သွေးချောင်းစီးခဲ့ရပြီး ဘယ်ဖက်ကမှ မနိုင်နိုင်ဖြစ်နေခဲ့သည့် စစ်ပွဲတပွဲသည် အလိုလိုငြိမ်းသတ်သွားသင့်ပြီ ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကတော့ ထိုသို့ ဖြစ်မလာခဲ့။ ထို့သို့ ဖြစ်မလာခဲ့ခြင်း သည်လည်း လူတယောက် ကြောင့်ပင် ဖြစ်သည်။
ဗလာဒီမာ ပူတင်သည် ၎င်းကိုယ်တိုင် ဖန်တီးခဲ့သည့် ကျဉ်းထဲကျပ်ထဲ တွင် ပိတ်မိနေပြီ ဖြစ်သည်။ ယူကရိန်းရှိ ၎င်း၏ တပ်များသည်လည်း "အောင်ပွဲ" ဟု ကြွေးကြော် နိုင်မည့်ရလဒ် တခုခု ထွက်ပေါ်လာ အောင် လုပ်နိုင်မည့် အခွင့်အရေးသည်လည်း မှေးမှိန်လာနေပြီ ဖြစ်သည်။
ဒေါ်နယ် ထရမ့်က ယူကရိန်းကို နယ်မြေအချို့ ပေးအပ်ဖို့ ဖိအားပေးလိမ့်မည်ဟု ယူဆ နေကြသည့် အတွက်၊ ယခုအပတ် ဂျီနီဗာတွင် ဆက်လက်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပူတင်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။
တကယ်တမ်းတွင် ထို ထွက်ပေါက်သည်လည်း ဖြစ်နိုင်ခြေ ပိုနည်းလာနေသည်။ အကယ်၍ ငြိမ်းချမ်းရေး သဘော တူညီချက် တခု ရရှိခဲ့လျှင်ပင် ရုရှားနိုင်ငံအတွင်း ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ ကြောင့် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာနိုင်ပြီး၊ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော "ဇာ" ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုခံရရေး ပူတင်၏ ရည်မှန်းထားသည်များ ပျက်စီးသွားစေမည် ဖြစ်သည်။
ရုရှားသမ္မတအတွက် ပထမဆုံး ရင်ဆိုင်နေရသည့် ပြဿနာကတော့ စစ်မြေပြင်ပင် ဖြစ်သည်။ ၁၉၄၁ ဇွန်လ မှ ၁၉၄၅ မေလအထိ ကြာမြင့်ခဲ့တဲ့ "မဟာမျိုးချစ်စစ်ပွဲ" ကြီး အတွင်း ဆိုဗီယက် တပ်နီ များသည် မော်စကိုမှ ဘာလင်အထိ ကီလိုမီတာ ၁,၆၀၀ ခရီးကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ကြသည်။ ထို့ထက် ပိုမိုကြာရှည်လာနေသည့် စစ်ပွဲ တွင် တော့ အဓိကပစ်မှတ်ထားရာ ဒိုးနက်စ် ဒေသ တွင်ရှိ ရုရှားတပ်ဖွဲ့ များသည် ကီလိုမီတာ ၆၀ သာ ရှေ့တိုးနိုင် သေးသည်။ ထိုအကွာအဝေးသည် ဝါရှင်တန် မှ ဘော်လ်တီမိုးမြို့အထိ လောက်သာ ရှိသည်။
ရုရှားသည် ယူကရိန်း၏ ခံစစ်စည်းများကို ဖောက်ထွက် နိုင်ဖို့လောက်အထိ လုံလောက်သည့် စစ်အင်အားကို မတည်ဆောက်နိုင်သေးဘဲ ဖြစ် နေသည်။ စစ်မြေပြင် ပတ်လည် ၁၀ ကီလိုမီတာမှ ၃၀ ကီလိုမီတာအတွင်း ရှိသည့် သတ်ကွင်း ထဲတွင် ဒရုန်းများနှင့် အတူ လှုပ်ရှားမှု မှန်သမျှ မျက် ခြေ မပြတ် စောင့်ကြည့်နေသည့် ဒရုန်းမောင်းသူ များ၏ ရန်ကြောင့် ရုရှားတို့ လူစုလူဝေးနှင့် စုရုံးလို့ မရသည့် အခြေအနေ ဖြစ်လာသည်။ အကယ်၍ ရုရှားတပ်များ ယူကရိန်း၏ ခံစစ်စည်းများကို ဖောက်ထွက် နိုင်ခဲ့လျင်ပင် ရရှိလာသည့် အခွင့်အရေးကို အသုံးချနိုင်ဖို့ ရုန်းကန်ရဦးမည် ဖြစ်သည်။
