၂၀၂၁ ဖေဖေါ်ဝါရီလ ၂၆ ရက် သောကြာနေ့တွင် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ မည်သို့မျှ မျှော်လင့် မထား သော တုန်လှုပ် ခြောက်ခြားခဲ့ကြရပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားခဲ့ကြရသည်။
ယင်းသည်ကား ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ မိမိသည် တရားဝင် ရွေးချယ် တင်မြှောက် ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်ကြောင်း အစချီကာ စစ်အာဏာသိမ်းမှုသည် ပြည်သူများ၏ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သဖြင့် နိုင်ငံတကာ အသိုက်အဝန်းမှနေ၍ “အပြင်းထန်ဆုံး အရေးယူ ပေးပါရန်” ပန်ကြားလိုက်ခြင်းပင် ဖြစ်သည်။
“ကျွန်တော်တို့ အနေနဲ့ ပြည်သူ့အစိုးရ၊ ပြည်သူများက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ၊ ပြည်သူများ အတွက် အစိုးရ တရပ် ပြန်လည်ရရှိရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်မိုးထွန်းက ပြောသွားခဲ့သည်။ ထို့အပြင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို မည်သည့်နိုင်ငံကမျှ အသိအမှတ် မပြုကြရန်၊ အပြစ်မဲ့ ပြည်သူများ အား ဖမ်းဆီး ဖိနှိပ်နေမှုများကို ရပ်တန့်နိုင်ရန်၊ ဒီမိုကရေစီ နှင့် နိုင်ငံတော် အာဏာကို ပြည်သူများ လက်ဝယ် ပြန်လည်ရရှိရေး ကူညီရန် လည်း ပန်ကြားသွားခဲ့သည်
မိန့်ခွန်းအဆုံးတွင် မြန်မာ့နွေဦးတော်လှန်ရေး၏ သင်္ကေတဖြစ်သော လက် သုံးချောင်းထောင် အလေးပြုမှုကို ပြုလုပ်ခဲ့ရာ ကမ္ဘာ့မီဒီယာများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။
စစ်အုပ်စုက ၎င်းအား ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း ကုလသမဂ္ဂက လက်မခံခဲ့ဘဲ ဦးကျော်မိုးထွန်း ကိုသာ မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့သည်။
စစ်အုပ်စုက ၎င်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်းနှင့် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်လာသည်။
ထို့အတွက် စစ်အုပ်စုသည် ကြံရာမရသည့် အဆုံး အမေရိကန်မြေပေါ်တွင်ပင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်လာခဲ့ကြသည်။ ဦးကျော်မိုး ထွန်းသည် ရက်စက်ယုတ်မာ သော စစ်အုပ်စုမှ ၎င်း၏ အသက်အန္တရာယ်ကို တနေ့မဟုတ် တနေ့ ခြိမ်း ခြောက်လာ တော့မည့် အရေး၊မြန်မာနိုင်ငံတွင် ကျန်ရှိနေသော ၎င်း၏ မိသားစုဝင်များ ဖမ်းဆီးခံရမည့်အရေး သို့မဟုတ် ခြိမ်းခြောက်ခံရမည့် အရေး၊ သံရုံးလစာနှင့် နေအိမ်များကို စွန့်လွှတ်ရပြီး တိုင်းတစ်ပါးတွင် ကိုယ်ထူကိုယ်ထ ရပ်တည်ရမည့် အရေးများ ကောင်းစွာ သိရှိထားပြီး ဖြစ်သော်လည်း မြန်မာ ပြည်သူ တရပ်လုံး ဖက် မှ ကိုယ်စားပြု ရပ်တည် ပေးခဲ့သူ ဖြစ်သည်။
ထိုသို့ စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ရပ်တည်ပေးခဲ့သူ ဖြစ်၍လည်း ပြည်သူ တရပ်လုံး၏ လေးစားချစ်ခင်မှု ရရှိခဲ့ပြီး ပြည်သူ့ သံအမတ်ကြီး ဖြစ်လာခဲ့ရသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။ အလားတူ ပင် နိုင်ငံတကာ သံတမန်လောကတွင်လည်း ၎င်း၏ ကျွမ်းကျင်မှုနှင့် ရိုးသားမှုကို လေးစားကြသည်။
ဦး ကျော်မိုးထွန်း ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်သူ့နွေဦးတော်လှန်ရေး အတွက် ကမ္ဘာ့အဆင့်မြင့်ဆုံး စင်မြင့်ထက်တွင် တစ်ဦးတည်းသော တရားဝင် အသံ ဖြစ်လာ စေခဲ့သည်။ ပြည်သူများကလည်း ၎င်းတို့အပေါ် အနိုင့်အထက် ညှင်းပမ်းနေသည့် စစ်အုပ်စု၏ လုပ်ရပ်များကို ကမ္ဘာစင်မြင့်ထက်တွင် အမြဲလို ဖွင့်ချ ပြောဆို နေခဲ့သည့် ဦးကျော်မိုးထွန်း၏ ကျေးဇူးကို မည်သည့် အခါမျှ မေ့နိုင်ကြတော့မည် မဟုတ်ပေ။
