ထိုအကြောင်း နှင့် အတန်ငယ် ဆင်တူသော ဘာလင် ပိတ်ဆို့မှု ကြီးကို အနည်းငယ် တင်ပြလိုပါသည်။
ဘာလင်ပိတ်ဆို့မှု ဆိုသည်က စစ်အေးတိုက်ပွဲကာလ၏ ပွဲဦးထွက် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခပင် ဖြစ်သည်။
၁၉၄၈ ခုနှစ်၊ ဇွန်လ မှ ၁၉၄၉ ခုနှစ်၊ မေလ အထိ ၁၁ လနီးပါး ကြာမြင့်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ဆိုဗီယက် ယူနီယံတို့က ခွဲဝေအုပ်ချုပ်ခဲ့ကြသည်။
အနောက်အုပ်စုက သူတို့ထိန်းချုပ်ရာဒေသ များ တွင် ငွေကြေးအသစ် အဖြစ် Deutsche Mark ကို မိတ်ဆက်ပြီး စီးပွားရေး ပြန်လည်ထူထောင်ရန် ကြိုးစားလာခဲ့သည်။ ဆိုဗီယက်ခေါင်းဆောင် စတာလင် က အစာမကြေ ဖြစ်လာကာ အနောက်ဘာလင်ကို အစာငတ်မွတ်စေပြီး အနောက်နိုင်ငံများကို ဘာလင်မှ ထွက်သွားအောင် ဖိအားပေးသည့် အနေနှင့် ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးအားလုံးကို ပိတ်ဆို့လိုက်သည်။
လမ်းကြောင်းများ အပိတ်ခံလိုက်ရသည့်အတွက် အနောက်ဘာလင်တွင် ရှိ လူဦးရေ (၂) သန်းကျော်သည် အစားအစာနှင့် လောင်စာဆီ ပြတ်လပ်မှု ကြုံခဲ့ရသည်။ ထိုအရေး ကို ဖြေရှင်းရန် အနောက်အုပ်စုက "လေကြောင်းတံတား" Air Lift ကို အသုံးပြုလာခဲ့သည်။
လေယာဉ်များဖြင့် အစားအသောက်၊ ကျောက်မီးသွေးနှင့် ဆေးဝါးများကို နေ့ညမပြတ် ပျံသန်းပို့ဆောင်ပေးခဲ့သည်။ ငတ်မွတ်မှု အထွပ် အထိတ် သို့ ရောက်ရှိ ချိန်တွင် ၄၅ စက္ကန့်လျှင် လေယာဉ်တစ်စင်း ဘာလင်ကို ဆင်းသက်နိုင်ခဲ့သည်။
ဆိုဗီယက်၏ ပိတ်ဆို့မှုအား အနောက်အုပ်စုမှ ဇွဲရှိရှိ နှင့် ထောက်ပံ့မှုကို မယှဉ်နိုင်သည့် အတွက် ၁၉၄၉ ခုနှစ်၊ မေလ ၁၂ ရက်တွင် ဆိုဗီယက်က ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
သို့သော်လည်း အကျိုးဆက်များ အဖြစ် အနောက်ဂျာမနီ (Federal Republic of Germany) နှင့် အရှေ့ဂျာမနီ (German Democratic Republic) ဆိုပြီး တရားဝင် ကွဲထွက်သွားခဲ့သည်။
ဆိုဗီယက်၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန်အတွက် အနောက်နိုင်ငံများ စုပေါင်းပြီး NATO စစ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။
ထိုအဖြစ်အပျက်သည် စစ်အေးတိုက်ပွဲ၏ အစောပိုင်းကာလတွင် အနောက်အုပ်စုနှင့် ဆိုဗီယက်ကြားက တင်းမာမှုကို အထွတ်အထိပ် ရောက်စေခဲ့သည်။
ယခုအခါ မြန်မာတွင်လည်း 'တရားမဝင်' ကုန်သွယ်မှုကို အပြင်းအထန် နှိမ်နှင်း ရမည် ဆိုကာ သွင်းကုန်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်လာခြင်း၊ နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းနှင့် တို့ကြောင့် ယခင် ထိုင်းနယ်စပ်မှတစ်ဆင့် ကုန်တင်ကားများဖြင့် တင်သွင်းခဲ့သည့် မုန့်ပဲသရေစာများမှအစ ဆေးဝါးများအဆုံး ကုန်ပစ္စည်းများမှာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်ဟု မြန်မာ နောင်းတွင် ရေးသားလာသည်။
မန္တလေးမြို့ရှိ စီးတီးမတ် ကုန်တိုက်ကြီးတွင် ယခင်က ထိုင်းမုန့်ပဲသရေစာများ၊ အသင့်စားခေါက်ဆွဲခြောက်များနှင့် လူသုံးကုန်ပစ္စည်းများဖြင့် ပြည့်နှက်နေခဲ့သော စင်တန်းကြီးများသည် ယခုအခါ သိသိသာသာပင် ဟာလာဟင်းလင်း ဖြစ်နေပေသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်းကပင် အကန့်အသတ်ဖြင့် သာ ရရှိတော့သည့် ထိုင်းသွင်းကုန်ပစ္စည်းများသည် ယခုအခါ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း အဆိုပါဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ စစ်အုပ်စုသည် နိုင်ငံခြားသွင်းကုန်များအပေါ် ကန့်သတ်ချက်များ တင်းကျပ်လိုက်ခြင်း၊ 'တရားမဝင်' ပစ္စည်းများကို ပစ်မှတ်ထားသည်ဟူသော အကြောင်းပြချက်ဖြင့် ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် အဓိက နယ်စပ်ဂိတ်များကို ပိတ်လိုက်ခြင်းတို့ကြောင့် ရောင်းချရန် လက်ကျန်ပစ္စည်းပင် မရှိတော့ကြောင်း ၎င်းက ဆိုသည်။
