မတ်လ လယ် ရုံတင်မည့် ဟာသ ပြဇာတ်ကြီး

by Hla Soewai - Mar 02 2026

မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့တွင် ရုံတင်မည့် ဟာသ ဇာတ်ထုတ်ကြီး တွင် အဓိက ဇာတ် ဆောင် အဖြစ် အသုံးတော် ခံမည့်သူ က ခင်လှိုင် တော့ မဟုတ်၊ ခင်ရီ သာ ဖြစ်မည်ဟု ခန့်မှန်း နေကြသည်၊ ၎င်းသည် ပြည်ထောင်စု လွှတ်တော် ဥက္ကဌ အဖြစ် သရုပ်ဆောင်မည်ဟု ခန့်မှန်းချက်များ အတိအကျ ထွက်ပေါ်လာသည်။

 

၎င်းနှင့် အတူ ထိတ်တန်း စစ်ဗိုလ်ချုပ် ဟောင်းများ၊ ဘုစုခရုစု ဗိုလ်ချုပ်၊ ဗိုလ်မှုး များလည်း ရှေ့ထွက်လာကြဦးမည် ဖြစ်သည်။

 

ပြည်သူများ ကိုဗစ် အန္တရာယ် ဆိုးကြီးကို မကြောက်မရွံ့ ရင်ဆိုင် အန်တုကာ မဲပေး ရွေးချယ် စေလွှတ်ခဲ့ကြသော ပြည်သူ ကိုယ်စားလှယ် အစစ်အမှန် များ တက်ရောက် လာမည့် အရေးကို လွန်ခဲ့‌ သော ငါးနှစ်က စစ်သံချပ်ကားများ၊ သံဆူးကြိုးများ ဖြင့် ဝိုင်းရံ ပိတ်ဆို့ကာ လက်နက်အားကိုး အနိုင်ကျင့်ခဲ့ကြသည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ ကို အားလုံးက အလိုလို ပြန်အမှတ်ရစရာ ဖြစ်လာမည့် ကြေကွဲဖွယ်ရာ နေ့တနေ့လည်း ဖြစ်လာပေဦးမည်။

 

ခင်ရီ၏ တာဝန်သည် ဥပဒေများ တင်သွင်းခြင်း၊ ဘတ်ဂျက်များ၊ ဝန်ကြီးရာထူး များ ခန့်အပ်လာမှု များကို အတည်ပြုပေးရမည့် အပြင် အရေးအကြီးဆုံး တာဝန် ဖြစ်သည့် မင်းအောင်လှိုင်အား သမ္မတ အဖြစ် အဆိုပြုရေး အား လုံးဝ အတိမ်းအစောင်း မရှိအောင် ထိန်းကြောင်းပေးရမည် ဖြစ်သည်။

 

ယခုကိစ္စသည် လွန်စွာ သတိကြီးစွာထားရမည် ဖြစ်သဖြင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ် တခုကမူ— စစ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးစပ်သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများသည် ဒုတိယသမ္မတ (၁) နှင့် (၂) ဖြစ်လာနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

 

ပါတီအတွင်းမှာ ရာထူးကြီးပိုင်း စစ်တပ်အရာရှိဟောင်းများ ရှိနေသည့် အတွက် ခင်ရီအတွက် ဖြစ်နိုင်ခြေအရှိဆုံး အမြင့်ဆုံးရာထူးသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်လိမ့်မည်ဟု ဆိုသည်။

 