စစ်အုပ်စုကိုလည်း နိုင်ငံတကာ မျက်နှာစာတွင် အထီးကျန်ဖြစ်စေပြီး "တရားဝင်အစိုးရ" အဖြစ် ရပ်တည်ရန် အလွန် ခက်ခဲသွား စေခဲ့သည်။
နိုင်ငံအတော်များများရှိ မြန်မာသံရုံးများသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း အိမ်ရှင်နိုင်ငံများက ထိုသံတမန်များကို အပြည့်အဝ အသိအမှတ်မပြုဘဲ NUG ဘက်တော်သားများနှင့်သာ တိတ်တဆိတ် ဆက်သွယ်မှုများ ပြုလုပ်လာခဲ့ကြသည်။
ဤသည်ကို မကြာမီက အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဂျာမဏီ နိုင်ငံ မြူးနစ် မြို့ တွင် ကျင်းပခဲ့သည့် မြူးနစ် လုံခြုံရေး ညီလာခံကြီးတွင် ကမ္ဘာထိတ်တန်း သံတမန် များ နှင့် တွေ့ဆုံ နှီးနှောခွင့် ရခဲ့ခြင်းကပင် ထိုအချက်ကို သက်သေခံနေပေသည်။
သို့ဆိုက အဘယ်ကြောင့် နိုင်ငံတကာက NUG ကို အပြည့်အဝ အသိအမှတ်မပြုသေးတာလဲ ဟု မေးစရာ ရှိလာသည်။ နိုင်ငံတကာဆက်ဆံရေးတွင် "De Facto" (လက်တွေ့ထိန်းချုပ်ထားမှု) နဲ့ "De Jure" (ဥပဒေအရ အသိအမှတ်ပြုမှု) ဟူ၍ နှစ်မျိုး နှစ်စား ရှိနေသည်။
နိုင်ငံအတော်များများက စစ်အုပ်စုကို အစိုးရလို့ မခေါ်ချင်ကြသော်လည်း မြေပြင်မှာ လက်နက်ကိုင်ထားတာကြောင့် လုံးဝအဆက်အသွယ်ဖြတ်ဖို့ ခက်ခဲနေသည်။
သို့ပေသိ ဦးကျော်မိုးထွန်းနှင့် NUG ၏ ကြိုးပမ်းမှုကြောင့် နိုင်ငံတကာသည် စစ်ကောင်စီကို "တရားမဝင်အုပ်စု" အဖြစ်သာ သတ်မှတ်ပြီး NUG ကိုတော့ "တရားဝင် ဆွေးနွေးဖက်" အဖြစ် ဆက်ဆံနေခြင်း ဖြစ်သည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် NUG ကိုယ်စားလှယ်ရုံးများ ရှိနေပြီး ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အနောက်နိုင်ငံကြီးများရှိ အဆင့်မြင့်အရာရှိများသည် NUG ဝန်ကြီးများနှင့် လူသိရှင်ကြားရော၊ သီးသန့်ပါ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြသည်။
စစ်အုပ်စု အဖို့က အာဆီယံ ထိပ်သီးအစည်းအဝေး များတွင်ပင် နိုင်ငံခြား ရေး ဝန်ကြီး အဆင့်ပင် တက်ခွင့်မရဘဲ ပိတ်ပင်ထားခြင်း ခံနေရသည်။
နိုင်ငံတကာတရားရုံး (ICJ) သည်လည်း ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး စစ်အုပ်စုကို လိုက်ပါဖြေရှင်းခွင့် ပေးထားသော်လည်း၊ ၎င်းတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း ICJ က ရှင်းလင်းထားပြီး ဖြစ်သည်။
ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများအပေါ် ကျူးလွန်မှုများကို အထောက်အထားများနှင့်တကွ ကမ္ဘာကို သိအောင် ပြောကြားခြင်း၊ ၎င်းတို့ ထံသို့ လက်နက်နှင့် လေယာဉ်ဆီများ စီးဆင်းမှု ရပ်တန့်စေရန် နိုင်ငံတကာကို တိုက်တွန်းခြင်း၊ မြန်မာပြည်သူများအတွက် လိုအပ်နေသော အကူအညီများကို ကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့် ရရှိနိုင်ရန် ညှိနှိုင်းခြင်း အစရှိသည် တို့ တစိုက်မတ်မတ် ကြိုးပမ်းလျက် ရှိနေသည်။
ဦးကျော်မိုးထွန်း ကဲ့သို့ပင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးဆိုင်ရာ မြန်မာဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးမှ ဒုတိယသံအမတ်ကြီးဖြစ် ဦးချစ်ဝင်း နှင့် သံရုံးဝန်ထမ်း အများအပြား၊ ဗြိတိန်သံအမတ်ကြီး ဦးကျော်စွာမင်း တို့လည်း ပြည်သူ့ဖက်မှ ရပ်တည်ပေးခဲ့ကြသည်။
CDM ပြုလုပ်ထားသော သံတမန်များသည် Myanmar Diplomats Network (MDN) ကို ဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေကြသည် ဟုလည်း သိရှိရသည်။
ယခုလို လက်နက်မကိုင်ဘဲ "သံတမန်ရေးရာ တပ်မတော်" တစ်ခုလို ပြည်သူ့ဘက်ကနေ ကမ္ဘာ့အလယ်မှာ ရှေ့တန်းက တိုက်ပွဲဝင်ပေးနေကြသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ CDM သံတမန်များအား ဤစာမျက်နှာမှ နေ၍ လေးစားစွာ ဦးညွှတ်လိုက်ပါသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!