လက်ရှိ သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်ဖြစ်နေလျင် သမ္မတ ပူတင်အနေဖြင့် အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိတော့မည် မဟုတ်။ စစ်ပွဲ၏ ပထမသုံးနှစ်အတွင်း တွင် ရုရှား သည် စစ်အင်အားကို တည်ဆောက် နိုင်ခဲ့သည်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း တွင်တော့ စုဆောင်းရရှိသည့် စစ်သည်ဦးရေထက် သေဆုံးထိခိုက်သည့် အရေအတွက်က ပိုများလာခဲ့သည်။ ၎င်းတို့သည် လေ့ကျင့်မှု အားနည်းသလို၊ စိတ်ဓာတ်ရေးရာလည်း ကျဆင်းနေပြီး စစ်ပြေးဦးရေသည် လည်း အရင်ကထက် ပိုမိုများပြားလာသည်။
စစ်မြေပြင်တကြော ပစ်မှတ်ရှာဖွေဖို့ မှောင်ခိုသွင်းထားသည့် Starlink စက်ပစ္စည်းများကို အမှီပြုနေရသည့် ရုရှားများကို Starlink ဘက်က ဖြတ်တောက်လိုက်သည်။ ထို့အပြင် ရုရှားအစိုးရကိုယ်တိုင်ကလည်း ရှေ့တန်းစစ်မျက်နှာ တဝှမ်း ဆက်သွယ်ရေး အတွက် အသုံးပြုနေရသည့် Telegram ကိုပါ ပိတ်ပင်လိုက်ပြန်သည်။
ပူတင်အနေဖြင့် စစ်သားသစ် စုဆောင်းရာတွင် အရေအတွက်ရော အရည်အသွေးပါ တိုးတက်လာဖို့ ရုန်းကန်ရ ပေတော့မည်။ ရုရှားသည် စစ်သားစုဆောင်းဖို့အတွက် မျိုးချစ်စိတ်ထက် "ငွေကြေး" ကိုသာ အဓိက အားကိုးနေရသည်။ စစ်မြေပြင်တွင် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိနိုင်ခြေ မြင့်မားလာမှု၊ စစ်မှုထမ်းဟောင်းများကို လျစ်လျူရှုခဲ့မှု၊ ကျဆုံးစစ်သည်မိသားစုများကို ပေးရမည့် "နာရေးစရိတ်" ကို အစိုးရက ရှောင်လွှဲဖို့ ကြိုးစားနေမှု များကြောင့် စစ်သားသစ်ရရှိဖို့ ကုန်ကျစရိတ်သည် ပိုမိုမြင့်တက်လာခဲ့သည်။
Re: Russia အမည်ရှိ သုတေသနအဖွဲ့၏ အဆိုအရ ၂၀၂၅ ခုနှစ် ဇွန်လကစပြီး စစ်မှုထမ်းရန် လက်မှတ်ထိုးခအဖြစ် တဦးကို ပေးရသည့် ပျမ်းမျှအပိုဆုကြေးသည် ရူဘယ် ၅ သိန်း တိုးလာပြီး စုစုပေါင်း ၂.၄၃ သန်း (ဒေါ်လာ ၃၂,၀၀၀ခန့်) အထိ ရှိလာခဲ့သည်။ (ရုရှားတွင် စစ်သားစု ဆောင်းသည်က စစ်ထဲ ဝင်မည် ဆိုလျင် တဦးကို ဒေါ်လာ ၃၂,၀၀၀ အထိ ဆုကြေး ပေး ခေါ်ယူရသည်၊ မြန်မာ ပြည်တွင်တော့ တပြားမှ မရယုံမက တွေ့ရာလူ ကြိုက်သလို ဆွဲခေါ်ခံနေရသည့် အဖြစ်)
