဖြစ်သောကြောင့်ပင် ဟု အီကောနော်မစ် မဂ္ဂဇင်းက ရေးသားထားသည်။