ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(10)

by Hla Soewai - Sep 03 2020

ကျွနုပ်၏ ဘွဲ့လွန်သင်တန်းကို ပါမောက္ခ ဘောရစ်ဆီဗစ်ချ် နှင့် သူ၏ လက်ထောက် ဖြစ်သူ ပါမောက္ခ ကလင်ကို တို့၏ ကွပ်ကဲမှု အောက်တွင် အပြင်းအထန် ကြိုးစားခဲ့ရသည်။ ကလင်ကိုသည် ပြည်တွင်း စစ်ကြီး အတွက် လက်တဖက် ဆုံးရှုံးသွားခဲ့သည်။ သင်တန်း၏ ပထမ ခြောက်လအား နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ် နှင့် အင်္ဂလိပ်စာ တို့ ကို အဓိကထား သင်ယူခဲ့ရသည်။ သင်တန်းဆရာ များ အားလုံးသည်လည်း ထိတ်ထိတ်ကြဲများ ဖြစ်နေပြန်သည်။

 

ကျွနုပ် တက်ရသော ကျောင်းသည် ဘဲလိုရုရှား သိပ္ပံ အကယ်ဒမီ ကြီး ဖြစ်လေသည်။ သင်တန်း စပြီး မကြာမီမှာပင် ကျွနုပ်တို့ အား ကျောင်း၏ နှစ်ပတ်လည် အခမ်းအနား တခုသို့ တက်ရောက်ရန် ဖိတ်ကြားလာခဲ့သည်။ ထို အခမ်းအနားတွင် နိုင်ငံ၏ ထင်ရှားသော သိပ္ပံပညာရှင်ကြီးများ နှင့် ထူးချွန်သော ပညာရှင်များ လည်း တက်ရောက်ခဲ့ကြသည်။ ကျွနုပ်တို့ ဘွဲ့လွန်ကျောင်းသား များအား အဆိုပါ ပုဂ္ဂိုလ်ကြီး များ နှင့် တစားပွဲတည်း အတူ ထိုင်ခိုင်းခဲ့သည်ကိုလည်း တအံ့တဩ သတိထားမိခဲ့သည်။

 

ဤသည်က အကြောင်းမဲ့ စီစဉ်ခဲ့ခြင်းမျိုး မဟုတ်ပဲ ဆိုဗီယက် နိုင်ငံတော်သည် သိပ္ပံပညာကို လွန်စွာ မှ တန်ဖိုးထားသည့်အပြင် အဆိုပါ နယ်ပယ်တွင် လုပ်ကိုင်လာမည့် လူများကိုလည်း တလေးတစား ဆက်ဆံသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခမ်းအနား အတွင်းမှာပင် ပြောဆိုဆက်ဆံခဲ့သည်များ မှ ကျွနုပ် သဘောပေါက်လာခဲ့ရသည်မှာ အစိုးရသည် တတ်သိပညာရှင်များကို လိုလေသေးမရှိ စောင့်ရှောက်ထားသည်ဆိုသည့် အကြောင်းများကို သိရှိလာခဲ့ရခြင်း ဖြစ်သည်။ ထို့အတွက် ကျွနုပ်သည်လည်း ရွေးချယ်ခွင့်သာ ရခဲ့မည်ဆိုလျှင် တတ်သိပညာရှင်တဦး အဖြစ် လုပ်ကိုင်သွားမည်ဟု ဆုံးဖြတ် လိုက်ပေတော့သည်။

 