ယခုအခါ ထိုသို့ ပေးနိုင်ဖို့ ငွေရှာရသည်မှာ ပို၍ ခက်ခဲလာပြီ ဖြစ်သည်။ ထို့အတွက် တစ်နှစ်ကို သုံးစွဲနေရသည့် ရူဘယ် ၅.၁ ထရီလီယံ ကုန်ကျစရိတ်သည် ဘတ်ဂျက် လိုငွေပြမှု၏ ၉၀% နှင့် ညီမျှနေသည်။ ကျန်ရှိသည့် စီးပွားရေးကဏ္ဍ များတွင်လည်း ဆုတ်ယုတ်နေပြီး ကြွေးမြီကိုလည်း တိုး၍ ပေးဆပ် လာနေရသည်။ ရေနံကရမည့် ဝင်ငွေအလားအလာ သည် လည်း အခြေအနေ မကောင်း ဖြစ်နေပြန်သည်။
သို့သော် ရုရှား၏ စစ်ရေးကြိုးပမ်းမှုများသည် ချက်ချင်းပြိုလဲသွားမည့် အနေအထားမျိုးတော့ မရှိ သေး။ ပူတင်အနေနှင့် ယူကရိန်းပြည်သူ များ၏ စိတ်ဓာတ်နှင့် စီးပွားရေးကို ဖျက်ဆီးပစ်နိုင်ရန် အတွက် မြို့ပြများနှင့် လျှပ်စစ်ဓာတ်အားပေးစနစ် များကို ဆက်လက်တိုက်ခိုက်နိုင်စွမ်း ရှိ နေသည်။ သို့သော် ဝေဟင်မှ တိုက်ခိုက်ရုံသက်သက်နှင့်တော့ ယူကရိန်းဘက်က လက်နက်ချလာဖို့ မဖြစ်နိုင်သလောက်ပင်။
ဥရောပနိုင်ငံ များသည် ယူကရိန်းကို ပစ်ပယ်သွားလိမ့်မည်ဟု ပူတင် အနေဖြင့် ယုံကြည်နေနိုင် သော်လည်း လက်တွေ့တွင်မူ ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပ၏ ထောက်ပံ့ကူညီမှုများက ပို၍ပင် တိုးလာခဲ့သည်။ ပူတင်၏ အကြီးမားဆုံး မျှော်လင့်ချက်သည်က လူအင်အားနှင့် လက်နက်ခဲယမ်း အပြင်းအထန် ရှားပါးနေသည့် ယူကရိန်းသည် ရုရှားထက် အရင်ဦးအောင် နိုင်ငံရေးအကျပ်အတည်း ဆိုက်ရောက်သွားခြင်း သို့မဟုတ် တိုက်ခိုက်မည့်သူ နှင့် လက်နက်တွေ ကုန်ခမ်းသွားခြင်းမျိုး ဖြစ်သည်။ သို့သော်လည်း ယူကရိန်း ပြိုလဲသွားလိမ့်မည် ဆိုသည့် ပူတင်၏ လောင်းကြေးသည် ပြီးခဲ့တဲ့ လေးနှစ်ပတ်လုံး ရှုံးနိမ့်ခဲ့သလို၊ အခုဆိုရင်လည်း ပို၍ ဝေးကွာသွားပြီ ဖြစ်သည်။
သို့ဆိုက ပူတင်သည် ငြိမ်းချမ်းရေး ရဖို့ အဘယ်ကြောင့် သဘောမတူနိုင် ဖြစ်နေရသနည်း။ ပူတင်သည် ရရှိထားသည့် နယ်မြေ များကို အပိုင်သိမ်းပြီး စစ်အင်အားပြန်ဖြည့် နိုင်မည် ဆိုက ယူကရိန်းကို အချိန်မရွေး ပြန်တိုက်ခိုက်နိုင်မည်သာ ဖြစ်သည်။
တကယ်တမ်းတွင်မူ မည်သည့်ငြိမ်းချမ်းရေးအစီအမံကမျှ ရုရှားအတွက် ကျေနပ်နိုင်စရာ မရှိ ဖြစ် နေသည်။ ယခုဆွေးနွေးပွဲများသည် ဟန်ပြသဘော မျှသာဖြစ်ပြီး၊ ယင်းကို ရုရှားနှင့် အမေရိကန်တို့ ခွဲဝေယူကြမည့် ဒေါ်လာ ၁၂ ထရီလီယံတန်ဖိုးရှိ "ငြိမ်းချမ်းရေးအကျိုးအမြတ်" ဆိုသော မဖြစ်နိုင်သည့် ကတိကဝတ်များက သက်သေပြနေသည်။ ထို့အပြင် ပူတင်အနေဖြင့် စစ်ရေးအရ မသိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေများကိုလည်း အဆိုပါဆွေးနွေးပွဲများမှတစ်ဆင့် ရရှိနိုင်ခြေ မရှိသလောက်ဖြစ်ပြီး၊ ထို နယ်မြေများအား ပူတင် သည် "အောင်ပွဲ" အဖြစ် ကြေညာနိုင်ရန် အပိုင်လိုချင်နေသည်။