ယခင် နယ်စပ်ဒေသများတွင် တိုက်ပွဲတွေဖြစ်နေလျင်ပင် ထိုင်းကုန်ပစ္စည်းများ ဆက်ဝင်နေသေး သော်လည်း ယခု ဘာ ပစ္စည်းမှ မဝင်တော့ဘူး" ဟု ပြောသည်။ အချို့သော ဈေးဝယ်စင်တာကြီးများတွင် ထိုင်းပစ္စည်းအချို့ကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူရရှိနိုင်သေးသော်လည်း သာမန် လက်လုပ်လက်စားပြည်သူလူထုအဖို့မူ ဝယ်ယူနိုင်စွမ်းမရှိတော့ ဟု သိရသည်။
ထိုင်းနိုင်ငံမှ တင်သွင်းသော ငံပြာရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သလို၊ လျှပ်စစ်ပစ္စည်းအရောင်းဌာနတွင်လည်း ရောင်းချရန် တီဗွီတစ်လုံးတစ်လေမျှပင် မကျန်တော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ ထိုင်းကုန်ပစ္စည်း ပြတ်လပ်မှုသည် မန္တလေးရှိ ဤကုန်တိုက်တစ်ခုတည်းတွင်သာ ဖြစ်ပေါ်နေသည်မဟုတ်ဘဲ စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့ကြီးမြို့ငယ်များမှ စူပါမားကတ်များနှင့် ဈေးများအားလုံးတွင်ပါ သက်ရောက်လျက်ရှိသည်။
လူထု ကြီးက အရည်အသွေး နိမ့်သော ပြည်တွင်း ဖြစ် ထွက်ကုန်များသာ ဝယ်ယူနေကြရသည်။
ယခုကဲ့သို့ ထိုင်းကုန်ပစ္စည်းများ အကြီးအကျယ် ပြတ်လပ်နေရခြင်းမှာ စစ်အုပ်စု က သွင်းကုန်လိုင်စင်များကို လုံလောက်အောင် ထုတ်ပေးနိုင်မှု မရှိခြင်း၊ တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်းများစွာ ကုန်သွယ်မှုပြုလုပ်နေသည့် မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတား ပိတ်ထားရခြင်းနှင့် လိုင်စင်မဲ့ကုန်စည်များကို အပြင်းအထန် ဖမ်းဆီးနှိမ်နင်းနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ကုန်သည်များက သုံးသပ်ကြသည်။
စစ်အုပ်စု၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မိုင်ပေါင်း ၁,၅၀၀ ရှည်လျားသော မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအတွက် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ် နှင့် ကော့သောင်း စသည့် ကုန်သွယ်ရေးဂိတ် (၆) ခုအပြင် အခြားလျာထားသည့် စခန်းများလည်း ရှိကြောင်း သိရသည်။
နယ်စပ်ဂိတ်များကို ထိန်းချုပ်ထားသော တော်လှန်ရေး အင်အားစုများအနေဖြင့် အခွန်အခများရရှိပြီး စစ်ရေးအရ အင်အားတောင့်တင်းလာမည်ကို စိုးရိမ်သဖြင့်၊ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ် ခေါင်းဆောင် မင်းအောင်လှိုင်က ထိုကဲ့သို့သော နယ်စပ် ကုန်သွယ်မှုများကို တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်။
တပတ်အကြာ ဩဂုတ်လ ၁၈ ရက်နေ့တွင် တော့ မြဝတီ-မဲဆောက် အမှတ် (၂) တံတားကို ပိတ်လိုက်သည်။ စစ်ကောင်စီသည် ထိုင်းနယ်စပ်ရှိ ရနောင်းနှင့် ကော့သောင်း ကမ်းရိုးတန်းဆိပ်ကမ်းများမှတစ်ဆင့် ရန်ကုန်သို့ ကုန်သေတ္တာတင်သင်္ဘောများဖြင့် ကုန်သွယ်မှုကိုသာ ခွင့်ပြုထားကြောင်း၊ အကြောင်းမှာ အဆိုပါ ပင်လယ်ရေကြောင်းဆိပ်ကမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သောကြောင့်ဖြစ်ကြောင်း ကုန်သည်တစ်ဦးက Myanmar Now သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