၁၉၃၄ ခုနှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက် တခုကား ကျွနုပ်၏ ဘဝတခုလုံး ကို ပြောင်းလဲသွားစေခဲ့တော့သည်။ တရက်တွင် ဆိုင်းမဆင့် ဗုံမဆင့် ဖြင့် ကျွနုပ်တို့ အဖွဲ့အား လက်ရှိတက်နေသော ကျောင်းနှင့် အလားတူ မော်စကိုရှိ အင်စတီကျု တခုအား ရွှေ့ပြောင်းပေးတော့မည်ဟု ပြောလာခဲ့သည်။ ထိုသို့ ရွှေ့ပြောင်းခံရမည့် အရေး ကို မိမိတို့ အချင်းချင်း အကျေအလည် စဉ်းစား ဆွေးနွေးပြီးနောက် ကန့်ကွက် ပြောဆိုခြင်း မပြုရန် ဆုံးဖြတ်လိုက်ကြသည်။ ရုရှား ဆိုရိုးစကား ဖြစ်သည့် "ကိုယ်က မှို ဖြစ်လာပြီဆိုရင်တော့ ခူးပြီး ခြင်းထဲ ထည့်သွားမှာပဲ” ဆိုသည့် အတိုင်း ကျွနုပ်တို့ မိသားစုလေးသည် ပိုင်ဆိုင်သမျှ ပစ္စည်းများ ထုတ်ပိုးကာ ၁၉၃၄ ခု မတ်လထဲတွင် မော်စကိုသို့ ရွှေ့ပြောင်းလာခဲ့ကြသည်။ ပိုင်ဆိုင်သမျှ ဆိုသည်ကလည်း ခရီးဆောင် လက်ဆွဲသေတ္တာ သုံးလုံးစာမျှသာ ရှိပေသည်။

 

လမ်းခရီး တလျှောက် အတွေးနယ်ချဲ့လာမိရာ ကျွနုပ်တို့ ကိုယ်တွင်းမှ အသံတသံ က ‘ကျွနူပ်သည် မကြာခင်မှာပင် ကရင်မလင် နန်းတော်ရင်ပြင်ထဲ လျှောက်သွားနေရတော့မည်” ဟု ပြောလာသလို ခံစားခဲ့ရသည်။ ကရင်မလင် ဆိုသည်ကလည်း ကျွနုပ်အဖို့ ပို့စကတ် များ တွင်သာ မြင်ခဲ့ဖူးသည် မဟုတ်ပါလား။

 

မော်စကို ရောက်သည့်အခါ တွင် မြို့တော်၏ အရှေ့မြောက် အစွန်းရှိ အယ်လက်အိုင်ဗီစကီး ခေါ်သည့် အရပ်တွင် ကျောင်းသား အဆောင်များ၌ အခန်းတခန်း ရခဲ့သည်။ ထိုနေရာကား ယခင် ဒုတိယ မြောက် ရိုမန်တော့ ဇာဘုရင် အယ်လက်စီ မီခေးလ်လိုဗစ်ချ် နန်းတော်ရှိရာ လည်း ဖြစ်သည်။ ယခုအခါတွင်တော့ နာမည်သာ ကျန်ခဲ့ပေတော့သည်။

 

အယ်လက်အိုင်ဗီစကီး သည် ကျောင်းသားများသာ စုဝေးနေထိုင်ရာ မြို့တမြို့ဟု ပြော၍ ရပေသည်။ မည်သည့်နေရာ ကြည့်ကြည့် လူငယ်လူရွယ် အမျိုးသား အမျိုးသမီးများကိုသာ တွေ့နေရသည်။ ကျွနုပ်တို့ မိသားစုလည်း ထို့မြို့လေးတွင်ပင် အေးအေးလူလူ နေထိုင်နိုင်ခဲ့သည်။ ထို့နောက် ချက်ကလော့ လမ်း တွင် သိပ္ပံ အကယ် ဒမီ ကျောင်းကြီး အတွက် တိုက်သစ်များဆောက်ပေးခဲ့သဖြင့် ကျွနုပ်တို့ မိသားစုလည်း တိုက်ခန်း တခန်း ရခဲ့ပြီး မီခေးလ် ပီထရိုဗစ်ချ် ဆိုသည့် လူငယ် ရောဂါဗေဒ ပိုးမွှား ပညာရှင် တဦး နှင့် အတူ တွဲကာ နေခဲ့ရသည်။ သူသည် နောက်ပိုင်းတွင် ပိုလီယို ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာတွင် ဩဇာတိက္ကမ ကြီးမားသော ပညာရှင် တဦး ဖြစ်လာခဲ့သည်။

 