ယူကရိန်းဖက်ကလည်း ၎င်းတို့ အကောင်းဆုံး ခုခံကာကွယ် ထားနိုင်သည့် နယ်မြေများကို လက်လွှတ်လိုက်ရမည်ဆိုက စစ်ဗျူဟာအရ အကြီးအကျယ် ကျရှုံးမှု ဖြစ်သွားပေလိမ့်မည်။ ထရန့် တွင် အသာစီးရနိုင်သည့် အရှိန်အဝါ ရှိနေသေးသည် ဆိုသော်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို သဘောတူညီချက် ဆိုးဆိုးဝါးဝါး တခု လက်ခံလာအောင် တွန်းပို့နိုင်စွမ်း သည် ယခုအခါ ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။
အမေရိကန်သည် ယူကရိန်းထံ ပြန်လည်လွှဲပြောင်းပေးမည့် ဥရောပနိုင်ငံများဆီ အရေးပါသည့် လက်နက်များကို ရောင်းချနေဆဲဖြစ်သည်။ သို့သော် ယူကရိန်းသည် ယခင်ကထက်စာလျင် အမေရိကန်၏ ထောက်လှမ်းရေးသတင်းများ အပေါ် မှီခိုနေရမှု လျော့နည်းသွားသလို၊ အမေရိကန်ကလည်း ဒီစစ်ပွဲအတွက် ငွေကြေးထောက်ပံ့မှုကို ၉၉% အထိ လျှော့ချထားပြီး ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည့် ငြိမ်းချမ်းရေး သဘောတူညီချက်တိုင်းတွင် ယူကရိန်းအတွက် အမေရိကန်၏ လုံခြုံရေးအာမခံချက်များကို စာချုပ်စာတမ်းနှင့် တကွ ထည့်သွင်းရမှာဖြစ်ပြီး ယင်းကို အထက် လွှတ်တော်က အတည်ပြုပေးရမည် ဖြစ်သည်။ သို့မှသာ တစ်ဖက်သတ်ဆန်သည့် ပြေလည်မှုမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးရာ ရောက်ပေမည်။
ပူတင်အ နေနှင့် သဘောတူညီချက် တခုခုအပေါ် သတိကြီးကြီးထားရမည့် နောက်ထပ်အကြောင်းရင်းတစ်ခု သည်က ငြိမ်းချမ်းရေးကိုယ်တိုင်က ရုရှားနိုင်ငံအတွင်း အကျပ်အတည်း တခုကို ဖြစ်လာနိုင်ခြင်း ဖြစ်သည်။
ယခင်က ဖေါ်ပြခဲ့သည့် အတိုင်း ရုရှားသည် ၎င်း၏ အရင်းအမြစ် အမြောက်အမြားကို ကာကွယ်ရေးကဏ္ဍသို့ ပြောင်းလဲအသုံးပြုခဲ့ပြီး၊ ယခုအခါ ၎င်းသည် ဂျီဒီပီ (GDP) ၏ ၈% အထိ ရှိနေသည့်အတွက် ကျန်ရှိသော စီးပွားရေးကဏ္ဍများမှာ နာလန်မထနိုင်အောင် ဖြစ်နေရသည်။
အစိုးရ၏ ဥပဒေမဲ့ လုပ်ရပ်များနှင့် စစ်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သည့် အလားအလာများက ရင်းနှီးမြှုပ်နှံလိုသူ များကို ဟန့်တားထားသလို ဖြစ် နေသည်။ စစ်ပွဲအတွက် အသုံးပြုနေသော အရင်းအမြစ်များကို ငြိမ်းချမ်းရေးကာလအတွက် ပြန်လည်အသုံးချရန် ကြိုးပမ်းရသည့် စိန်ခေါ်မှု (ရှေ့တန်းမှ ပြန်လာသည့် စစ်သားများအတွက် အလုပ်အကိုင် ရှာဖွေပေးခြင်း အပါအဝင်) သည် ကြီးမားသော စီးပွားရေးကျဆင်းမှု ကို ဦးတည်သွားစေနိုင်သည်။
