အိုင်စီစီ မှ မင်းအောင်လှိုင် အား ချိတ်ပိတ် ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး ဖြစ်နိုင်ဟု ဆို

by Hla Soewai - Mar 02 2026

တီမော-လက်စတေ သည် အာဆီယံ အဖွဲ့ဝင်ဖြစ်ပြီး လအနည်းငယ်အတွင်းမှာတင် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ဦးဆောင်မှုကို အခိုင်အမာ ပြသ လာခဲ့ပြီ ဖြစ်သည်ဟု မြန်မာ အရေး အထူး အကြံပေး ကောင်စီ မှ ထုတ်ပြန်လာသည့် ကြေညာချက်ထဲတွင် ပါရှိလာသည်။ 

 

ယခုလ အစောပိုင်း တွင် တီမောသည် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စု ခေါင်းဆောင်များကို ၎င်းတို့ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှု များ အပေါ် တရားစွဲဆိုရန် စတင် စီမံလာခဲ့မှု အပေါ် ချီးကြူး ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။  

 

၂၀၂၄ မှ စ၍ မင်းအောင်လှိုင် နှင့် အဖွဲ့ ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် တာဝန်ခံမှု ရှိလာစေရန် နိုင်ငံတကာ မှ စတင် ကြိုးပမ်းလာခဲ့သည်။

 

၂၀၂၄ နိုဝင်ဘာ တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ်မှ ရိုဟင်ဂျာ များ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီးအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ် ပေးဖို့ လျှောက်ထားခဲ့သည်။

 

၂၀၂၅ ဖေဖေါ်ဝါရီ တွင် အာဂျင်တီးနားတရားရုံး မှ မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဘက်အရာရှိကြီး ၂၅ ဦးကို အလားတူ ပြစ်မှု များ အတွက် ဖမ်းဝရမ်းများ ထုတ်ပြန်ထားခဲ့သည်။

 

၂၀၂၆ ဇန်နဝါရီ တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး မှ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် Genocide Convention အရ တရားစွဲဆိုထားသည့် အမှုနဲ့ ပတ်သက်ပြီး သက်သေများ၏ ထွက်ဆိုချက်များ အပါအဝင် လူသိရှင်ကြား ကြားနာပွဲများကို ပြုလုပ်ခဲ့သည်။

 

တီမော သည် "ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်" ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားခွင်တင်ရန် နိုင်ငံတကာ ကြိုးပမ်းမှုများထဲတွင် နောက် ဆုံး အဖြစ် ပါဝင်လာခဲ့သည်။

 

စစ်အုပ်စုသည် သဘောထား သေးသိမ်စွာဖြင့် အာဆီယံ၏ နိုင်ငံ အချင်းချင်း ပြည်တွင်းရေး ဝင်မစွက်ရ မူကို ဖေါက်ဖျက်သည်ဆိုကာ တီမော၏ သံရုံး ယာယီ တာဝန်ခံ ကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့သည်။

 

တကယ်တမ်းတွင် မြန်မာ့အရေးသည် ပြည်တွင်းရေး သက်သက်မဟုတ်တော့ဘဲ အာဆီယံ တစ်ဖွဲ့လုံးကို ထိခိုက်လာနေသည့် ဒေသတွင်း ပြဿနာဖြစ်ကြောင်း တီမောက ထောက်ပြလိုက်ခြင်း ဖြစ်သည် ဟု အထူး အကြံပေး ကောင်စီက ဆိုသည်။

 

မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် သဘောတူညီခဲ့‌ သော အာဆီယံ၏ ဘုံ သဘောတူညီချက် ငါးရပ်ကိုလည်း ၄၈ နာရီ အတွင်းမှာပင် ဖေါက်ဖျက်ခဲ့ချိန်မှစ၍ အာဆီယံသည် စစ်အုပ်စု လုပ်သမျှ အတွက် မရပ်မနား အရှက်ခွဲ စော်ကားခံခဲ့ရသည်မှာ ယခုထိ ပင် ဖြစ်သည်။ ထို့အတွက်အာဆီယံ သည် တီမော ဘက်က ရပ်တည်ပေးပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူသွားရန်သာ ရှိတော့သည်ဟု ထောက်ပြသွားခဲ့သည်။

 

(ယခုအခါ ဖိလစ်ပိုင်သည် အာဆီယံ ဥက္ကဌ ဖြစ်လာသည့် အတွက် စစ်အုပ်စု အဖို့ ရတက် မအေးစရာ ဖြစ်လာရသည်။ ဖိလစ်ပိုင်သည် ၎င်းတို့၏ သမ္မတဟောင်း ဖြစ်သူ ဒူတာတေး ကိုပင် မင်း‌ အောင်လှိုင် ကဲ့သို့ပင်လူသားများ အပေါ် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှု များ အတွက် အိုင်စီစီ သို့ လွှဲပြောင်း ပေးလိုက်သည့် နိုင်ငံ ဖြစ်နေသော ကြောင့်ပင်။

 

မင်းအောင်လှိုင် အပေါ် သက်ညှာစွာ သဘောထား နေမည် ဆိုက ဒူတာတေး အား အိုင်စီစီ သို့ လွှဲပြောင်း ပေးခဲ့ခြင်းသည် မူဝါဒ ခံယူချက် ကြောင့် မဟုတ်တော့ဘဲ နိုင်ငံရေးအရ အညိုးထားမှု ကြောင့် ဖြစ်သည်ဟု စွပ်စွဲ ခံရဖို့ ရှိနေသည်။)