ရနောင်း-ကော့သောင်း-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးထားသော်လည်း စစ်ကောင်စီသည် သွင်းကုန်လိုင်စင် အရေအတွက် အနည်းငယ်ကိုသာ ထုတ်ပေးနေကြောင်း ထိုင်းကုန်ပစ္စည်းများ တင်သွင်းနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် ကုန်သည်တစ်ဦးက ဆိုသည်။
စီးတီးမတ် ကဲ့သို့သော ကုန်တိုက်ကြီးများတွင် ထိုင်းကုန်ပစ္စည်းများ ရောင်းချနိုင်ရန်အတွက် သွင်းကုန်လိုင်စင်များ၊ အခွန်ပေးဆောင်မှု အထောက်အထားများနှင့် စားသောက်ကုန်များအတွက် FDA ခွင့်ပြုချက်များ အပါအဝင် အထောက်အထားစာရွက်စာတမ်း အပြည့်အစုံ လိုအပ်သည်။
စစ်အုပ်စုက လိုင်စင်များ ထုတ်မပေးခြင်းနှင့် ကုန်ပစ္စည်းများမှာလည်း အနည်းငယ်မျှသာ စီးဝင်နေခြင်းတို့ကြောင့် လိုင်စင်မဲ့ကုန်စည်များကို ထိုကဲ့သို့သော ကုန်တိုက်ကြီးများတွင် ရောင်းချ၍မရတော့ကြောင်း၊ ရန်ကုန်ရှိ အချို့သော အိမ်ဆိုင်လေးများတွင်မူ ထိုင်းကုန်ပစ္စည်းအချို့ကို ဝယ်ယူရရှိနိုင်ပါသေးသည်ဟု သိရသည်။
သွင်းကုန်ထိန်းချုပ်မှုများကို တင်းကျပ်စွာ ချမှတ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ဦးဆောင်မှုအောက်တွင် ကုန်သွယ်မှုလိုငွေပြမှု လျော့နည်းသွားပြီဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်ရှိ ဇီးပင်ကြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ပြောကြားရာတွင် ပြည်တွင်းတွင် စားသောက်ကုန်များကို ပိုမိုထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကမူ စစ်အုပ်စုသည် စစ်လက်နက်ပစ္စည်းများနှင့် လောင်စာဆီများအတွက် အမြောက်အမြား ဆက်လက်သုံးစွဲနေပြီး အခြေခံလိုအပ်သော ကုန်စည်များအတွက်မူ နိုင်ငံခြားငွေ သုံးစွဲမှုကို ကန့်သတ်ထားခြင်း ဖြစ်မည်ဟု ဆိုသည်။ ထို့ပြင် သွင်းကုန်များနေရာတွင် အရည်အသွေးမမီသော ပစ္စည်းများဖြင့် အစားထိုးခြင်းသည် စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး၊ အထူးသဖြင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများတွင် ပိုမိုစိုးရိမ်ရကြောင်း ၎င်းက သတိပေးခဲ့သည်။
ပြဿနာသည်က စစ်ကောင်စီသည် ဒေါ်လာများကို လေယာဉ်ဆီနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ပဲ ဦးစားပေးနေ၍ ဟု ၎င်းက ဆိုသည်။ ထို့အတွက် ဆေးဝါးများ အလွယ်တကူ ဝယ်မရတော့။ အစားထိုးသုံးလို့ရသည် ဆိုသော ဆေးများသည်လည်း လူနာများနှင့် သင့်တော်ချင်မှ သင့်တော်မည် ဖြစ်သည်။ ပစ္စည်းပြတ်လပ်မှုများ တာရှည် လာသည့် အခါ အတုအပများ ဝင်ရောက်လာပြီး ဆေးကုသမှုများသည်လည်း ထိရောက်မှု ရှိတော့မည် မဟုတ်ဟု ပြောသွားခဲ့သည်ဟု ရေးသားထားသည်။
နိုင်ငံအတွင်း ဖြစ်နေသည်များက "စီးပွားရေးအရ မိမိကိုယ်ကို ပိတ်ဆို့မှု" (Economic Self-strangulation) ကြောင့် ဖြစ်သည်။ ဘာလင်အား ပြည်ပ က ပိတ်တာဖြစ်ပြီး ယခု ရန်ကုန်မတွင် တော့ အုပ်ချုပ်သူကိုယ်တိုင်က မူဝါဒများ နှင့် ရွှေဉာဏ်တော် စူး ရောက်ကာ ပိတ်ပင်နေခြင်း ဖြစ်သည်။
ဘာလင် အရေးတွင် "လေကြောင်းတံတား" ဆိုသည့် ထွက်ပေါက်ရှိခဲ့ သော်လည်း၊ ရန်ကုန် တွင် တော့ ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပစ္စည်းပြတ်လပ်မှုများကို မည်သူ့အကူအညီမှ မပါဘဲ ကိုယ့်ဘာသာ ရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်နေသည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!