USDP သည် ပြည်ထောင်စု နှင့် အမျိုးသား လွှတ်တော် ၏ ၈၁ ရာနှုန်းကို ထိန်းချုပ်ထားပြီ ဖြစ်၍ လွှတ်တော်သည် စစ်တပ်၏ လက်အောက်သို့ လုံးဝ ကျရောက်သွားပြီ ဖြစ်သည်။ ရွေးကောက်ပွဲ ဇတ်ထုတ်ကြီးတွင် ဖြတ်လျှောက် အဖြစ် ဝိုင်းဝန်း ပံ့ပိုး ပေးကြရသည့် အဖြစ် နှင့် တင်းတိမ်ခဲ့ကြရသူ များကတော့ ဧည့်ခံပွဲ များ သို့ ဖိတ်ကြားခံရသည့် အဆင့်ဖြင့် တင်းတိမ်ခဲ့ကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီ UCC ကို ဖွဲ့လာပြီ ဖြစ်၍ ၎င်း သမ္မတ ဖြစ်ရေး ကြိမ်းသေသွားပြီး ဥက္ကဌ အဖြစ် စိုးဝင်းကို ထားဖို့ အတော်လေး နီးစပ်နေသည်။ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာဖို့ မရှိသည့် စိုးဝင်း အတွက် မျက်နှာမပျက်ရအောင် ဖန်တီးပေးခြင်းသာ ဖြစ်မည်၊ ၎င်းတို့ အကြံပေးသည်ကိုလည်း နားထောင်မည်ကား မဟုတ်။ တရုတ် ဖက်ကတော့ မင်းအောင်လှိုင်ကို ထိန်းချုပ်နိုင်ရန် ထိုသို့သော အဖွဲ့မျိုး လိုအပ်နေသည်ဟု ယူဆထားပုံရသည်။

 

လွှတ်တော်ဥက္ကဌ ရာထူးသည် နိုင်ငံရေး ထဲတွင် ထိထိရောက်ရောက် ပါဝင်နိုင်သဖြင့် အဆောင်အယောင်သက်သက်သာဖြစ်သည့် ဒုတိယသမ္မတရာထူးထက် ပို၍ ဩဇာအာဏာထက်မြက်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ပြောသည်။ ထို့အတွက် ထိုရာထူးမျိုးသည် ခင်ရီ အတွက် ကျေနပ်စရာ ကောင်းသော ရာထူးမျိုး ဖြစ်သည်။

 

အနှီ ပုဂ္ဂိုလ်သည် ရန်ကုန်မြို့လယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူများအား နှိမ်နှင်းရန် တုတ်ဓါး လေးဂွများ ကိုင်ဆောင်လာကြသည့် တနေ့ငါးထောင်ရ ကြေးစားလူမိုက်များ‌ စေလွှတ်ခဲ့သည့် ဂိုဏ်း ခေါင်းဆောင်ကြီးလည်းဖြစ်‌ နေပြန်သည်။

 

အဓိကကျသော ရာထူးနေရာများကို မည်သူရယူမည်ဆိုသည့် သတင်းအချက်အလက်များကို အထူးလျှို့ဝှက်ထားပြီး ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင်သာ သိရှိကြကြောင်း USDP လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်ဟု ရိုက်တာ သတင်းက ကိုးကား ဖေါ်ပြထားသည်။

 

အစည်းအဝေးတစ်ခုတွင် ခင်ရီ ပြောခဲ့သည်ကို ကိုးကား၍ သတင်းရင်းမြစ်တစ်ခုက 'သေချာတာတစ်ခုကတော့ ကျွန်တော်ဟာ လွှတ်တော်နှစ်ရပ်ထဲက တစ်ခုခုရဲ့ ဥပဒေပြုရေးကဏ္ဍမှာ ဦးဆောင်ရလိမ့်မယ်လို့ ထင်တယ်' ဟု ပြန်လည်ပြောပြခဲ့သည်။

 

သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည် ဆိုသော ပါတီ ခေါင်းဆောင်ပင် ၎င်း ဘယ်နေရာမှ တာဝန်ယူ မည် ဆိုသည်ကို ကြိမ်းသေပေါက် မပြောနိုင်ဘဲ ထင်ကြေး ပေးနေရသည် အဖြစ် က မကြာမီ ပေါ်ပေါက်လာမည့် နိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ် ပြဆိုနေခြင်းလည်း ဖြစ်သည်။

 

၎င်းတို့၏ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတသည် အခြားမည်သည့်ရာထူးကိုမဆို ပူးတွဲထမ်းဆောင်ခွင့် တားမြစ်ထားသည်၊ ဤသည်ကလည်း ၁၅ ရက် အတွင်း လွှတ်တော်က ပြင်ဆင် ပေးနိုင် ပြန်သည်။ ထိုသို့ မဟုတ်ကလည်း မင်းအောင်လှိုင်အနေဖြင့် "အစိုးရသစ်" တွင် သမ္မတ ရာထူး ကို ရယူရန် ပြင်ဆင်နေပြီး စစ်တပ်ကိုမူ သူယုံကြည်ရသည့် ကျေးတော်မျိုး ကျွန်တော်မျိုး တစ်ဦး၏ လက်ထဲသို့ လွှဲပြောင်းပေးမည်လော။