နိုင်ငံရေးအရ ကြည့်မည် ဆိုက အခြေအနေသည် ရုပ်ဆိုးအကျည်းတန်နေ ပေလိမ့်မည်။ မကျေမနပ်ဖြစ်လာနေသည့် စစ်မှုထမ်းဟောင်းများသည် အစိုးရများကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိကြသည်။ ၁၉၁၇ ခုနှစ် တော်လှန်ရေးမတိုင်ခင်နှင့် ၁၉၈၀ ပြည့်လွန်နှစ်များက အာဖဂန်နစ္စတန်စစ်ပွဲ အပြီး ရုရှားသမိုင်းတွင် ဖြစ်ပျက်ခဲ့သည်များက သက်သေ ခံနေသည်။
လူထုစစ်တမ်းများအရ ရုရှားပြည်သူများသည် အစပိုင်းတွင်တော့ တိုက်ပွဲများ ရပ်စဲသွားသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမည် ဖြစ်သည်။ နောက်ပိုင်းတွင်တော့ မေးခွန်းတွေ မလွဲမသွေ ပေါ်ထွက်လာ ပေလိမ့်မည်။ အစီအစဉ်မကျဘဲ မှားယွင်းခဲ့သည့် စစ်ဆင်ရေးများ၊ အသက်ပေါင်းများစွာနှင့် ဓနဥစ္စာများ ဖြုန်းတီးပစ်ခဲ့မှုများ၊ ထို့အပြင် ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီများ အတွက် တရုတ်နိုင်ငံအပေါ် အရှက်တကွဲ မှီခိုခဲ့ရမှု များ နှင့် ပတ်သက်ပြီး မေးခွန်းထုတ် လာကြ ပေလိမ့်မည်။ ထိုအကြောင်းများက ပူတင်အား စစ်ပွဲကို ပြန်စနိုင်မည့် စွမ်းဆောင်ရည်များကို ကန့်သတ်သွားစေနိုင်သလို၊ ၎င်း၏ အာဏာကိုပါ ခြိမ်းခြောက်လာနိုင်သည်။
ပူတင်သည် စစ်ပွဲကို မစွန့်လွတ် နိုင် ဖြစ်နေပြီးစစ်ဆက်တိုက်ဖို့ ကုန်ကျစရိတ်ကလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။ အကယ်၍ စစ်အင်အား တိုးမြှင့်ဖို့ ကြိုးပမ်းခြင်းဖြင့် ရုရှားကို ပို၍ အင်အားချည့်နဲ့သွားသလို ဖြစ်လာမည်ဆိုက အကျပ်အတည်းတခုဆီ ဦးတည်သွားနိုင်သည်။ ထို့အတွက် ယူကရိန်းနှင့် ရုရှားသည် ပဋိပက္ခ စက်ကွင်းထဲမှာပင် ဆက်၍ ပိတ်မိနေကြဦးမည်သာ ဖြစ်သည်။
အာဏာရှင်တဦး ကို တခုခုလုပ်လာအောင် ဖိအားပေးဖို့ဆိုသည်က ခက်ခဲသည့် ကိစ္စပင် ဖြစ်သည်။ အဆုံးစွန်ပြောရမည်ဆိုက ပူတင်အနေနှင့် စစ်ကို ဆက်တိုက်ဖို့ အသင့်ရှိနေခြင်းသည် သူကိုယ်တိုင် မည်မျှအထိ နာကျင်ခံစားမှု များကို ပေးဆပ်ဖို့ ဝန်မလေးဘူး ဆိုသည့် အပေါ်မှာ မူတည် နေသည်။ သို့သော် ပေးဆပ်ရသည့် နာကျင်မှုများ ပိုများလာလေလေ၊ ပူတင်သည် မိမိတို့ကို ပျက်စီးရာပျက်စီးကြောင်းဆီ ဦးတည်ခေါ်ဆောင်သွား နေပြီ ဆိုသည်က ရုရှားပြည်သူ များအတွက် ပိုမိုထင်ရှားလာလေလေ ဖြစ်ပေလိမ့်မည်။
(၂၀၂၆ ဖေဖေါ်ဝါရီ ၁၉ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ အယ်ဒီတာ အာဘော် ဖြစ်သည့် Vladimir Putin is caught in a vice of his own making ကို ပြန်လည် တင်ပြသည်။)