ကျွနုပ်တို့ ကျောင်း ဖြစ်သည့် မော်စကို အင်စတီကျုမှ အုပ်ချုပ်ရေးမှူး သည် ထင်ရှားသော ဘောဂဗေဒ ပညာရှင် အမ် အေ လူရီ ဆိုသူ ဖြစ်သည်။ မော်စကိုတွင် ကျွနုပ် သင်ယူခဲ့သည်များက မင့်စ် အင်စတီကျု နှင့် ခြားနားမှု သိပ်မရှိလှဟု ဆိုရမည် ဖြစ်သည်။ ပါတီတာဝန်များကလည်း အလားတူပင်၊ စုပေါင်းလယ်ယာများ ခိုင်မာစွာ ဖွဲ့စည်း ဖြစ်ပေါ်လာရေး ၊ ကျေးရွာ နှင့် မြို့နယ်များ ရှိ အလုပ်သမားများကို ပါတီ မူဝါဒများ နှင့် နိုင်ငံတကာ အခြေအနေများကို နားလည် သဘောပေါက်အောင် ရှင်းလင်း ပြသ နိုင်ရေး ပင် ဖြစ်သည်။ ထို့အပြင် ပါတီ၏ စာတတ်မြောက်ရေး လှုပ်ရှားမှု တိုးတက်သည့် ရှိမရှိကို မျက်ခြေမပြတ် စောင့်ကြည့်ရေးလည်း ပါဝင်ခဲ့ပြန်သည်။ “လီနင်၏ ရုရှား အရင်းရှင် စနစ် ပေါ်ပေါက်လာပုံ အဆင့်ဆင့်” သီအိုရီကိုလည်း ပါဝင် ဆွေးနွေးပေးခဲ့ရသည်။

 

အဆိုပါ နယ်လှည့် ခရီးစဉ်များ အတွင်း တည၌ ကျွနုပ်အတွက် ပေးထားသည့် အခန်းကို ပြင်မှ ဖြစ်တော့မည်ဟု တင်ပြသည့်အခါ ဒေသ ဆိုဗီယက် ဥက္ကဌ မှ ကျွနုပ်အား “ကလေးတွေနဲ့ ဆူညံနေတဲ့ တဲတတဲ မှာ သွားနေ၍ ရကြောင်း သို့မဟုတ် ပါကလည်း အခြားအရာရှိများ လို စပါးကျီထဲရှိ ကောက်ရိုးပုံပေါ်တွင် အိပ်၍ ရကြောင်း” ပြောလာသည်။ ကျွနုပ်လည်း ငယ်စဉ်က ကောက်ရိုးပုံပေါ် အိပ်ရသည့် ဇိမ်ကျသော အရသာ ကို အမှတ်ရမိ သဖြင့် စပါးကျီထဲတွင် အိပ်ဖို့ကို ရွေးချယ်လိုက်ရပေသည်။

 

ဥက္ကဌ က ကျွန်တော် အိပ်၍ ရမည့် ကောက်ရိုးပုံရှိရာ ခေါ်သွားရင်းက “သတိဝီရိယ နှင့် နေရန်၊ မကြာမီလေးတင်မှ ဆိုဗီယက် အစိုးရ ရန်သူများက ကျွန်တော်လို လူမျိုး တယောက် ကို ဝင်သတ်သွားကြောင်း” သတိပေးသွားခဲ့သည်။

 

ထိုညက ထူးထူးခြားခြား ဘာမှ မဖြစ်ပဲ ကျွန်တော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

 

မော်စကို အင်စတီကျုတွင် ပညာသင်ကြားနေစဉ်ကာလအတွင်း ကံကောင်းထောက်မစွာဖြင့် ဘော်ရှီဗစ် စစ်ပြန်ကြီးများ၏ နိုင်ငံလုံး ဆိုင်ရာ သမဂ္ဂမှ ထင်ရှားခဲ့သော တော်လှန်ရေး သမားကြီးများ နှင့်  အစည်းအဝေးများတွင် အတူ တက်ရောက်ခွင့် ရခဲ့သည်။ ထိုသမဂ္ဂ အား လီနင် သက်ရှိထင်ရှား ရှိစဉ်ကပင် တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။ ၁၉၃၀ ခုနှစ်အစောပိုင်း တွင် အသင်းတိုက်ကြီး တခု အဖြစ် တရားဝင် နေရာ ပေးခဲ့သဖြင့် စစ်ပြန်ကြီး များ လာရောက် စုဝေးပြီး စားမြုံ့ပြန်စရာနှင့် လက်ရှိ အခြေအနေများကို ဆွေးနွေးကြရာ ကလပ်ကြီး တခုလို ဖြစ်လာခဲ့သည်။

 