 

အထူးအကြံပေး ကောင်စီ မှ ဆက်လက် ထောက်ပြရာတွင် ယခုအခါ ဖိလစ်ပိုင် သည် မြန်မာ့အရေးတွင်လည်း ယခင်က အတိုင်း ၎င်းတို့၏ အခြေခံမူ များနှင့် အညီ အာဆီယံကို ဦးဆောင်ရမည် ဖြစ်သည်။ 

 

အိုင်စီစီ သည် ယခုထိ ဖမ်းဝရမ်း မထုတ်ရ‌ သေးဟု အများက ယူဆထား သော်လည်း တကယ်တမ်း တွင် လျို့ဝှက် ထုတ်ပြန်ထားပြီး ဖြစ်နိုင်သည်ဟု ယခုလို ဖေါ်ပြထားသည်။

 

When the ICC – as widely expected – issues an arrest warrant for Min Aung Hlaing (assuming it has not already done so on a “Secret” basis),

 

မြန်မာ အကြံပေး ကောင်စီ ၏ စကားသွား စကား အလာကို အနည်းငယ် အကျယ်ချဲ့ ပြောလိုပေသည်။

 

ICC သည် ပေါက်ကြားခွင့် မပြုသော sealed warrant ဟု ခေါ်သည့် ချိတ်ပတ် လျှို့ဝှက် ဝရမ်း ထုတ်ပြန်တတ်သည်။ ထိုသို့ ထုတ်ပြန်ရသည့်အဓိက အကြောင်းရင်းများက -တရားခံ ထွက်ပြေးတိမ်းရှောင်မှုကို တားဆီးရန် နှင့် သက်သေများ ဖျက်ဆီးပစ်တာမျိုး လုပ်လာနိုင်မှု၊ တရားခံက သက်သေများကို ရန်ပြုလာမည့် အရေး ဟန့်တားရန်၊ တရားခံက မိမိအပေါ် ဝရမ်းရှိမှန်းမသိဘဲ အခြားနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အချိန် (ဥပမာ- ဖိလစ်ပိုင် သို့မဟုတ် တီမောကို ရောက်လာသည့် အချိန်) တွင် အလစ်အငိုက် ဖမ်းဆီးနိုင်ရန် တို့ အတွက် ဖြစ်သည်။

 

ICC သည် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်တော့မှာ သေချာသလောက်ရှိ‌ နေပြီး၊ ယခုတောင် လျှို့ဝှက်ဖမ်းဝရမ်း (Secret Warrant) ထွက်ပြီးသား ဖြစ်နေနိုင်သည်ဟု ယုံကြည်ချက် အပြည့်နှင့် ထည့်သွင်း ဖေါ်ပြထားခြင်း ဖြစ်သည်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်လာသည့်အခါ၊ ဖိလစ်ပိုင်သည် ၎င်းကို ဖမ်းဆီးပြီး ဟိဂ် ကို လွှဲပြောင်းပေးနိုင်ရန် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည် ဆိုသည်ကို လူသိရှင်ကြား အတည်ပြုသင့်သည်ဟု ဆိုသည်။

 

တီမောလက်စတေကလည်း ၎င်းတို့နှင့် အတူ ပူးပေါင်းလာမည် ဖြစ်ပြီး၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ များကလည်း ဝိုင်းဝန်းထောက်ခံကြရမည် ဖြစ်သည်။ အလားတူပင် အင်ဒိုနီးရှား သည်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်ရှိ ဥက္ကဋ္ဌ ဖြစ်နေသည်က တကြောင်း၊ ၎င်းတို့ အသစ် ထုတ်ပြန်လာသော ရာဇသတ်ကြီး ပုဒ်မ တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် အပြင်းထန်ဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုများ အပေါ် "ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်" ကျင့်သုံးရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်က တကြောင်း ဖြစ်၍ ပါဝင် ထောက်ခံသင့်သည်။

 

စစ်အုပ်စု၏ မတရား လုပ်လာသည့်ရွေးကောက်ပွဲ ကို လက်မခံဘဲ ခိုင်ခိုင်မာမာ ငြင်းပယ်ခဲ့ပြီးနောက်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် မြန်မာ ပြည်သူများ အတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ဖို့ ယခုထက်ပိုမိုခိုင်မာစွာ ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်မည်ဆိုက မြန်မာပြည်သူများ၏ မျှော်မှန်းချက်၊ အကျိုးစီးပွားနှင့် ဒီမိုကရေစီ ဆန္ဒများကို အပြည့်အဝ ဖေါ်ဆောင်မည့် အနာဂတ်သစ်ဆီသို့ လမ်းဖွင့်ပေးရာ ရောက်လိမ့်မည်။ ထို့အပြင် အာဆီယံ၏ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သလို၊ ဒေသတွင်းက အာဏာရူးနေသော တခြားသော စစ်ဗိုလ်ချုပ် များ အတွက်လည်း ပြင်းထန်သည့် သတိပေးချက်တစ်ခု ဖြစ်လာပေလိမ့်မည်ဟု ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!