 

သို့မဟုတ်ကလည်း လက်ရှိ တိုင်းပြည်၏ လုံခြုံရေး အခြေအနေ ကြောင့် မလွှဲမရှောင်သာဘဲ ဗိုလ်ချုပ်မှုးကြီး မင်း‌ အောင် လှိုင် အားကာကွယ်ရေး ဦးစီးချုပ် ရာထူးတွင်ပင် ဆက်လက် ထမ်းဆောင်ရန် သမ္မတကြီး ဦးမင်းအောင်လှိုင်ကပဲ အတင်းအကျပ် တောင်းဆိုလာမည်လော ဆိုသည်က နောက်လ အတွင်း အဖြေ ပေါ်လာမည် ဖြစ်သည်။

 

နောက်တကြောင်းက ၎င်းတို့ ချပြလာမည့် အခင်းအကျင်းကို ဘီဂျင်းက သဘောကျဖို့လည်း လိုအပ်နေပြန်သည်။ တရုတ် အစိုးရသည် မြန်မာပြည်သူများ ထက်၊ ရှုပ်ချည်နပ်ချည် နှင့် ဗလောင်းဗလဲ လုပ်တတ်သော လက်တဆုပ်စာ အာဏာသိမ်း စစ်ဗိုလ်ချုပ်များအား ‌ပံ့ပိုးပေးဖို့ ပြောင်ပြောင်တင်းတင်း ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ သည်လည်း လွတ်လပ်၍ တက်ကြွသော ဘက်မလိုက် နိုင်ငံခြားရေး ဝါဒ ကို ပြန်လည် သုံးသပ် ရတော့မည်လည်း ဖြစ်သည်။

 

အာဏာရှင် တိုင်းက ပြည်သူများ အရိပ်အကဲ ကို စိုးရိမ်တကြီး စောင့်ကြည့်ကာ ထိတ်လန့်နေကြရသူ များ ဖြစ်သည်၊ အာဏာ ကို လက်နက် အားကိုး ဖြင့် သိမ်းယူခဲ့ရသည် ဆိုကတည်းက အဖက်ဖက်က အားနည်းနေကြသူ များ ဖြစ်သည်။ သိက္ခာသမာဓိ ဖြင့် ကိုယ်ကျင့်တရား ပြည့်ဝနေသူများ ဆိုက ပြည့်လူထု၏ ယုံကြည်ကိုးစားမှု ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံယူမည်သာ ဖြစ်သည်။ ထို့သို့လည်း မည်သို့မျှ ဖြစ်မလာနိုင်၍ ဖြတ်လမ်းနည်း သုံးကာ အာဏာရယူခဲ့ကြရသည် ချည်းပင် ဖြစ်သည်။

 

၎င်းတို့သည် လူထု ထက် ပတ်ဝန်းကျင်ရှိ လက်ပါးစေ အခြံအရံများကို ပို၍ပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့ကိုယ်တိုင် အာဏာကို လုယူနိုင်ခဲ့သကဲ့သို့ အခြားသူများကလည်း ထိုသို့ ပြုလုပ်နိုင်သဖြင့် 'နောက်ကျောကို ဓားနှင့်အထိုးခံရနိုင်သည့်' အလားအလာမှာ အမြဲရှိနေ သော ကြောင့် ဖြစ်သည်။ ၎င်းတို့ကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်သည့် ပြိုင်ဘက်များစွာ ရှိနေပြီးလည်း ဖြစ်သည်။

 

မည်သို့ပင် ကလိန်ကကျစ် လုပ်ကြစေကာမူ ၎င်းတို့ သွားရာလမ်းက တလမ်းတည်း သာ ရှိသည် ဆိုသည်ကိုလည်း သမိုင်းက တာဝန် ကျေပြွန်စွာ သက်သေခံခဲ့ပြီးလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!