ထိုအသင်းကြီးသို့ ပါတီဝင် အဖြစ် ဆယ့်ရှစ်နှစ် သက်တမ်းရှိသူများသာ အသင်းသား အဖြစ် ဝင်ရောက်ခွင့် ရှိသည်။ ၁၉၃၄ ဇန်နဝါရီလတွင် အသင်းသား ၂,၀၀၀ ခန့်အထိ ရှိလာခဲ့သည်။ ၁၉၃၁ တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် အသင်းကြီး၏ ရည်ရွယ်ချက်မှာ ဘော်ရှီဗစ် စစ်ပြန်ကြီးများ၏ အတွေ့အကြုံများ ဖြင့် လူငယ်များကို ပညာပေးနိုင်ရေး အတွက် ပါတီကို အထောက်အကူ ပြုရန် နှင့် သမိုင်း ဖြစ်ရပ်မှန်များကို စုစည်းနိုင်ရန် အတွက် ဖြစ်သည်။

 

အဖွဲ့ဝင်များ အချင်းချင်း အချိန်မရွေး တွေ့နိုင်သော်လည်း ကျွနုပ်တို့ကဲ့သို့ လူငယ် ကွန်မြူနစ်များ သည် တခါတရံသာ ပြုလုပ်လေ့ရှိသည့် ဆွေးနွေးပွဲ တက်ခွင့် ရရေး အတွက် လက်မှတ်ရဖို့ အထူးတလည် လုံးပမ်းခဲ့ကြရသည်။

 

တရက်တွင် အစည်းအဝေးသို့ တက်ရောက် စကားပြောမည်သူသည် ဘီလာ ကန် ဆိုသူ ဖြစ်သည်။ သူသည် ဟန်ဂေရီ ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သူများထဲတွင် တဦးအပါအဝင် ဖြစ်သည်။ ကန် သည် ၁၉၁၉ တွင် တည်ထောင်နိုင်ခဲ့သော ဟန်ဂေရီ ဆိုဗီယက် သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး နှင့် စစ် ဝန်ကြီး ဖြစ်လာခဲ့ပြီး တနှစ်အကြာ ၁၉၂၀ တွင် ဟန်ဂေရီ တော်လှန်ရေးကြီး ချေမှုန်းခံခဲ့ရသည့်အခါ ဆိုဗီယက်သို့ ထွက်ပြေးခိုလှုံလာသူ လည်း ဖြစ်သည်။ သူသည် ယခုအခါ ကိုမင်တန် ဆိုသည့် ကွန်မြူနစ် နိုင်ငံတကာ အဖွဲ့ချုပ်တွင် အထင်ကရ ပါဝင် ဦးဆောင်လျှက် ရှိနေသည်။

 

သူသည် စကားကို အချက်ကျကျ ထိထိမိမိ ပြောဆိုနိုင်သူ ဖြစ်သည်။ ဟန်ဂေရီ ဆိုဗီယက် သမ္မတ နိုင်ငံအကြောင်း အသေးစိတ် ပြောြပသွားခဲ့ပြီး ဘူဇွာ နှင့် မြေပိုင်ရှင် လူတန်းစားများသည် အလုပ်သမားတို့၏ မဟာရန်သူတော်ကြီးများသာ ဖြစ်ကြောင်း ထောက်ပြသွားခဲ့သည်။ အလုပ်သမား များ အားလုံး ညီညွတ်လာကြသည့်အခါတွင် အဆိုပါ လူတန်းစားများ မလွဲမသွေ ကျဆုံးရမှုနှင့် အတူ အလုပ်သမားများသည်လည်း မိမိတို့ အကျိုးရှေးရှုဆောင်ရွက်မည့် အလုပ်သမား ပါတီကြီး ဖွဲ့စည်း ပေါ်ပေါက်လာမည်သာ ဖြစ်ကြောင်းများ ပြောသွားခဲ့သည်။ စတာလင်၏ အကြောင်းကို လိမ္မာပါးနပ်စွာ ဖြင့် ပြောသည်ဆိုရုံမျှသာ ထည့်သွင်း ပြောသွားခဲ့သည်။ ကန်သည် စစ်သွေးကြွ တော်လှန်ရေးသမား တဦး ဖြစ်ပြီး သူ့နိုင်ငံတွင်း အခြေအနေများကို ကောင်းစွာ သိနားလည် ထားသူ တဦးလည်း ဖြစ်သည်။ မှတ်စုမှတ်ရာ များ ကို ကိုးကားခြင်း မရှိပဲ အချက်အလက်များကို ပိုင်ပိုင်နိုင်နိုင် လက်တန်း ပြောဆိုသွားနိုင်ခဲ့သည်။

 

အဆိုပါ အစည်းအဝေး၌ပင် လတ်ဗီယား မှ တော်လှန်ရေးသမား တဦး ဖြစ်သူ ဗီ ဂျီ ကနိုရင် ဆိုသူ ပြောသည့် မိန့်ခွန်းကိုလည်း နားထောင်ခဲ့ရသည်။ ကနိုရင်သည် ၁၉၀၅ ခုနှစ် ရုရှား တော်လှန်ရေးတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ သူသည် နိုင်ငံတကာတွင် ကွန်မြူနစ် ပါတီများ ရင်ဆိုင်နေရသော အခြေအနေများကို အလေးပေး ပြောဆိုသွားခဲ့သည်။ လက်ရှိတွင် ဂျာမဏီတွင် ဖက်ဆစ်ဝါဒ ထွန်းကားလာနေခြင်းကြောင့် အခြေအနေများ ပိုမို ရှုပ်ထွေးလာရကြောင်း ပြောဆိုခဲ့သော်လည်း ရှေ့လျှောက် မည်သို့ မည်ပုံ ဖြစ်လာနိုင်သည်ကိုတော့ ခန့်မှန်းပြောဆိုခြင်းကို ရှောင်ရှားသွားခဲ့သည်။

 

ဤသည်ကပင် ဥရောပ နှင့် လက်ရှိ ကမ္ဘာကြီး၏ အနာဂတ် နှင့် ဆိုင်သော သီအိုရီများကို ပေါ့ပေါ့တန်တန် နှင့် အခြေအမြစ် မရှိသေးသည်များကို ထည့်သွင်း မဆွေးနွေးလိုသောကြောင့်သာလျှင် ဖြစ်မည်ဆိုသည်ကို ကျွနုပ်တို့ ရိပ်စားမိခဲ့ကြသည်။ ဤသည်ကား သူ၏ လိမ္မာပါးနပ်မှု ဟု ဆိုရမည်သာ ဖြစ်သည်။ ဟစ်တလာက နယ်မြေများ ချဲ့ထွင်ရေး အတွက် သူရူးတယောက်လို ပြောဆိုနေသည်များကို စာအုပ် စာစောင်များတွင် ပါရှိလာခဲ့ပြီး ဖြစ်သော်လည်း ထိုအချိန်က နာဇီ ဂျာမဏီ အစိုးရ၏ တရားဝင် မူဝါဒ အဖြစ် ရောက်မလာခဲ့သေးပေ။ ၎င်း၏ ဖက်ဆစ် ကျူးကျော်ရေး စီမံချက်များ အကြောင်းလည်း မည်သူမျှ သဲကွဲစွာ သိရှိနိုင်ခြင်းမျိုးလည်း မရှိသေးပေ။

 

ကလပ်တွင် ပြုလုပ်သော အစည်းအဝေးတိုင်းလိုလိုတွင် တက်ရောက်လာသူများက ထရော်စကီး ဂိုဏ်းသားများကို ချေမှုန်းနိုင်ရေးသည် ပါတီအတွက် မည်မျှ အထိ အရေးပါနေကြောင်း ပြောဆိုခဲ့ကြသည်။ ထိုသို့ ပြောဆိုခြင်းမျိုးအား သင့်တင့်လျှောက်ပတ်သည်ဟု ထိုအချိန်က လက်ခံထားခဲ့ကြသည်။ ၁၉၃၅ ခုနှစ် တွင်တော့ စတာလင်၏ မူဝါဒများကြောင့် ကလပ်ကြီးသည် ပိတ်ပြစ်ခံရသည့် ဘဝ ရောက်ခဲ့ရသည်။ ယင်းနှင့် အတူ တခါက ထိုကလပ်ကြီး တွင် ရဲရဲတောက် လာရောက် ဟောပြောခဲ့ကြသူ အချို့၏ အမည်သည်လည်း သတင်းစာမျက်နှာ များ ပေါ်တွင် ကွယ်ပျောက်သွားခဲ့ရပေတော့သည်။